ကြံ့ခိုင်ရေးမှ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ၀င်ရောက်ယှဉ်ပြိုင်မည့် အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး အရှိန်မြင့်မည်

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၎

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းမှ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြီး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ရခိုင်လူထု အထူးစိတ်ဝင်စားနေသည့် အမ်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကို ရခိုင်အမျိုးသားပါတီမှ အစပြု အရှိန်မြင့် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ပါတီအောင်နိုင်ရေး အတွက် အမ်းမြို့နယ်ရှိ ကျေးရွာတချို့သို့ ခရီး ထွက်သွားပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကို အရှိန်မြင့် ဆောင်ရွက်ရန် စည်းရုံးရေး ခရီးစဉ်ကို စတင်နေပြီ ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇော်မင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“စက်တင်ဘာ ၅ ရက်နေ့မှာ မွှားနဲ့ တန်းတင်ရွာကို သွားမယ်။ ၆ ရက်နေ့မှာ လုံးရယ်၊ ဂါယ်လောင်းရယ်၊ စခန်းမော်ရယ်ပါ။ ၇ ရက်နေ့မနက်မှာဆိုရင် တက်တောင်သို့သွားမှာ ဖြစ်ပါတယ်။ ပါတီအောင်နိုင်ရေးအတွက် ဥက္ကဋ္ဌက ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ဦးဇော်မင်းက ပြောသည်။

ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်နှင့်အတူ၊ အမ်းမြို့နယ် တွင် ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်းများနှင့် အမ်းမြို့နယ် ရုံးအဖွဲ့မှ ၁၀ ဦး ပါဝင်သည်ဟု သိရသည်။

“ခရီးစဉ်က အောင်နိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ဂါယ်လောင်းနဲ့ စခန်းမော်မှာ ဥက္ကဋ္ဌကြီးအနေနဲ့ ပါတီနိုင်ငံရေး အခင်းအကျင်းတွေကို ဟောပြောသွား မှာဖြစ်ပါတယ်။ ပြည်နယ်အမှတ် ၁ မဲဆန္ဒနယ်မြေမှာတော့ ပြည်သူနဲ့ပါတီ အထိအတွေ့ နည်းပါသေးတယ်။ ဥက္ကဋ္ဌကြီးရဲ့ဟောပြောချက်တွေက ဒေသခံလူထုတွေက သဘောကျနေတာရှိပါတယ်။ ပါတီကိုလည်း သဘောကျတယ်ဆိုတော့ စည်းရုံးရေးကာလ မရောက်မီမှာ ဥက္ကဋ္ဌကိုယ်တိုင် လာရောက်ပြီးတော့ လူထုနဲ့ ထိတွေ့တာဖြစ်ပါတယ်”ဟု ဦးဇော်မင်းက ပြောသည်။

အမ်းမြို့နယ်တွင် ပါတီအပေါ်လူထုထောက်ခံမှုကို အားရသည့်အတိုင်းအတာကို မြင်တွေ့ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အယင်တုန်းက ယခုကဲ့သို့ အမျိုးသားရေးပါတီက အမ်းမြို့နယ် လူထုနှင့် ထိတွေ့မှုမရှိခဲ့ကြောင်းပြောသည်။

ဥက္ကဋ္ဌခရီးစဉ်မတိုင်မီ အမ်းမြို့နယ် ရုံးအဖွဲ့က ဥက္ကဋ္ဌ ခရီးစဉ်ရှေ့ပြေးအနေဖြင့် ၂-၃ ရက်ခန့် ဒေသခံလူထုနှင့် ထိတွေ့ပြီး လူထုအနေဖြင့် အမျိုးသားပါတီအပေါ် အားတက်သရော ရှိကြစေရန် လုပ်ဆောင်ခဲ့သည်ဟု သူကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကာလက ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအနေဖြင့် အမ်းမြို့နယ် မဲဆန္ဒနယ်မြေများတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိသဖြင့် ရခိုင် အမျိုးသားနိုင်ငံရေး အပေါ် ဒေသခံလူထုအနေဖြင့် သဘောပေါက် လာကြစေရန် ပြည်သူနှင့်ထိတွေ့နေရခြင်းဖြစ်သည်ဟု ဆိုသည်။

( ဓာတ်ပုံမှာ ဩဂုတ်လ ၃၀ ရက် တနင်္ဂနွေနေ့ နေ့လယ်က ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များတွင် ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီ အဖွဲ့များနှင့် တွေ့ဆုံနေစဉ်။)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။