ရန်ကုန်၊ ၁၅ အောက်တိုဘာ ၂၀၁၅၊ MID NEWS

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text မူကြမ်းကို ၂၀၁၄ ခုနှစ်၊ မတ်လမှ စတင်ကာ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဦးနိုင်ဟံသာ ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အပြီးသတ် ဆွေးနွေးနိုင်ခဲ့သော်လည်း NCA ဆွေးနွေးရာ၌ ပါဝင်သည့် မွန်ပြည်သစ်ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့ မပါဝင်ဘဲ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကသာ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် အပေါ် NCCT အဖွဲ့ခေါင်းဆောင်အဖြစ် NCA မူကြမ်းတွင် အစဉ်တစိုက် ပါဝင်ဆွေးနွေးခဲ့သော မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ ဦးနိုင်ဟံသာ အား MID NEWS မှ ဆက်သွယ်မေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဒီနေ့မှာ NCA စာချုပ်ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ရေးထိုးကြတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ ။ ဒီနေ့ လက်မှတ်ထိုးတဲ့ NCA ဆိုတာ နာမည်ခံ သဘောလောက်ပါပဲ။ သိပ်ထိရောက်မှု ပုံမျိုးမရှိဘူးလို့ အန်ကယ်တို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကရည်ရွယ်ထားတာက တစ်နိုင်ငံလုံးအတွက် အပစ်ခတ်ရပ်စဲရေး၊ အခုကတော့ ဒေသ ဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘော ဖြစ်နေတယ်။ အဖွဲ့ကလဲ အနည်းအကျဉ်းပါပဲ။ တချို့ဒေသမှာလဲ သေနတ်သံတွေကလဲ ထွက်နေတုန်းပါပဲ။ တချို့ဒေသမှာလဲ စစ်ပွဲတွေ အကြီးအကျယ် ဖြစ်နေတုန်းပဲ။ နာမည်ခံတာကတော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCA ပေါ့။
မေး။ ။ ဆရာတို့အနေနဲ့ NCA မူကြမ်း ဆွေးနွေးပွဲတွေမှာ တောက်လျှောက်ပါလာတယ်။ NCA အချောသက်ပြီးလို့ လက်မှတ် ထိုးမယ့်အခါမှာ ဆရာတို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အချို့ မပါတော့ဘူး။ အဲဒီအပေါ်မှာ ရှင်းပြပေးပါ။
