၇၆နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် ဖွင့်ပွဲအခမ်းအနားနှင့်အတူ ပထမအကြိမ်ကျင်းပမည်

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၁။
၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ဦးဝိစာရလမ်းရှိ ဦးဥတ္တမပန်းခြံဖွင့်ပွဲ အခမ်းအနားနှင့် အတူ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်မည် ဖြစ်သည်။

၇၆နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန် ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံ စေတီတော် အရှေ့ဖက်မုခ်အနီး အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်၂နာရီပြုလုပ်စဉ် ထိုသို့ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
“ ဆရာတော် ဦးဥတ္တမဟာ ရခိုင်လူမျိုးအတွက်သာ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး အစဉ် လေးစား ဂုဏ်ပြုသင့်တဲ့ မြန်မာ့ လွတ်လပ်ရေးမျိုးစေ့ကို ချပေးခဲ့တဲ့ အာဇာနည် တစ်ဦး ဖြစ်ပါတယ်။ ဆရာတော် ဦးဥတ္တမရဲ့ အခမ်းအနားကို ကျင်းပ ရတာက ဂုဏ်ကျေးဇူးကို အောက်မေ့ဂုဏ်ပြု ပူဇော်တာဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံး ဦးဇော်အေးမောင်က ပြောသည်။

ဆရာတော်ဦးဥတ္တမပန်းခြံ ပြန်လည်ရရှိရန်ဦးဆောင်ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည့် ဦးကျော်စိန်မှလည်း ဆရာတော် ဦးဥတ္တမပန်းခြံကို နိုင်ငံတော် အဆင့် ဖွင့်ပွဲ ပြုလုပ်သင့်ကြောင်း နိရဉ္စရာသို့ ပြောဆိုသည်။
“ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြုထားတဲ့ ဆရာတော် ဦးဥတ္တမပန်းခြံကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီတော့ နိုင်ငံတော် အဆင့်ဖွင့်ပွဲလုပ်ပြီး သမိုင်းမော်ကွန်း သစ်တင်သင့်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးဝိစာရလမ်းရှိ ဦးဥတ္တမပန်းခြံကို ၁၉၆၂ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သာသနာရေးဝန်ကြိံဌာန ၀န်ကြိံး ဦးဘစောက ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အာဏာရလာသည့် အစိုရလက်ထက်တွင် ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် အသိအမှတ် ပြုထားမှုကို ပယ်ဖျက် ပစ်ခဲ့သည်။

"အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၅၀ ကျော် မဖွင့် လှစ်နိုင်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံကို ပြည်ထောင်စု အစိုးရက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် နိုင်ငံရေးလိုအပ်ချက် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာဖွင့်ပွဲပြုလုပ်ပေးသင့်ပါတယ်"ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌဦးဖေသိန်းက နိရဉ္စရာသို့ ပြောသည်။

၂၃- ၁- ၂၀၁၅ရက်နေ့က ပြုလုပ်သည့် ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် စစ်တွေမြို့နယ် ကိုယ်စား လှယ် ဦးမောင်ညိုက ကန်တော်မင်္ဂလာ ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးရန် အဆိုတင်သွင်ခဲ့ရာ ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူ မရှိ အတည်ပြုသတ်မှတ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် အစိုးရအဆက်ဆက်လက်ထက်တွင် ဆရာတော်ဦးဥတ္တမနေ့ကို နှစ်ပေါင်း ၅၀ကျော်ခန့် ကျင်းပခွင့်မရခဲ့သော်လည်း ထိုင်း၊မလေးရှား၊ ဘင်္ဂလားဒေရ်နှင့် ပြည်ပနိုင်ငံအချို့တွင်
ရခိုင်အမျိုးသားများက နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြသည်။

လက်ရှိ အရပ်သား တစ်ပိုင်း အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံမှာ ယခင်ကထက် ပွင့်လင်းစပြုလာပြီ ဖြစ်သဖြင့် ဆရာတော် ဦးဥတ္တမနေ့အား ပြည်တွင်းတွင် တရားဝင် ကျင်းပ ပြုလုပ်ခွင့် ရရှိလာခဲ့သည်။

___Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။