တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရာထူးအဆင့် သုံးနှုန်းခြင်း မပြုရန် ညွှန်ကြား

တိုင်းရင်းသား, လက်နက်ကိုင်အဖွဲ့, တပ်မတော်, ဧရာဝတီတိုင်း, မီဒီယာ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရာထူးအဆင့်များကို မီဒီယာများတွင် သုံးနှုန်း ဖော်ပြခြင်း မပြုရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး-ကြည်း(ကကကြည်း)က ဧရာဝတီတိုင်း အစိုးရအဖွဲ့သို့ ညွန်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ညွှန်ကြားချက်ကို ကက(ကြည်း)ရုံးက ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် – နတခသို့ ပေးပို့ခဲ့ပြီး နတခက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ ထပ်မံညွှန်ကြားခဲ့ပြီးနောက် တိုင်းအစိုးရက အောက်တိုဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ဧရာဝတီ တိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဋ္ဌာန (တိုင်း ပြန်/ဆက်)သို့ ထပ်မံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း အခြေစိုက် မီဒီယာသမားများက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီတိုင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း -MJA ဥက္ကဋ္ဌ ဦးဇော်တင့်က“ကျနော့်ကို သူတို့ ပြန်/ဆက်ရုံးကို ခေါ်ပြီးတော့ တရား ၀င်စာနဲ့ ပေးတာပေါ့။ မီဒီယာသမားတွေ ဒါကို သိရှိဖို့နဲ့ လိုက်နာဆောင်ရွက်ဖို့ ဆိုတာမျိုးတွေတော့ မပြောပါဘူး။ တိုင်းအစိုးရက သူတို့ ဆီကို စာပို့လာလို့ ညှိုနှိုင်းပေးတာပါလို့ပဲ ပြန်/ဆက်က ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်း ပြန်/ဆက်က ဧရာဝတီတိုင်း MJA ထံသို့ အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် စာပေးပို့ခဲ့သည့်အတွက် တိုင်း MJA က တိုင်း အတွင်းရှိ မီဒီယာသမားများ သိရှိနိုင်ရန်ဟုဆိုကာ အောက်တိုဘာလ ၈ ရက်နေ့က အွန်လိုင်းမှတဆင့် ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းအစိုးရမှ မီဒီယာများထံသို့ ပေးပို့သည့်စာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သတ်မှတ်ထားသည့် ရာထူး အဆင့်များအား ဖော်ပြသုံးနှုန်းခြင်းမပြုဘဲ အဖွဲ့တာဝန်ခံ(သို့မဟုတ်) ခေါင်းဆောင်ဟုသာ သုံးနှုန်းရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က ညွှန်ကြားလာသည်ဟု ရေးသား ဖော်ပြထားသည်။

ထို့ပြင် မီဒီယာ အဖွဲ့အစည်းများ အနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သတ်မှတ်ထားသော ရာထူးအဆင့်များ(ဥပမာ – ဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ ဗိုလ်ချုပ် ဂွန်မော်) စသဖြင့် သုံးနှုန်းခေါ်ဆိုခြင်း မရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးပါရန် တပ်မတော် မှ တင်ပြလာမှုနှင့် စပ်လျဉ်း၍ တိုင်းပြန်/ဆက်ဋ္ဌာနမှ မီဒီယာများသို့ ဆက်လက် အသိပေးဆောင်ရွက်သွားရန်ဟု ယင်းစာတွင် ဖော်ပြ ထားသည်။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ မီဒီယာအားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် မီဒီယာ အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(MPC)၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(MJA)၊ မြန်မာ စာနယ်ဇင်း သမဂ္ဂ(MJU)နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်(MJN)တို့ထံသို့ ဦးစွာ အသိပေး ဆက်သွယ်သင့်ကြောင်း MPC အဖွဲ့ဝင် ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။

MJA တာဝန်ရှိသူလည်း ဖြစ်သူ ဦးသီဟစောက“ကျနော်တို့ဆီကို တရားဝင် ညွှန်ကြားချက်လည်း မလာဘူး။ တကယ်ဆို တိုင်းနဲ့ ပြည်နယ်တွေကို သွားမယ့်အစား ဗဟိုကို ညွှန်ကြားသင့်တယ်။ ကျနော်တို့ ဒီမှာ စာနယ်ဇင်းကောင်စီ ရှိတယ်။ MJA၊ MJU၊ MJN လို မီဒီယာ အဖွဲ့တွေလည်း ရှိတယ်။ အစည်းဝေးမှာ ပြောတဲ့ ပုံစံမျိုးမဟုတ်ဘဲ တရားဝင် တိတိကျကျ ကြေညာပေးသင့်တယ်”ဟု ပြောသည်။

စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် တပ်မတော်နှင့် မီဒီယာ အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် တပ်မတော် အရာရှိတဦးက တပ်မတော် ဥပဒေတွင် ရာထူးအဆင့် သတ်မှတ်ချက်များ ရှိကြောင်း၊ တပ်မတော် မဟုတ်သည့် လက်နက်ကိုင် အဖွဲ့များကိုမူ ရာထူးအဆင့် သတ်မှတ်ချက်များ သတ်မှတ်ခြင်း မပြုရန် မေတ္တာရပ်ခံလိုသည်ဟု ပြောကြားခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ သတင်းစာဆရာ ဦးဖိုးသောကြာက ပြောသည်။
မြန်မာသံတော်ဆင့်ဂျာနယ် ဧရာဝတီတိုင်း သတင်းတာဝန်ခံ ဦးရဲရင့်ထွန်းက“သူတို့ ထုတ်ပြန်တဲ့စာထဲမှာ မီဒီယာများကို ထိန်းသိမ်း ကြပ်မတ် နိုင်ပါရန်လို့ ပါနေတယ်။ ဒီစကားလုံးကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒါဟာ မီဒီယာဥပဒေကို ဘောင်ကျော်နေတယ်။ ကျနော်တို့ ဥပဒေဘောင်ထဲကနေ ကျင့်ဝတ်နဲ့အညီ ရေးသားနေသမျှ ကာလပတ်လုံး ဟိုစကားလုံး မသုံးပါနဲ့။ဒီအသုံးအနှုန်း မသုံးပါနဲ့လို့ အစိုးရမှာ ပြောခွင့်မရှိပါဘူး”ဟု ပြောသည်။

ရာထူးအဆင့်များ အသုံးမပြုရန် တပ်မတော်မှ ဥပမာ ပေးထားသည့် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်မှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် – RCSS/SSA ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်ချုပ် ဂွမ်မော်မှာ ကချင် လွတ်မြောက်ရေး တပ်မတော် KIA ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။