ဖြေ။ ။ မူကတည်းက ရည်ရွယ်တာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ တစ်နိုင်ငံလုံးထဲမှာ အဖွဲ့အားလုံး မပါဝင်ရင်တောင် အစကတည်းက ဆွေးနွေးခဲ့တဲ့ NCCT အနေနဲ့ ဆွေးနွေးတုန်းက ၁၆ ဖွဲ့ပါတယ်။ နောက်ပြီး SD ကို ပြန်ဖွဲ့တော့ ၁၇ ဖွဲ့ ဖြစ်လာ တယ်။ အန်ကယ်တို့ တလျှောက်လုံး အချိန်ယူ ဆွေးနွေးလာပြီးတော့မှ လက်မှတ်ထိုးတဲ့အချိန်ကျမှ ဟိုအဖွဲ့ကိုချန်လိုက်၊ ဒီအဖွဲ့ကို ချန်လိုက် ၆ ဖွဲ့တောင် ချန်လိုက်တယ်ဆိုတော့ အဲဒီအပေါ်မှာ ဒါ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူလရည်ရွယ်ချက်နဲ့ သိပ်ကို လွဲချော်နေပြီ။ ဒါတောင် အန်ကယ်တို့ဘက်က လျှော့ပေးပါတယ်။ တရားသေ ဆုပ်ကိုင်မထားဘူး။ ဘယ်လောက်ညှိနှိုင်းလဲ ဆိုတော့ ချန်ထားတဲ့အဖွဲ့တွေကို စစ်ရေးနဲ့ ထိုးစစ်ဆင်ပြီး မတိုက်ခိုက်ပါဘူးဆိုတဲ့ ကတိကို တောင်းဆိုတယ်။ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကြတော့ အဖွဲ့အားလုံးမပါရင် အားလုံးနဲ့ ပြေလည်တဲ့အနေအထားမျိုး ရောက်မှာမဟုတ်ဘူး။ တစ်နိုင်ငံလုံး အေးချမ်းဖို့ဆိုတာရော ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးတဲ့အခါကြရင် အားလုံးပါဝင်ဖို့လိုတယ်။ ကျန်တဲ့အဖွဲ့တွေ နိုင်ငံရေးအရ ပါဝင်ဖို့ကိုလဲ တောင်းဆိုတယ်။ နောက်ပြီး လူမှုရေးအရ နိုင်ငံတကာက ဒေသဖွံ့ဖြိုးရေးတို့၊ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးတဲ့အခါကြရင် လက်မှတ်ထိုးခွင့်မရှိသေးတဲ့ အဖွဲ့တွေကိုလဲ ခံစားခွင့်ပေးဖို့ ဆိုပြီးတော့မှ အန်ကယ်တို့ တောင်းဆို တယ်။ သဘောကတော့ စစ်ရေးအရရော၊ နိုင်ငံရေးအရရော၊ လူမှုရေးအရရော လက်မှတ်ထိုးခွင့် မရသေးတဲ့ အဖွဲ့တွေကိုလဲ ခံစားခွင့်ရှိဖို့ တောင်းဆိုတယ်။ တောင်းဆိုတဲ့အခါတုန်းကလဲ တစ်ဘက်(UPWC) က ထိပ်သီးခေါင်းဆောင် ၅ ဦးနဲ့ SD က ၃ ဦး၊ NCCT ကတစ်ဦး၊ ၉ ဦးနဲ့ သမ္မတကြီးဆီမှာ သွားဆွေးနွေးတယ်။ အဲဒီ သွားဆွေးနွေးတဲ့အချိန်မှာ ဘာမှ အာမခံချက်မရဘူး။ တိတိ ကျကျ မရဘူးဆိုတော့ အဲဒီလူတွေကို ချန်ထားပြီးမှ အဲဒီလူတွေကို တိုက်မယ်ဆိုတဲ့ အနေအထားမျိုးမှာ အန်ကယ်တို့ရဲ့ ဘဝတူ၊ အပေါင်းအဖေါ်တို့ ညီအကိုလိုလဲ ဖြစ်တယ်။ NCA မှာလဲ တလျှောက်လုံး ပါဝင်ဆွေးနွေးလာတယ်။ အခုခါမှာ အန်ကယ်တို့နဲ့ လက်မှတ်ထိုးမယ်။ သူတို့ကို ချန်ထားမယ်။ တိုက်မယ်ဆိုတာ မသင့်တော်ဘူးလေ။ နောက်ပြီး သူတို့ကိုချန်ထားရင် မူလရည်ရွယ် ထားတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆိုတာလဲ ဖြစ်လာမှာမဟုတ်ဘူး။ သူတို့ (စစ်တပ်) က ဆက်ပြီးတော့ တိုက်နေရင် စစ်ပွဲ ကလဲ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာမယ်။ နောက်ဆုံးတော့ တစ်နိုင်ငံလုံးကို ပြန်ကူးသွားမှာပဲ။ အဲဒီတော့ တစ်နိုင်ငံလုံးလဲ အပစ် မရပ်ဘူး။ နိုင်ငံရေးအရလဲ ပြေလည်မှာ မဟုတ်ဘူး။ အန်ကယ်တို့ရည်ရွယ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ် ရပ်စဲ ပြီးတော့ အေးချမ်းသာယာတဲ့ နိုင်ငံတစ်ခုကို အကောင်အထည်ဖေါ်ဖို့ ဆိုတဲ့နေရာမှာ အခုလိုပုံမျိုးနဲ့ ဘယ်လိုမှ မရောက်နိုင်ဘူးလို့ အန်ကယ်မြင်တယ်။ အဲဒီလိုဖြစ်နေတဲ့ အပေါ်မှာ အန်ကယ်တို့က မထိုးတာပါ။
မေး။ ။ ခုနကပြောသလို စစ်ရေးအာမခံချက်လဲ ဘာမှတိတိကျကျ မရှိလို့ဘဲ အခုလို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲ တွေ ဖြစ်နေတာလား။ ဒါကြောင့် အန်ကယ်တို့က NCA ကို လက်မှတ်မထိုးဘဲ စောင့်ကြည့်နေတဲ့ သဘောလား။
ဖြေ။ ။ အဖွဲ့ ၈ ဖွဲ့နဲ့ အရေးကြီးတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲတဲ့ လုပ်ငန်းကြီးကို လုပ်သွားမယ်ဆိုတော့ အလုပ်ဖြစ်ပါ့မလား။ အောင်မြင်နိုင်ပါ့မလား။ အန်ကယ်တို့ မြင်တာက မအောင်မြင်နိုင်ဘူး။ ဒါကိုလဲ စောင့်ကြည့်နေတာပါ။
မေး။ ။ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ NCA ကို မယုံတာလား။
ဖြေ။ ။ အားလုံးကလဲ သူ့အဖွဲ့နဲ့သူ ရပ်နေတယ်။ တချို့အဖွဲ့ကိုလဲ တိုက်နေတယ်လေ။ အဲဒါကြောင့်NCA ကိုမယုံတာ။ ဒါက စုစည်းနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖြိုခွင်းနေတဲ့ ဗျူဟာလို့ထင်တယ်။ အရင်က အဲဒီဗျူဟာကို ကျင့်သုံးနေတယ်။ အခုလဲ အဲဒီဗျူဟာကို ဆက်ပြီး ကျင့်သုံးနေတဲ့သဘော သက်ရောက်တယ်လို့ မြင်တယ်။ တိုင်းရင်းသားဒေသမှာလဲ တိုက်ပွဲတွေ က အခုဖြစ်နေတာပဲလေ။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်တွေ စိုးရိမ်မှုရှိနေတဲ့ NCA ကို အခုအစိုးရလက်ထက်မှာ အကောင်အထည် မြန်မြန် ဖေါ်နေတော့ သမ္မတ နာမည်ရဖို့ တွန်းအားပေးလုပ်သလို ဖြစ်မနေဘူးလား။
ဖြေ။ ။ အခု အဲဒီလို ဖြစ်နေတာပဲလေ။ အထိုက်အလျှောက်တော့ ဖြစ်နေတာပေါ့။ သူ့လက်ထက်မှာ NCA ကို စပြီးအကောင် အထည်ဖေါ်တယ်။ သူ့လက်ထက်မှာပဲ လက်မှတ်ထိုးတဲ့ အောင်မြင်မှုရတာကိုပဲ အန်ကယ်တို့လဲ မြင်ချင်ပါတယ်။ ဒါပေမယ့် အာမခံချက်မရှိတဲ့ အနေအထားမျိုးမှာ အန်ကယ်တို့ လက်ခံလို့မရတာပါ။
မေး။ ။ ဒါဆိုရင် အန်ကယ်တို့ အပါအဝင် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတွေ ဘယ်လိုဆက်လုပ်ကြမလဲ။
