စူပါတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်မည့် အခြေအနေအတွက် ထိုင်ဝမ် ကြိုတင်ပြင်ဆင်


မုန်တိုင်းလာနိုင်သောကြောင့် လှေကို ပြင်ဆင်နေသူတစ်ဦး

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဒူဂျူအန်း တရွေ့ရွေ့ ချဉ်းကပ်လာမှုကြောင့် ထိုင်ဝမ်နိုင်ငံတွင် အရေးပေါ် ရွှေ့ပြောင်းရေး လုပ်ငန်းများကို အစပြု ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။


မုန်တိုင်း ဦးတည်နေသည့် အရှေ့ဘက် ကမ်းခြေ ဒေသတွင် စက်တင်ဘာ ၂၈ ရက်မှ စတင်ကာ လူအများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခိုလှုံနေပြီဟု အာဏာပိုင်များက ဆိုသည်။ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ စတင်ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မည်ဟု မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။

မုန်တိုင်းသည် စက်တင်ဘာ ၂၈ ရက် သန်းခေါင်ယံ မတိုင်မီ ကုန်းတွင်းဝင်ရောက်ဖွယ် ရှိနေပြီး မုန်တိုင်းအရှိန်ကြောင့် ထိုင်ဝမ် အရှေ့မြောက်ပိုင်း ဒေသ ကမ်းခြေများတွင် လှိုင်းလုံးကြီးများ စတင်ရိုက်ခတ်လျက် ရှိသည်။ ထို့အပြင် ငါးဖမ်းလှေများကိုလည်း ပင်လယ်ပြင်မှ ပြန်လည် ခေါ်ယူထားပြီ ဖြစ်သည်။

ထိုင်ဝမ် မိုးလေဝသ ဗျူရိုက စက်တင်ဘာ ၂၇ ရက်တွင် ဒူဂျူအန်း မုန်တိုင်းကို အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအဖြစ် စူပါတိုင်ဖွန်းဟု ကြေညာခဲ့သည်။ အခြားသော ဒေသတွင်း မိုးလေဝသ ဗျူရိုများကလည်း မုန်တိုင်း၏ လေတိုက်နှုန်းသည် တစ်နာရီ ၁၄၁ မိုင်အထက် မြင့်တက်နိုင်ပြီး စူပါတိုင်ဖွန်း အဆင့်တွင် ရှိနေကြောင်း အသီးသီး သတိပေး ကြေညာခဲ့သည်။

“ကျွန်းတစ်ကျွန်းလုံးမှာ ပြင်းထန်တဲ့ လေတိုက်နှုန်းတွေ၊ မိုးသည်းထန်မှုတွေ ကြုံလာရနိုင်တဲ့အတွက် နိုးနိုးကြားကြား ပြင်ဆင်ထားဖို့ တပ်လှန့်ထားပါတယ်”ဟု ထိုင်ဝမ် မိုးလေဝသ ဗျူရိုက ကြေညာခဲ့သည်။ စက်တင်ဘာ ၂၇ ရက် ကတည်းက ထိုင်ဝမ်ပိုင် ဂရင်းအိုင်းလန်းနှင့် အော့ကစ်အိုင်းလန်း ကျွန်းများရှိ ကမ္ဘာလှည့် ခရီးသည် အများစု အပါအဝင် လူ ၃၀၀၀ နီးပါးကို ကြိုတင် ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ကျွန်းများသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အောင်မြင်သည့် နေရာများ ဖြစ်သည်။

စက်တင်ဘာ ၂၈ ရက်တွင်မူ ကမ်းခြေဒေသများရှိ နောက်ထပ် လူပေါင်း ၄၀၀၀ ကျော်ကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။ ထိုင်ပေမြို့တော်ဝန် အဲရစ်ချူးက မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားရနိုင်သည့် ဧရိယာများ ရှိနေပြီး ထိုင်ပေမြို့ပြင်ရှိ ရေပူစမ်းမြို့ ဝူလိုင်သည်လည်း သတိထားရန် လိုကြောင်း ဆိုသည်။ “အဲဒီနေရာတွေက မုန်တိုင်း တိုက်ခတ်တဲ့အချိန်ကျရင် မြို့ကြီးတွေနဲ့ အဆက်အသွယ် ပြတ်သွားနိုင်တယ်။ လိုလိုမယ်မယ် အနေနဲ့ ကယ်ဆယ်ရေးနဲ့ ဆက်သွယ်ရေး ကိရိယာတွေကို ကြိုတင်ပြီး လုံလုံလောက်လောက် ပေးပို့ထားပါတယ်။ ဒေသခံတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရသည် စစ်သည် ၂၄၀၀၀ ကျော်ကိုလည်း ကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်များအတွက် အသုံးပြုရန် ဖြန့်ကျက် နေရာချထားသည်။ ဒူဂျူအန်း မုန်တိုင်းကြီးသည် ယခုအခါ ထိုင်ဝမ် အရှေ့ဘက် ကမ်းခြေမှ ချဉ်းကပ်လာနေပြီး မုန်တိုင်းဒဏ်ကြောင့် ထိုင်ဝမ်နိုင်ငံသားများ ကြိုတင်ပြင်ဆင်ထားသည့် ဆောင်းဦးပွဲတော်ကို ထိခိုက်မှုများ ရှိလာနိုင်ကြောင်းလည်း သိရသည်။

စက်တင်ဘာ ၂၈ ရက်တွင် ထိုင်ပေမြို့တော်၌ Bon Jovi အမေရိကန် Rockဂီတအဖွဲ့ ဖျော်ဖြေရန် စီစဉ်ထားမှုကိုလည်း ဖျက်သိမ်းခဲ့ရပြီး နိုင်ငံတကာ လေကြောင်းခရီးစဉ် ၁၆၉ ခုနှင့် ပြည်တွင်းခရီးစဉ် ၅၉ ခုကိုလည်း ဆိုင်းငံ့ထားရကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။