အလှမယ် ထက်ထက်ထွန်းနှင့် တွေ့ဆုံခြင်း



ကမ္ဘာ့ထိပ်တန်း အလှမယ် ပြိုင်ပွဲဖြစ်သည့် Miss Universe အလှမယ် ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ်များ ပါဝင် ယှဉ်ပြိုင်လျက် ရှိရာတွင် ယခုနှစ်တွင် ၂၀၁၅ ခုနှစ် မြန်မာကိုယ်စားပြု အလှမယ်နှင့် ၂၀၁၆ ခုနှစ် မြန်မာကိုယ်စားပြု အလှမယ်တို့ကို တစ်ပြိုင်တည်း ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွက် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံထားရသည့် အလှမယ် ထက်ထက်ထွန်းနှင့် တွေ့ဆုံ၍ ပြိုင်ပွဲအတွေ့အကြုံများ၊ Miss Universe၂၀၁၆ ပြိုင်ပွဲမတိုင်မီ တစ်နှစ်ခန့် ရရှိထားသည့် ပြင်ဆင်ချိန် ကာလများတွင် လေ့ကျင့်ပြင်ဆင် သွားရန် စီစဉ်ထားမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- Miss Universe Myanmar ကိုဝင်ပြိုင်ဖြစ်တဲ့ အဓိက အကြောင်းရင်းလေး အရင်ပြောပြပါဦး။

ဖြေ- မနှစ်တုန်းက ထက်ထက်က Miss World Myanmar ပြိုင်ပွဲကို ၀င်ပြိုင် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Miss World လိုပဲ ကမ္ဘာမှာ ထင်ရှားတဲ့ နောက်ထပ် Miss ပြိုင်ပွဲတစ်ခုကို ထပ်ပြိုင်ဖို့ စိတ်ကူးရှိခဲ့ပါတယ်။ Miss Universe Myanmar အလှမယ် ပြိုင်ပွဲအတွက် လျှောက်လွှာ ခေါ်တဲ့အခါမှာတော့ ပြိုင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ပါဝင် ယှဉ်ပြိုင် ဖြစ်ခဲ့တာပါ။

မေး- ဆန်ခါတင် အလှမယ် ၂၀ စာရင်းထဲမှာ ရွေးချယ်ခံရတဲ့အခါ စခန်းသွင်း လေ့ကျင့်မှုမှာ ကြုံရတဲ့အတွေ့ အကြုံနဲ့ စိန်ခေါ်မှုတွေကရော ဘာဖြစ်မလဲ။

ဖြေ- အလှမယ် ပြိုင်ပွဲအတွေ့အကြုံကတော့ Miss World Myanmar ပြိုင်ပွဲမှာ ကတည်းက ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက် အခက်အခဲတော့ အများကြီး မရှိခဲ့ပါဘူး။ ဒီနှစ်မှာက ဆန်ခါတင် ၂၀ လုံးက တိုင်းနဲ့ပြည်နယ် အသီးသီးက ကိုယ်စားပြု အလှမယ်တွေ ဖြစ်တဲ့အတွက် အားလုံးက တော်ပြီးသား သူတွေချည်းပါပဲ။ ထက်ထက် အိပ်မက်ကလည်း Miss တစ်ယောက် ဖြစ်ချင်တဲ့အတွက် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ကြိုးစားခဲ့ရပါတယ်။ အဲဒါတွေကတော့ စိန်ခေါ်မှုတွေလို့ ပြောရမှာပါ။



မေး- နောက်ဆုံး အဆင့်ပြိုင်ပွဲမှာ ၂၀၁၆ ကိုယ်စားပြု  အလှမယ်အဖြစ် ဆန်ခါတင် နှစ်ယောက်ကို ရွေးလိုက် တဲ့အခါ ရလဒ်ကို ဘယ်လို မျှော်လင့်ခဲ့လဲ။

ဖြေ- အမှန်အတိုင်း ပြောရရင်တော့ ဒီပြိုင်ပွဲကို စပြိုင်ကတည်းက မြန်မာကိုယ်စားပြု အလှမယ် ဖြစ်ချင်တာပါ။ ဒါကြောင့် အမြင့်ဆုံးဆုကိုတော့ မှန်းတာပေါ့နော်။ ဒါပေမဲ့ တကယ်တမ်း ၂၀၁၆ အတွက် ဆန်ခါတင် အလှမယ် နှစ်ယောက် ရွေးလိုက်တဲ့အခါ ဟန်လေးနဲ့ ထက်ထက် ဖြစ်နေတဲ့အတွက် အရမ်းကြီး မမျှော်လင့်ရဲတော့ဘူး။ ဟန်လေးက ပရိသတ်အား အရမ်းကောင်းတယ်လေ။ ဒီတော့ သူ့ကိုပဲ ရစေချင်တဲ့စိတ်က ပိုများပါတယ်။ ထက်ထက် နာမည်ကို ကြေညာလိုက်တော့ အရမ်းကိုရှော့ခ် ဖြစ်သွားပြီး ပျော်လည်း ပျော်ပါတယ်။

