ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နှစ်ဦးကို ပြန်ပေးဆွဲသည်ဟု စွပ်စွဲခြင်းမှာ မဟုတ်မှန်ကြောင်း ALP ငြင်းဆို

မောင်အေး၊ ကောင်းမြတ်နိုင် (မောင်တော)
ရန်ကုန်၊ အောက်တိုဘာလ ၈


ဘင်္ဂလာဒေ့ရှ် နိုင်ငံ ၊ စစ်တကောင်း တောင်တန်းနယ်၊ ဘင်ဒရိုဘင်ခရိုင်မှ လူနှစ်ဦးကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တပ်ဖွဲ့ဝင်များမှ ပြန်ပေးဆွဲသွားကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းစာများတွင် ရေးသားနေမှုများမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာ ဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ ကျွန်မ ALP အနေနဲ့ ဒီလို ဖမ်းဆီးဖို့ ညွှန်ကြားချက် မရှိပါဘူး။ ဘယ်တော့မှ မဖြစ်နိုင်ပါ။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက အဲဒီဘင်ဒရိုဘင် ဒေသမှာ တပ်စွဲထားတာလည်း မရှိပါဘူး။ အကုန်လုံးက ဌာနချုပ်ကို ရောက်နေကြပါတယ်။ ခုလို စွပ်စွဲတာက အခြေအမြစ် မရှိတဲ့ စွပ်စွဲချက် တစ်ခုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု သူမက ဆိုသည်။

လွန်ခဲ့သော စနေနေ့က မြန်မာ နယ်စပ် အနီးရှိ ဘင်ဒရိုဘင်ခရိုင်၊ ရုံမော်မြို့နယ်အတွင်းရှိ ရန်ချောင်းသို့ လမ်းပြ မြိုအမျိုးသားနှစ် ဦးနှင့် သွား ရောက်သည့် ဒက္ကားမြို့မှ ဧည့်သည် နှစ်ဦးကို ALP တပ်ဖွဲ့ဝင် ၁၀ ဦးခန့်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ တာကာငွေ သိန်း ၅၀ ( မြန်မာ ကျပ်ငွေနှင့် ဆိုလျင် သိန်းပေါင်း ၇၅၀) ကို ပြန်ပေးငွေ အဖြစ် တောင်းခံကြောင်း Dhaka Tribune သတင်းစာ အပါအ၀င် ဘင်္ဂလီ သတင်းစာ အများအပြားတွင် စွပ်စွဲ ရေးသား ဖော်ပြသည်။

ဖမ်းဆီးပြန်ပေးဆွဲ ခံရသူ ၂ ဦးမှာ ဒါကာမြို့ မီပူရ်အရပ်မှ Munna (၃၅) နှစ်နှင့် Zubayer (၂၈) နှစ် တို့ ဖြစ်ကြသည်။

ယခုကဲ့သို့ ပြန်ပေးဆွဲ တာကာ သိန်း ၅၀ တောင်းခံသည်ဆိုသည့် သတင်းကို ယမန်နေ့ညနေပိုင်းက ATN ဘင်္ဂလာရုပ်သံ သတင်း တွင် စတင်ကြေငြာခဲ့သည်ဟုလည်း ဒေသခံ တစ်ဦးက ပြောသည်။

အဖမ်းခံရရာတွင် ပါဝင်သူ လမ်းပြ မြို Mangsai Mro ၏ အစ်ကို ဖြစ်သူမှ သူ့အား ALP မှ ဒေသဆိုင်ရာ တပ်မှူး တစ်ဦးမှ သူ့အား ခေါ်ယူပြီး ပြန်ပေးငွေ ကို တောင်းခံခဲ့သည်ဟု ပြောဆိုကြောင်း Dhaka Tribune သတင်းတွင် ဖော်ပြသည်။

“ အဲဒီစကားဟာ မမှန်ကန်ဘူးဆိုတာကို အခိုင်အမာ ငြင်းဆိုချင်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် မြို၊ မြုံ၊ သက်၊ ဒိုင်းနက်၊ မာရမာ (ရခိုင်မျိုးနွယ်စု) တောင်ပေါ်တိုင်းရင်းသား လူမျိုးစု အများအပြားနေထိုင်ကြပြီး ယင်းဒေသတွင် မြန်မာနိုင်ငံမှ ရခိုင် လက်နက်ကိုင် အင်အားစုများသာမက ယင်းဒေသရှိ လူမျိုးစု တော်လှန်ရေး အဖွဲ့များလည်း လူပ်ရှားမှုများ ရှိနေသော ဒေသ တစ်ခု ဖြစ်ကြောင်း သိရသည်။

____Narinjara News

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။