သန်းအောင် - News

ယခုလာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် ယခင် ၂၀၁၀ တုန်းက ရွေးကောက်ပွဲလို ပါတီကိုကြည့်ပြီး မဲပေးခဲ့သည့် အခြေအနေမျိုးမဟုတ်ဘဲ တကယ့်စွမ်းဆောင်နိုင်သည့် အရည်အချင်းရှိသည့် လူပုဂ္ဂိုလ် များကို ကြည့်ပြီး မဲပေးကြမည့် သဘောရှိနေကြောင်း မင်းပြား-မြေပုံက အမျိုးသားလွှတ်တော်သို့ ၀င်ပြိုင်မည့် ဦးအေးသာအောင်က ပြောကြားသည်။
" ဒီတစ်ခေါက်ရွေးကောက်ပွဲက ၂၀၁၀ နှင့်မတူပဲပေါ့လေ။ မိမိတို့ မြို့နယ်အတွက် တကယ့်ကို ဆောက်ရွက် နိုင်မယ့် ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ ပါတီထက် လူကိုရွေးပြီးတော့ မဲပေးမယ်ဆိုပြီး အသံတစ်သံထွက်လာတဲ့အတွက်ကြောင့် ကျနော်အနေနဲ့ ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာ အတိအကျ ပြောဖို့ ခက်ပါတယ်။ " ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့်ပါတီ ၂၂ ရှိပြီး၊ မင်းပြားမြို့နယ်တွင် ၈ ပါတီရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ များသောကြောင့် ခန့်မှန်းရခက်နေကြောင်း ဦးအေးသာအောင်ကဆိုသည်။
“ အစဉ်အလာအတိုင်းဆိုရင် ရခိုင်အမျိုးသားပါတီသည် မြောက်ပိုင်းမြို့နယ်များမှာ အောင်ပွဲခံဖို့ အနေအထားရှိပါတယ်။ ဒါပေမေ့ အခုတော့ ပါတီအောင်နိုင်ဖို့ အနေအထားကို မှန်းရတာ နည်းနည်းခက်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ရခိုင်မျိုးချစ်ပါတီကလည်း အားလုံးနေရာမှာ မဟုတ်တောင် နေရာအတော်များများမှာ ဝင်ပြိုင်တာတွေ့ရတယ်။ ” ဟုပြောသည်။
ရခိုင်အမျိုးသားပါတီကနေ ပါဝင်ရွေးချယ်ခွင့် မရရှိခဲ့သည့် ပုဂ္ဂိုလ်များက တစ်သီးပုဂ္ဂလအနေဖြင့် မြို့နယ်အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းကြောင့် ပါတီအတွက် ခန့်မှန်းရခက်နေသည်။
___The Arakan Times

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။