မြန်မာ့ စီးပွားရေး ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

စီးပွားရေး, ကမ္ဘာ့ဘဏ်, IMF

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် ပြောဆို လိုက်သည်။

အောက်တိုဘာ ၅ ရက်ကထုတ်ပြန်သည့် အရှေ့အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးသုံးသပ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေ အနေနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ၈.၅ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ယခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းသို့ လျော့နည်း ရောက်ရှိသွားနိုင်သည်ဟုလည်း ဆိုသည်။

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေမှာ အားကောင်းသည့် အဆင့်သို့ ရောက် ရှိရန် မဖြစ်နိုင်တော့ဘဲ နောက်တက်လာမည့် အစိုးရတရပ်၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီးပွားရေးမူများကို စောင့်ကြည့်ရုံသာ ရှိသည် ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ အောင်ကိုကိုက“အခု လက်ရှိ ရှိနေတဲ့ စီးပွားရေးက တကယ်တန်း ပြောရရင် အားကောင်းတဲ့ စီးပွားရေး မဟုတ်ဘူးဗျ။ ရေတို အားနည်းတဲ့ အင်မတန် ပြိုလဲနိုင်တဲ့ အားနည်းတဲ့ ထိလွယ်ရှလွယ် စီးပွားရေးအဆင့်ပဲ ရှိသေးတယ်။ အားကောင်းတဲ့ စီးပွားရေး အဆင့်ကို ရောက်နိုင်ဖို့ကလည်း ဒီလေးငါးလအတွင်းမှာ မလွယ်တော့ဘူး။ နောက်တက်လာမယ့် အစိုးရရဲ့ မူဝါဒတွေအပေါ်မှာပဲ ကြည့်ပြီးတော့ သုံးသပ်လို့ရမယ်”ဟုလည်း ပြောဆိုသည်။

ယခုကဲ့သို့ တိုင်းပြည် စီးပွားရေး ကျဆင်းလာနိုင်ခြင်းသည် ပြည်တွင်း၌ ရေကြီးရေလျှံမှု ဖြစ်စဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ နှေးလာခြင်း ကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။

လက်ရှိတွင် မြန်မာ့စီးပွားရေးနှင့်ပတ်သက်ပြီး အမေရိကန် ဒေါ်လာ တန်ဖိုး ခိုင်မာလာခြင်းက မြန်မာငွေကြေး လဲလှယ်မှုနှုန်းထား အပေါ် ဖိအားများ ရှိနေကြောင်းနှင့် သွင်းကုန် ၀ယ်လိုအား များပြားလာခြင်းကြောင့် စာရှင်းရှင် လိုငွေပြမှု များလာကြောင်းလည်း ထောက်ပြသည်။
ထို့အပြင် ငွေဖောင်းပွမှုနှုန်းသည်လည်း ပြီးခဲ့သည့် ဇူလိုင်လအထိ ၁၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ် က ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်များ၏ ခရီးစဉ်တွင်လည်း မြန်မာ့စီးပွားရေးသည် ကျဆင်းရန် အလားအလာများနှင့် ရင်ဆိုင် နေရကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

IMF ၏ ထောက်ပြ ဝေဖန်မှုများတွင် မြန်မာနိုင်ငံသည် ချေးငွေများ အလျင်အမြန် တိုးပွားလာခြင်း၊ ဘဏ္ဍာရေး လိုငွေများ တိုးလာခြင်း၊ ကုန်သွယ်ရေး လိုငွေပြမှု များလာခြင်း၊ ဒေါ်လာတန်ဖိုး အားကောင်းလာခြင်းနှင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း တို့က မြန်မာ့စီးပွားရေး ကျဆင်းလာစေရန် ရင်ဆိုင်နေရသည့် အခြေအနေများ ဖြစ်သည်ဟုလည်း ပါရှိသည်။

ထို့အတွက် လိုငွေပြမှုများကို လျှော့ချသင့်ပြီး အသုံးစရိတ်များကို ဦးစားပေး အစီအစဉ်များနှင့် ပြန်လည် သတ်မှတ်သင့်ကြောင်း၊ အခွန်ငွေ ကောက်ခံမှုများကို ပြန်လည် ဆန်းစစ်သင့်ကြောင်း IMF က အကြံပြုခဲ့သည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။