ရှမ်းမြောက် ဝမ်ဟိုင်းဌာနချုပ် လုံခြုံရေးတပ်စခန်း တခုကို တပ်မတော် ဝင်တိုက်

SSPP/SSA, NCA , ရှမ်းပြည်နယ်, ဝမ်ဟိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ရှေ့တန်းစစ်မြေပြင်တွင်တွေ့ရသည့် SSPP/SSA တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ-ကျော်ခ/ဧရာဝတီ)

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) ၏ ဝမ်ဟိုင်း ဌာနချုပ် အတွက် အရေးပါသည့် လုံခြုံရေး တပ်စခန်းတခုကို အစိုးရ တပ်မတော် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ယနေ့ ဝင်ရောက် တိုက်ခိုက်ကြောင်း သတင်းရရှိသည်။

ဝမ်ဟိုင်းဌာနချုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှုးမြို့နယ်အတွင်း တည်ရှိပြီး တပ်မတော် စစ်ကြောင်းများက ယနေ့နံနက် ၈ နာရီကျော်မှ စတင်၍ မွန်းတည့် ၁၂ နာရီအထိ တိုက်ခိုက်ခဲ့ကြောင်း SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းလ က ဧရာဝတီသို့ ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းလ က “ထိခိုက်ဒဏ်ရာရ စာရင်းတွေကတော့ စိစစ်နေတုန်းပဲ။ အခုအတိုက်ခံရတဲ့ စခန်းက ကျနော်တို့ ဝမ်ဟိုင်း လုံခြုံရေးအတွက် အဓိကကျတဲ့ စခန်းဖြစ်တယ်။ ဝမ်ဟိုင်းကို လာတဲ့ အဓိကလမ်းကို ပိတ်ထားတဲ့ လုံခြုံရေးတပ်ပါ”ဟု ပြောပြသည်။

နှစ်ဘက်ကျဆုံးဒဏ်ရာရ စာရင်းများနှင့်ပတ်သက်၍ ရှေ့တန်းမြေပြင်သတင်းများ တက်လာမှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း၊ လတ် တလော အခြေအနေအရ နှစ်ဘက် တပ်များအကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး စောင့်ကြည့်နေကြသည့် အနေအထားတွင်ပင် ရှိကြောင်း၊ အစိုးရတပ်များ လှုပ်ရှားမှုထပ်ရှိလာပါက တိုက်ပွဲများ ဆက်ဖြစ်ဖွယ်ရှိကြောင်းလည်း SSPP/SSA ဘက်က ပြောသည်။

SSPP/SSA သည် အစိုးရက ရွေးကောက်ပွဲမတိုင်မီ ရေးထိုးရန် စည်းရုံးနေသော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်မထိုးသေးရန် ဆုံးဖြတ်သည့်အဖွဲ့များအနက်မှ တဖွဲ့ဖြစ်သည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ရေးထိုးနိုင်ရေးကို ကန့်သတ်ထားသဖြင့် လက်မှတ်မရေးထိုးသေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ကို ဘာကြောင့် အခုလိုဝင်တိုက်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က NCA မထိုး ဘူးလို့ ပြောထားတာနဲ့တော့ တိုက်ဆိုင်နေပါတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။

ယင်း တိုက်ပွဲ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရန်အတွက် အစိုးရက ဆက်သွယ်ရန်ထုတ်ပြန်ထားသော တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို ဧရာဝတီက ကြိုးစား ဆက်သွယ်သော်လည်း ဖုန်းခေါ်ဆို၍ မရရှိခဲ့ပါ။

SSPP/SSA နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားခဲ့သော်လည်း ယင်းသို့ သဘောတူညီမှုရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ပြီး SSPP/SSA ၏ တပ် စခန်းပေါင်း ၅ ခုထက်မက တပ်မတော်၏ သိမ်းယူခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ယခု တိုက်ပွဲ ဖြစ်ပွားရာဒေသတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန်ရှိသော ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)မှ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ဆက်သွယ်မှုလမ်းကြောင်း ခက်ခဲသဖြင့် တိုက်ပွဲသတင်း မကြားသိရသေးသော်လည်း တိုက်ပွဲများ အရှိန်မြင့် လာလျှင် မဲဆွယ်စည်းရုံးရေး အတွက် စဉ်းစားရလိမ့်မည်ဟု ပြောဆိုသည်။

“အဲဒီဘက်က ဖုန်းတွေဘာတွေ ဆက်သွယ်ရ ခက်တယ်လေ။ ကျနော်ကိုယ်တိုင် နောက် ၅ ရက်နေ့မှာ အဲဒီဝမ်ဟိုင်း ဘက်ကိုသွားပြီး မဲဆွယ်မလို့၊ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင်တော့ ပြန်သုံးသပ်ရတော့မှာပေါ့လေ”ဟု ဦးစိုင်းလှကျော် က ဧရာဝတီသို့ ပြောသည်။
SNDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ်တွင်း နေရာအများစုတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် ပါတီ တခု ဖြစ်သည်။

http://mobile.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။