ထိုင်းတောင်ပိုင်း ကန်ချနဘူရီတွင် မြန်မာလူကုန်ကူးဂိုဏ်းတခု ဖမ်းဆီးရမိ

ထိုင်း, လူမှောင်ခိုဂိုဏ်း, ထိုင်းရဲ , မြန်မာ , လူကုန်ကူးမှု , တရားဥပဒေစိုးမိုးရေး
ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင်တွင် လူကုန်ကူးသူများ၏ စွန့်ပစ်စခန်းမှ မြှုပ်နှံထားသည့် အလောင်းများကို ယခုနှစ် မေလအတွင်းက တူးဖော်နေစဉ် (ဓာတ်ပုံ – Surapan Boonthanom / Reuters)
 
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနဘူရီ ဒေသတွင် VITA အမည်ရှိ နာနတ်သီးစက်ရုံနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ သား များကို  လူကုန်ကူးမှု ပြုလုပ်နေသည့် မြန်မာလူမှောင်ခိုဂိုဏ်း တခုကို အောက်တိုဘာလ ၅ ရက် ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က  ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ထိုင်းစစ်တပ်မှ DSI အဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ( MAT ) ၊ ဘန်ကောက်ရှိ မြန်မာသံရုံးက ဖွဲ့စည်းထားသည့် အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီတို့ ပူးပေါင်းပြီး အောက်တိုဘာလ ၅ ရက် နေ့ ညပိုင်းက လူကုန်ကူးဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သူ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်တချို့ကို ဖမ်းမိခဲ့ခြင်း ဖြစ် သည်ဟု မြန်မာသံရုံး၏ အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။

“ဒီဂိုဏ်းဟာ လူကုန်ကူးတာ၊ အလုပ်သမားတွေဆီက ခေါင်းပုံဖြတ် အကျိုးအမြတ် ယူနေတာ နှစ်ပေါင်း ၂၀ လောက် ရှိနေပြီ။ ဒီအဖွဲ့နဲ့ ဆက်စပ်တဲ့ ပြဿနာ အများအပြားကို ဖြေရှင်းနေရတာလည်း အတော်များတယ်။ လက်ရဲဇက်ရဲတွေ လုပ်နေတာလည်း အတော်ကြာပြီ။ ဒီဂိုဏ်းကို ဖမ်းမိဖို့အတွက် အချိန်တွေ အများကြီး ယူပြီးတော့ စနစ်တကျ ပြင်ဆင် ခဲ့ပြီးမှ ဖမ်းမိတာပါ” ဟု ဦးကျော်သောင်းက ဆက်ပြောသည်။

လူကုန်ကူးဂိုဏ်းခေါင်းဆောင် ဦးသိန်းဇော်နှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် ကိုကရင်၊ အရှည်ကြီး ဆိုသူတို့ကိုလည်း ဖမ်းမိထားကြောင်း၊ ကျန်နေသည့် အဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ယခုဖမ်းမိသည့် လူကုန်ကူးဂိုဏ်းသည် ထိုင်းနိုင်ငံ၏ ကုန်းတွင်းပိုင်းတွင် အကြီးဆုံး လူကုန်ကူးဂိုဏ်းတခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထိုင်းနိုင်ငံရဲ့ တောင်ဘက်ပိုင်း တခုလုံးက စက်ရုံအလုပ်ရုံတွေမှာ လူတွေလိုအပ်သလောက်ကို မြန်မာနိုင်ငံက ခေါ်ယူတင်ပို့နေတဲ့ အဖွဲ့ပါ၊ ချမ်းသာကြွယ်ဝတဲ့အပြင် အင်အားကြီးတဲ့အဖွဲ့ ဖြစ်နေတော့ တော်ရုံလူတွေက သူတို့ကို မပြောရဲကြဘူး” ဟု ဦးကျော်သောင်းက ပြောသည်။
လူကုန်ကူးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်နှင့်အဖွဲ့သည် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို ထိုင်းနိုင်ငံတွင်းသို့ လူကုန်ကူးထားကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ထိုင်းအာဏာပိုင် တချို့နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်၍ နှစ်ပေါင်းများစွာအထိ ဖမ်းဆီးမိနိုင်ခြင်း မရှိခဲ့ဟု သိရသည်။

လူကုန်ကူးဂိုဏ်းခေါင်းဆောင် ဦးသိန်းဇော်နှင့်အဖွဲ့က VITA နာနတ်သီးစက်ရုံ၌ လူကုန်ကူးမှု လုပ်ဆောင်နေသည့် အလုပ်သမားဦးရေသည် ၈၀၀၀ နှင့် ၁၀၀၀၀ အကြားရှိပြီး၊ အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြကြောင်း ၎င်းတို့သည် လူကုန်ကူးမှု ပြုသည့်အပြင် အလုပ်သမားများအား စိတ်ကြွဆေးပြားများ ရောင်းချခြင်း၊ အနိုင်ကျင့် ခေါင်းပုံ ဖြတ်ခြင်း၊ အမျိုးသမီးငယ်များအား အဓမ္မကျင့်ခြင်းစသည့် ရာဇ၀တ်မှုများကို လုပ်ဆောင်နေသည်ဟု ဦးကျော်သောင်းက ပြောသည်။

လူကုန်ကူးဂိုဏ်းမှ လွတ်မြောက်လာသူ စက်ရုံအလုပ်သမား ကိုဖြိုးက“ ကျနော့်ကို ဖမ်းပြီးတော့ သူတို့ရဲ့ လူသတ် ကွင်းဆိုတဲ့ နေရာကို ခေါ်သွားတယ်။ အဲဒီနေရာက ချောင်းစပ်တခု အနားမှာပါ။ သူတို့အနားယူတဲ့ စခန်းတခုပေါ့။ ကျနော့်ကို ၀ိုင်းပြီးရိုက်ကြ၊ နှက်ကြတော့ ကျနော်လည်း သတိရလိုက်မရလိုက် ဖြစ်နေတော့ အသက် မထွက် သေးဘူး။ မထွက်သေးဘူး ဆိုပြီးတော့ ရေတွေနဲ့ လောင်းကြတယ်။ ကန်ကြတယ်။ ထုကြတယ်။ ရိုက်ကြ တာတွေ လုပ်ကြတာ” ဟု ဧရာဝတီကို ပြောသည်။

လူကုန်ကူးဂိုဏ်း အဖွဲ့သည် ကိုဖြိုးကို နှိပ်စက်၍ အခန်းတခုထဲ၌ ထည့်ထားစဉ် သူ၏ မိတ်ဆွေ အမျိုးသမီးက ဖုန်းဆက်လာရာမှ ပြင်ပနှင့် အဆက်အသွယ်ရကာ လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ကိုဖြိုးက ဆိုသည်။

ထွက်ပြေးလွတ်မြောက် နေသေးသည့် မြန်မာလူကုန်ကူးဂိုဏ်း အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေးနှင့် VITA နာနတ်သီး စက်ရုံ၌ လူကုန်ကူး ခံထားရသူများကို အမြန်ဆုံး ကယ်ထုတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဦးကျော်သောင်းက ဆိုသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။