ဖြေ။ ။ အန်ကယ်တို့ကတော့ အတတ်နိုင်ဆုံး နည်းလမ်းရှာပြီးတော့ ဆွေးနွေးညှိနှိုင်း သွားရမှာလို့ပဲ ယုံကြည်ပါတယ်။
မေး။ ။ ဒီလိုတွေ့ဆုံ ဆွေးနွေးညှိနှိုင်းရင် တိုက်ပွဲတွေ လျှော့ကျမယ်လို့ ထင်လား။
ဖြေ။ ။ ဒါကတော့ အဲဒီလိုမဆွေးနွေး မဖြေရှင်းရင်၊ တိုက်ပွဲတွေ ဆက်ဖြစ်နေရင်၊ အန်ကယ်တို့ ရည်ရွယ်နေတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေး အဖြေရှာမယ်ဆိုတဲ့ဟာ အကောင်အထည်ဖော်ဖို့ကလဲ မရတော့ဘူး။
မေး။ ။ NCA လက်မှတ်ထိုးပွဲမှာ အန်ကယ့်ကို ဖိတ်တယ်။ အန်ကယ် မတက်တာ ဘာဖြစ်လို့လဲ။
ဖြေ။ ။ အခု လက်မှတ်ထိုးတဲ့နေ့မှာ အန်ကယ်တို့ကို ဖိတ်တယ်။ အန်ကယ်တို့ တောင်းဆိုနေတာလဲ မဖြစ်ဘူးဆိုတော့ အန်ကယ်တို့ သွားတက်ရင် မျက်နှာပူစရာကြီး ဖြစ်နေတယ်။ အဲဒါကြောင့် မသွားတာ။
မေး။ ။ ဒီလိုပုံစံတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ ဘယ်လိုတက်လှမ်းကြမလဲ။
ဖြေ။ ။ ဒီလိုပုံစံနဲ့ဆိုရင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဖြစ်မှာမဟုတ်ဘူး။ နာမည်ခံ အဲဒီအဖွဲ့နဲ့ (NCA လက်မှတ်ရေးထိုးသောအဖွဲ့) ပဲ လုပ်သွားမယ်ဆိုရင်တော့ လုပ်လို့တော့ရတာပေါ့။ ဘာမှ ထိရောက်မှာ မဟုတ်ဘူး။
မေး။ ။ အန်ကယ်တို့အနေနဲ့ အခုလို မေးမြန်းခဲ့တဲ့အပေါ်မှာ ဖြည့်စွက် ပြောပြပေးပါ။
ဖြေ။ ။ အန်ကယ်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတာ နှစ် ၇၀ နီးပါး ဖြစ်နေပြီ။ ပြည်တွင်းစစ်ကြောင့်လဲ နိုင်ငံ ခေတ် နောက်ကျနေတယ်။ လူထုတွေလဲ ခေတ်နောက်ကျနေပြီ။ ဒါကို ပြေလည်အောင် နည်းလမ်းရှာဖို့အပိုင်းမှာ အရင်တုန်းကလဲ ရှာခဲ့ ဘူးတယ်။ ရှာတဲ့နည်းက နိုင်ငံရေးအရ မဖြေရှင်းနိုင်ဘဲ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် ဖျတ်သိမ်းရေးကိုပဲ စိတ်ကူးခဲ့တယ်။ အဲဒါကိုပဲ ထပ်ထပ် အကောင်အထည် ဖေါ်နေတယ်။ အဲဒီလို ဖြစ်နေလို့ ဒီပြဿနာက မပြီးဆုံးတာပါ။ အမှန်က နိုင်ငံရေးအခြေခံ တဲ့ကိစ္စကို နိုင်ငံရေးနည်းနဲ့ မှန်မှန်ကန်ကန်နဲ့ တန်းတူရည်တူ ဖြေရှင်းသွားရင် ပြေလည်နိုင်ပါတယ်။ အဓိကအားဖြင့် အာဏာရ ထားတဲ့ အစိုးရက သဘောထားမှန်မှန်နဲ့ ကိုင်တွယ်ဖြေရှင်းရင်တော့ မခဲယဉ်းပါဘူး။ ဖြေရှင်းနိုင်ပါတယ်။
http://www.myanmardemocracy.org/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။