ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို မရွှေ့ဆိုင်းဘဲ နိုဝင်ဘာ ၈ ရက်တွင်သာ ပြုလုပ်မည်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးချုပ်တွင် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ်

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို မရွှေ့ဆိုင်းဘဲ မူလ သတ်မှတ်ထားသည့်  နိုဝင်ဘာ ၈ ရက်တွင်သာ ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၅) ကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက  အဆိုပြုခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီ ခြောက်ပါတီထံမှ သဘောထား တောင်းယူခဲ့ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ဖြစ်ပွားနေသော ရေကြီး နစ်မြုပ်မှု၊ သဘာဝ ဘေးအန္တရာယ်များ၊ နယ်မြေအေးချမ်းမှုအပေါ် မူတည်၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အခြေအနေ၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်မှု အခြေအနေတို့ကြောင့်ဟု ဆိုကာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဆိုပြုခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုခြင်းအား ကန့်ကွက်ခဲ့ပါသည်။

သို့သော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့က ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုခြင်း အဆိုကို ထောက်ခံခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသား ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတို့က ကော်မရှင်၏ ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညပိုင်း သတင်းထုတ်ပြန်ချက်တွင် ကော်မတီအဖွဲ့ဝင်များ၏ တင်ပြချက်များအရ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို လေ့လာသုံးသပ်၍ ရက်ရွှေ့ဆိုင်းခြင်း မပြုတော့ဘဲ မူလ သတ်မှတ်ထားသည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ပင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အခြေခံမဲစာရင်း မှားယွင်းမှုများကြောင့် ပြည်သူများ၏ မဲပေးပိုင်ခွင့် ဆုံးရှုံးပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်သဖြင့် မဲစာရင်း မှန်ကန်အောင် ပြုစုနိုင်ရန် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် လမ်းပြကြယ်ပါတီတို့က တင်ပြခဲ့ဖူးသည်။ သို့သော် မဲစားရင်းအမှားများကြောင့် ရွေးကောက်ပွဲကို မရွှေ့သင့်ကြောင်းနှင့် မဲစာရင်းမှန်အောင် လုပ်ဟူ၍ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ငြင်းပယ်ခဲ့ပါသည်။ ထို့အတူ ချင်းတိုးတက်ရေး ပါတီကလည်း သဘာဝဘေးကြောင့် ရွေးကောက်ပွဲရွေ့ဆိုင်းသင့်ကြောင်း စက်တင်ဘာ ၁ ရက် တွေ့ဆုံပွဲတွင် တင်ပြခဲ့သည်။

အောက်တိုဘာ ၁၃ ရက် အစည်းအဝေးတွင်မူ"ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအချို့တွင် လုံခြုံရေး အခြေအနေအရ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ် စည်းရုံးရေး ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရပ်တန့်လျက် ရှိကြောင်း၊ ကိုကိုးကျွန်း မဲဆန္ဒနယ်တွင်လည်း ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခွင့် မရသေးဟု သိရကြောင်း၊ မဲဆွယ်စည်း ရုံးမှု အခြေအနေ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုနှင့် နယ်မြေ တည်ငြိမ် အေးချမ်းမှုပေါ် မူတည်၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်သည်ဟု ယူဆရသဖြင့် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ ကျင်းပမည့်ရက်အား ရွှေ့ဆိုင်း သင့်/မသင့် အကြံပြုစေလိုကြောင်း" ဦးတင်အေးက ပြောကြားခဲ့ပါသည်။

ဦးတင်အေး အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်းက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် နိုင်ငံရေး ပါတီအချို့၏ အဆိုပြုချက်များ ရှိစဉ်က ငြင်းပယ်ခဲ့ပြီး ရွှေ့ဆိုင်းမှု မလုပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ရွေးကောက်ပွဲ ပြုလုပ်ရန် ၂၆ ရက် အလိုတွင် သဘောထားပြောင်းကာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုခြင်း အဆိုကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပါ သည်။ ထို့နောက် ညပိုင်း သတင်းထုတ်ပြန်မှုတွင် မရွှေဆိုင်းတော့ဘဲ မူလသတ်မှတ်ရက်အတိုင်း နိုဝင်ဘာ ၈ ရက်တွင်သာ ပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဇူလိုင် ၂၁ ရက် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ်က မဲစာရင်းအမှားကြောင့် ရွေးကောက်ပွဲရွှေ့ရန် မလိုဘဲ မဲစာရင်းမှန်အောင် လုပ်ဟူ၍ ပြောခဲ့သော်လည်း နောက်ဆုံးအကြိမ် ထုတ်ပြန်သည့်  မဲစာရင်းကို မှန်ကန်ပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘဲ  မှားယွင်းမှုများ ဆက်ရှိနေကာ မဲစာရင်းအတွက် ရာခိုင်နှုန်း ၃၀ ကိုသာ အာမခံမည်ဟု ပြောသည် အထိ ဖြစ်ခဲ့ပါသည်။ ယနေ့ အချိန်ထိလည်း မှန်ကန်သော မဲစာရင်းဖြစ်ရန် ဦးတင်အေးက အာမခံခြင်း မရှိသေးဘဲ မဲဆန္ဒရှင် ပြည်သူများ လာရောက် ကြည့်ရှု၊ ဖြည့်စွက်၊ ပယ်ချက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်မှသာ မှန်ကန်သော မဲစာရင်းရမည်ဟု ပြောကြားလျက်ရှိပါသည်။ ထို့အတူ မဲဆန္ဒရှင်များ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ မဲစာရင်းမှန်ကန်မှုအပေါ်  အာမခံ ပြောကြားရန် မဖြစ်နိုင်ကြောင်းဟု ပြောဆိုပြီး မဲဆန္ဒရှင် ပြည်သူများအပေါ် တာဝန်လွှဲချထားပါသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။