မေး- ၂၀၁၆ အတွက် ကိုယ်စားပြု အလှမယ် တစ်ယောက် အနေနဲ့ Miss Universe ပြိုင်ပွဲ ၀င်မပြိုင်ခင်မှာ တစ်နှစ် ပြင်ဆင်ချိန် ရှိတယ်ဆိုတော့ ဘာတွေ အဓိက လေ့ကျင့်ဖြစ်မလဲ။

ဖြေ- အဓိက,ကတော့ Miss တစ်ယောက်မှာ ရှိသင့်တဲ့ Body၊ Beauty၊ Brain ဆိုတဲ့ အတိုင်းပဲ ထက်ထက်မှာ ပြင်ဆင်ရမှာတွေ အများကြီး ရှိပါသေးတယ်။ ခန္ဓာကိုယ် လှပမှု အတွက်လည်း အများကြီး လေ့ကျင့်ရမှာ ဖြစ်သလို အလှအပ အတွက်လည်း ပြင်ဆင် လေ့ကျင့်ရမှာတွေ ရှိပါသေးတယ်။ အဲဒီလိုပါပဲ အသိဥာဏ်ပညာနဲ့ ဗဟုသုတအတွက်လည်း လေ့ကျင့် ပြင်ဆင်ရပါမယ်။ ၂၀၁၆ အတွက် တစ်နှစ်ကြိုပြီး ရွေးချယ်ထားတာ ဆိုတော့ ထက်ထက်အတွက် ပိုပြီး တာဝန်ကြီးပါတယ်။ ဒါပေမဲ့ ယုံကြည်လို့ ဒီဆုကို ပေးအပ်တယ်လို့ ခံယူတဲ့အတွက် ထက်ထက်ဘက်က အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါမယ်။ တစ်နှစ်ဆိုတဲ့ အချိန်ကာလက ခဏလေးပါပဲ။  အလဟဿ မဖြစ်စေဘဲ အကောင်းဆုံး အသုံးချသွားမှာပါ။



မေး- အလှမယ် ပြိုင်ပွဲတစ်ခုမှာ အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ ဥာဏ်စမ်း မေးခွန်း ဖြေဆိုမှုအတွက်ရော ဘယ်လို ပြင်ဆင်သွားမလဲ။

ဖြေ- မေးခွန်း ဖြေဆိုဖို့အတွက်က အခြေခံ အကျဆုံးဖြစ်တဲ့ ဘာသာစကား ကျွမ်းကျင်မှုက အရင်လိုအပ်ပါတယ်။ ဒါကြောင့် ဘာသာစကား ကျွမ်းကျင်မှု ရှိအောင် အရင်ဆုံး လေ့ကျင့်ပါမယ်။  ဗဟုသုတနဲ့ ပတ်သက်လို့ကတော့ အနည်းဆုံး ကိုယ့်နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်လို့ သိနားလည်အောင် လေ့လာထားပါမယ်။ အခုတစ်ခေါက် အလှမယ်ပြိုင်ပွဲမှာ တိုင်းနဲ့ပြည်နယ် အသီးသီးက အလှမယ်တွေ ပါဝင်ခဲ့ကြတဲ့အတွက် မတူကွဲပြားတဲ့ ဒေသအသီးသီးက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ လေ့လာခွင့်ရခဲ့ တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါပဲ။ မေးခွန်း တစ်ခုကို ဖြေဆိုရာမှာ လိုရင်းကို ထိထိမိမိနဲ့ ဖြေဆိုတတ်ဖို့ကလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်သွားမှာပါ။

မေး- အလှမယ် တစ်ယောက် ဖြစ်ပြီးတဲ့အခါ တိရစ္ဆာန်လေးတွေအတွက် ပရဟိတ လုပ်ငန်းတွေကို အဓိက လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဲဒီရည်ရွယ်ချက်လေး ပြောပြပေးပါဦး။

ဖြေ- ဟုတ်ပါတယ်။ ထက်ထက် အရင်ကတည်းကလည်း တိရစ္ဆာန်လေးတွေအတွက် အစာကျွေးတာ၊ လှူဒါန်းတာတွေ ပုံမှန်လုပ် ပေးခဲ့ပါတယ်။ တစ်မြို့လုံးကို ကိုယ်တိုင်လိုက်ပြီး ခွေးတွေကို ထမင်းကျွေးနေတဲ့သူ ရှိပါတယ်။ သူ့ကိုလည်း ထက်ထက် လစဉ် ဆန်အိတ် လှူဒါန်းဖြစ်တယ်။ တိရစ္ဆာန်လေးတွေ ကယ်ဆယ်ပြီး စောင့်ရှောက်ထားတဲ့ အဖွဲ့တွေကိုလည်း လှူဒါန်းဖြစ်ပါတယ်။  ထပ်လုပ်သွားဖို့ အစီအစဉ်လည်း ရှိပါတယ်။            

Writer:
လင်းလင်းခိုင်

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။