အွန်လိုင်းတွင် တံဆိပ်အမျိုးမျိုးဖြင့် ကြော်ငြာရောင်းချနေသည့် အလှကုန်ပစ္စည်း အချို့၏ အရည်အသွေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အရည်အသွေးထောက်ခံချက်မပေးထားခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန၊ ဆေးပစ္စည်း/အလှကုန် ဌာနခွဲမှ သတိပေးထားကြောင်း သိရသည်။
“အခုဖေ့ဘုတ်တွေမှာ အလှကုန်ပစ္စည်းအမျိုးမျိုးကို ကြော်ငြာနည်းပေါင်းစုံနဲ့ ကြော်ငြာနေတယ်။ တချို့ပစ္စည်းတွေကကျွန်မတို့ FDA ဆီမှာ မှတ်ပုံတင်ထားတာ စစ်ဆေးထားတာတွေမရှိဘူး။ အာဆီယံနိုင်ငံတွေမှာ လည်း ဒီလိုမျိုးအွန်လိုင်းက ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို မသုံးဖို့ပြောထားပြီးသားပါ။ အလှကုန်တင်သွင်းသူတွေ အနေနဲ့ကလည်း ကိုယ့်ပစ္စည်း အတုအပထုတ်တာမျိုးတွေ ရှိမရှိကို လေ့လာစုံစမ်း နေရမယ်။ ကိုယ်ထုတ်တဲ့တံဆိပ်၊ ကုန်ပစ္စည်းကို ကိုယ်ကိုယ်တိုင် တာဝန်ယူရမယ်။ မှတ်ပုံတင်ထားပြီးသား ကုန်ပစ္စည်းတွေမှာတင် မှောင်ခိုဈေးကွက်ရှိနေတော့ သုံးစွဲသူတွေအနေနဲ့ ဂရုပြုသုံးစွဲဖို့ ပြောချင်ပါတယ်”ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးပစ္စည်း/အလှကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ရီလှိုင်က ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ၁၉၇၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေပုဒ်မ ခွဲ(၁)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် အရလည်းကောင်း၊ အာဆီယံ အလှကုန်ပစ္စည်းပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီ ထွေဖြစ်စေရန်လည်းကောင်း၂၀၁၀ ပြည့် နှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အလှကုန်ပစ္စည်းဆိုင်ရာအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း နှင့် ထိုအမိန့်ကြော်ငြာစာတွင် အခန်း (၄)ခန်း၊ အပိုဒ်(၂၆)ပိုဒ်ပါဝင်ပြီး အခန်း(၁)တွင် အလှကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အခန်း(၂)တွင် အမှတ်တံဆိပ်ဖော်ပြခြင်း၊ ကြော်ငြာခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အခန်း(၃)တွင် မှတ်တမ်းတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အခန်း(၄)တွင် အထွေထွေကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ပါဝင်ကြောင်းသိရသည်။
FDA အနေဖြင့် အလှကုန်သုံးစွဲသူများကို မိမိနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသောနေရာများ (ဥပမာ-မသိ၊ မကြားဖူးသော အင်တာနက်ဝက်ဘ်ဆိုက်များ)မှအလှကုန်ပစ္စည်းများကို ၀ယ်ယူသုံးစွဲခြင်းမပြုရန်၊ အလွန်အမင်း ထူးကဲကောင်းမွန်ကြောင်း ကြော်ငြာထားသည့်အလှကုန်များကို သတိပြုရန်၊ ယုံကြည်စိတ်ချရသော၊ လူသိများသောဆိုင်၊ နေရာများမှသာ အလှကုန်ပစ္စည်းများကို ၀ယ်ယူအသုံးပြုရန်၊ အလှကုန်ပစ္စည်းများကို သန့် ရှင်းသောလက်(သို့)သုတ်လိမ်းခြယ်မှုန်းတံများဖြင့်သာ အသုံးပြုရန်၊ အလှကုန်ပစ္စည်းများကို ယားယံနာကျင်နေသော၊ ထိခိုက်ဒဏ်ရာရရှိထားသော အရေပြားများပေါ်၌ အသုံးမပြုရန်၊ အခြားသူများထံမှ ဘက်တီးရီးယားပိုးမွှားများ ကူးစက်နိုင်သဖြင့် အလှကုန်ပစ္စည်းများကို အခြားသူများနှင့် စပ်တူ ရောနှောသုံးစွဲခြင်းမပြုရန်၊ ခန်းခြောက်သွားသော အလှကုန်ပစ္စည်းများကို ရေ၊ တံတွေး စသည်တို့နှင့် တဖန်ပြန်၍ရောကာသုံးစွဲခြင်း မပြုရန်နှင့် ထိုသို့ပြုပါက ရေငွေ့စိုထိုင်းမှုကြောင့် ဘက်တီးရီးယားပိုးမွှားများ လျင်မြန် စွာ ပေါက်ဖွားလာကာ အလှကုန်အား ညစ်ညမ်းသွားစေနိုင်ကြောင်း သုံးစွဲသူများအား အသိပေးထားသည်။
http://www.news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။