မြိုအမျိုးသားဒီမိုရေစီပါတီ ရခိုင်ပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ် ၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၈


မြိုအမျိုးသားဒီမိုကရေစီပါတီသည် ရခိုင်ပြည်နယ်၌ လွှတ်တော် ကိုယ်စားလှယ် ၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုးနောင် (ခ) ဦးဌေးဝင်းကပြောသည်။

ကျောက်တော်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ မြောက်ဦး မြို့နယ် တွင် ၂ နေရာ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျောက်တော်မြို့နယ် အမျိုးသား လွှတ်တော်တွင် အနိုင် ရအောင် အားခဲဆောင်ရွက်နေသည်ဟု သူက ပြောဆိုသည်။

“ကျောက်တော်မြို့နယ်မှာဆိုရင် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် တစ်နေရာနဲ့ အမျိုးသားလွှတ်တော် တစ်နေရာပါ။ မြောက်ဦးမြို့နယ်မှာ ဆိုရင် ပြည်သူ့လွှတ်တော်တစ်နေရာနဲ့ အမျိုးသားလွှတ်တော်တစ်နေရာ စုစုပေါင်း ၄ နေရာ ၀င်ရောက် အရွေးခံမှာဖြစ်ပါတယ်”ဟု ဦးဌေးဝင်းက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

မြိုအမျိုးသားဒီမိုကရေစီပါတီ၏ မူဝါဒများမှာ ဒီမိုကရေစီကို ဦးတည်သည့် မူဝါဒ ဖြစ်သည့် အတွက် ရခိုင်ပြည်နယ်တွင် ရှိနေသည့် ဒီမိုကရေစီ ကိုဦးတည်နေသော မည်သည့်နိုင်ငံရေးပါတီများနှင့်မဆို လက်တွဲ ဆောင်ရွက် သွားမည်ဟု ပြောဆိုသည်။ ၎င်းပြင် ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် အဓိက ဦးတည်ထားကာ မျိုးဆက်သစ်လူငယ်များကို လက်တွဲခေါ်ဆောင်သွားမည် ဟု ပြောဆိုသည်။

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စက်တင်ဘာလ ၁၂ ခန့်က စတင် လုပ်ဆောင်ခဲ့ပြီး ပီချောင်းဘက်နှင့် ကျောက်တော်မြို့နယ် အနောက် ဘက်ဒေသများတွင် ပြုလုပ်ပြီးသွားပြီ ဖြစ်ကာ၊ မိန်းချောင်း ဘက်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်ဟု သိရသည်။

မြိုအမျိုးသားဒီမိုကရေစီပါတီမှာ မြိုတိုင်းရင်းသားများ၏ ထောက်ခံမှုကို ရရှိနေပြီး ကျောက်တော်မြို့နယ် အမျိုးသား လွှတ်တော်နေရာများကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ မြိုတိုင်းရင်းသားတွေကို ၂၀၁၅ ရွေးကောက်ပွဲအတွက် မှာကြားချင်တာကတော့ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ပြည်သူတွေနဲ့ တစ်တတန်းတည်း ရှိနေပါတယ်လို့ ပြောချင် ပါတယ်”ဟု အတွင်းရေးမှူး ဦးဌေးဝင်းကပြောသည်။

မြိုတိုင်းရင်းသားများသည် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ မောင်တော မြို့နယ်နှင့် လေးမြို့ချောင်းဒေသများတွင် ပြန့်ကြဲ နေထိုင်လျက်ရှိပြီး စုစုပေါင်း လူဦးရေ ၁ သိန်းဝန်းကျင်ရှိသည်ဟု သိရသည်။

_______Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။