အင်ဒိုနီးရှား တောမီးလောင်မှုနှင့် ဆက်နွှယ်သော စက္ကူ ကုမ္ပဏီ တစ်ခု၏ ထုတ်ကုန်များကို စင်ကာပူ ကုန်တိုက် လုပ်ငန်းစုက ပိတ်ပင်


အောက်တိုဘာ ၅ ရက်က စင်ကာပူတွင် မီးခိုးမြူ ဖုံးလွှမ်းနေသည့် မြို့တွင်း အဆောက်အအုံများအနီး ကွင်းတစ်ခုတွင် ရေလောင်းနေသူတစ်ဦး (Photo:AFP)

အရှေ့တောင်အာရှကို မီးခိုးမြူ ဖုံးလွှမ်းစေခဲ့သော အင်ဒိုနီးရှား တောမီးလောင်မှုနှင့် ဆက်နွှယ်သည့် စက္ကူ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်များကို စင်ကာပူရှိ  အကြီးဆုံး ကုန်တိုက်လုပ်ငန်းစုက ပိတ်ပင်ခဲ့ကြောင်း ကြေညာခဲ့သည်။ မီးခိုးမြူ ဖုံးလွှမ်းမှုကြောင့် လေထု အရည်အသွေးသည် ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိမှုကို သီတင်းပတ်နှင့်ချီ ကြုံတွေ့နေရသည့် စင်ကာပူတွင် ဖိအားများ မြင့်တက်လာနေစဉ် စင်ကာပူအစိုးရနှင့် ချိတ်ဆက်မှုရှိသော ကုန်သွယ်ရေး သမဂ္ဂက ပိုင်ဆိုင်သည့် ကုန်တိုက်လုပ်ငန်းစု NTUC Fair Priceက သူတို့သည် အင်ဒိုနီးရှားပိုင် အာရှ ပျော့ဖတ်နှင့် စက္ကူ လုပ်ငန်း (APP)၏ စက္ကူ ထုတ်ကုန်အားလုံးကို ပိတ်ပင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းကုမ္ပဏီကို ထောက်ပံ့သော လုပ်ငန်းများသည် အင်ဒိုနီးရှားတွင် လောင်ကျွမ်းနေသော တောမီးအစပျိုးမှု၌ ပါဝင်ခဲ့သည်ဟု သံသယ ရှိခံနေရသည်။

ယင်းအချိန်တွင် စင်ကာပူ ပြည်တွင်း ပရိဘောဂ ကုမ္ပဏီကြီး IKEA နှင့် လက်လီ လုပ်ငန်းစုများ ဖြစ်သော 7-Eleven နှင့် Watsons တို့အနေဖြင့် သူတို့ ရောင်းချသော ကုန်ပစ္စည်းများသည် အင်ဒိုနီးရှားတွင် တောမီး လောင်ကျွမ်းစေခဲ့သည့် ကုမ္ပဏီများထံမှ ပစ္စည်းများ မဟုတ်ကြောင်းကို မှန်ကန်ကြောင်း ထောက်ခံချက် ပြသရန် စင်ကာပူ သဘာဝ ပတ်ဝန်းကျင်နှင့် စားသုံးသူ အခွင့်အရေး စောင့်ရှောက်ရေး အဖွဲ့များက တောင်းဆိုခဲ့ကြသည်။

APP ကုမ္ပဏီ၏ ဂျကာတာ အခြေစိုက် ရေရှည် တည်တံ့မှုဆိုင်ရာ မန်နေဂျင်း ဒါရိုက်တာ အီဒါဂရင်းဘာရီက သူတို့၏ ကုမ္ပဏီသည် အင်ဒိုနီးရှားတွင် ဟက်တာ ၁၀၀၀၀ (ဧက ၂၄၀၀၀) အထိ သက်ရောက်မှု ရှိနေသော တောမီးများကို ငြှိမ်းသတ်နိုင်ရန် အင်ဒိုနီးရှား စစ်ဘက်နှင့်အတူ လက်တွဲ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့၏ကုမ္ပဏီကို ထောက်ပံ့သည့် မည်သည့် လုပ်ငန်းမဆို အင်ဒိုနီးရှား တောမီးလောင်မှု တွင် ရည်ရွယ်ချက်ရှိရှိ ပါဝင်နေပါက ၎င်းတို့ နှင့် လက်တွဲ ဖြုတ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မီးခိုးမြူ ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားနှင့် စင်ကာပူ အစိုးရ တို့အကြား တင်းမာမှုများ မြင့်တက်လာနေသည်။ စင်ကာပူတွင် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော ဥပဒေ တစ်ခုအရ စင်ကာပူ လေထု အရည်အသွေးကို ကျန်းမာရေးနှင့် မညီညွတ်သည့် အဆင့်အထိ ရောက်ရှိအောင် လုပ်ဆောင်သော မည်သည့် ပြည်တွင်း ပြည်ပကုမ္ပဏီမဆို ယင်းလုပ်ရပ်များအတွက် ငွေဒဏ် ဒေါ်လာ ၇၀၀၀၀ (စင်ကာပူဒေါ်လာ တစ်သိန်း) နေ့စဉ် ပေးဆောင်ရန် အမိန့်ချမှတ်နိုင်ကြောင်း သိရသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။