ယိုးချောင်းဒေသ ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ဦးဥတ္တမဖေါင်ဒေးရှင်းဖွဲ့စည်း

စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၅


ယိုးချောင်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ဦးဥတ္တမဖေါင်ဒေးရှင်း (ယိုးချောင်းနယ်မြေ) ကို စက်တင်ဘာလ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ကိုမန်မုန်တိုင်းကြောင့် ရေဘေးဒုက္ခကို ကြုံခဲ့ရသော ပုဏ္ဏားကျွန်း မြို့နယ် ကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် အစိုးရစီမံကိန်းများတွင် မပါဝင်သဖြင့် ပုဏ္ဏားကျွန်း မြို့နယ် ရေဘေးသင့်ကျေးရွာ များ ပြန်လည်ထူထောင်ရေးနှင့် ယိုးချောင်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ဦးဥတ္တမဖေါင်ဒေးရှင်း (ယိုးချောင်းနယ်မြေ)ကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း အဖွဲ့အစည်းဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက် လုပ်ခဲ့သူ ဦးသန်းရွှေက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

၎င်းအဖွဲ့အစည်းကို စက်တင်ဘာလ ၃၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာတွင် ပြုလုပ်သော ယိုးချောင်းနယ်မြေ ကျေးရွာ ၅၂ ရွာမှ တက်ရောက်လာကြသည့် ရဟန်းသံဃာများနှင့် ကျေးရွာသားများစုံညီစွာ တက်ရောက်သည့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

အဖွဲ့အစည်းအနေဖြင့် ဦးဥတ္တမနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပရေးနှင့် အမျိုးသားရေးနှင့်ပတ်သက်သည့် နေ့ထူးနေ့မြတ်များတွင် အခမ်းအနားများ ပုံမှန် ကျင်းပ နိုင်ရေး၊ ဦးဥတ္တမ စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် တို့ကို လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

အဖွဲ့အစည်းကို ရဟန်းသံဃာအဖွဲ့နှင့် လူပုဂ္ဂိုလ်များအဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲပြီး လက်တွဲ လုပ်ဆောင်သွားမည်ဟု သိရသည်။

ရဟန်းသံဃာအဖွဲ့မှာ ဥက္ကဋ္ဌဆရာတော်များမှာ ယိုးတရုတ် သိမ်ကျောင်း ဆရာတော်၊ လက်ဝဲမြန်ဆရာတော်နှင့် ရှင်တော် ဆရာတော်တို့ဖြစ်ပြီး၊ လူပုဂ္ဂိုလ်အဖွဲ့၏ ဥက္ကဋ္ဌများမှာ ဦးမိုးသီး ယိုးတရုတ်၊ ဦးအေးသိန်းထွန်း ယိုးတရုတ်၊ ဦးမောင်သန်းတင် အောင်ဆိပ်တို့ဖြစ်ကြောင်း သိရသည်။

“အခုလိုဖွဲ့စည်းလိုက်တာကောင်းပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်ပါတယ်။ အားရ ကျေနပ်မိပါတယ်”ဟု အစည်းအဝေးသို့ တက်ရောက်လာသူ ပဲစိနန်းကျေးရွာမှ ကိုအောင်ကျော်ဇောက နိရဉ္စရာသတင်းဋ္ဌာနသို့ပြောသည်။

ကိုမန်မုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာပေါင်း ၄၆ ရွာထိခိုက် ပျက်စီး ခဲ့သော်လည်း အခြားမြို့နယ်များကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများ၊ အကူအညီများ အပြည့်အ၀ မရရှိခဲ့ဟု သိရသည်။

ရေဘေးကယ်ဆယ်ရေးအတွက် ယာယီကာလတွင် မင်းပြားမြို့နယ်အတွက် AZG ၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်အတွက် ICRC နှင့် ဘူးသီးတောင် မောင်တောအတွက် WFP တို့က တာဝန်ယူဆောင်ရွက် ခဲ့သည့်အပြင် ပြန်လည်ထူထောင်ရေးကာလတွင် မင်းပြားမြို့နယ် အတွက် SKY Net ရွှေသံလွင် ကုမ္ပဏီ၊ မြောက်ဦးမြို့နယ်အတွက် CB ဘဏ်၊ ကျောက်တော်မြို့နယ်အတွက် ကမ္ဘောဇဘဏ်အုပ်စုတို့က တာဝန် ယူဆောင်ရွက် သွားမည်ဖြစ်သော်လည်း ပုဏ္ဏားမြို့နယ် အတွက်မူ ပြန်လည်ထူထောင်ရေးအတွက် အစိုးရ စီမံကိန်းတွင် မပါဝင်ကြောင်း သိရသည်။

ရေဘေးသင့် ဒေသများပြန်လည်ထူထောင်ရန် နိုင်ငံတော်သမ္မတခွင့်ပြုချက်ဖြင့် ပေးအပ် ထားသော အရေးပေါ်ရန်ပုံငွေတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဘေးသင့် ကျေးရွာများ ပြန်လည် ထူထောင်ရေးအတွက် မပါရှိဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အတည်ပြုပြောကြားသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။