ပေါက်တောမြို့ ဆိပ်ခံတံတားငယ်တစ်စင်း ကျိုးကျရာမှ ခရီးသည်များနှင့် အလုပ်သမား ၄ ဦးရေထဲမျောပါခဲ့သော်လည်း အသက်မသေဘဲ လွှတ်မြောက်ခဲ့

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ် ပေါက်တောမြို့ ဈေးအနီးရှိ အများပြည်သူ အသုံးပြုနေသော ဆိပ်ခံတံတားငယ် တစ်စင်း စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကျိုးကျပြီး ခရီးသည်နှင့်အလုပ်သမား ၄ ဦး ပစ္စည်းများနှင့် အတူ ရေထဲ မျောပါသွားသော်လည်း ထိခိုက်ဒဏ်ရာရမှု တစ်စုံတရာ မရှိကြောင်း သိရသည်။

ဆိပ်ခံတံတားမှာ ဟောင်းနွမ်းဆွေးမြေ့နေရာမှ ကျိုးကျခြင်း ဖြစ်ကြောင်း၊ ယခုအခါ တံတား ကျိုးကျ မှုကြောင့် ပေါက်တောမြို့နယ် ကျေးရွာအသီးသီးမှ ဈေးဝယ်လာနေသော ခရီးသွားစက်လှေများ ဆိုက်ကပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။

“တံတားကျိုးကျတော့ စက်လှေတွေက ဖြစ်သလိုဆိုက်ကပ်နေရပါတယ်။ ကျိုးကျသွားတဲ့ တံတားကို အစိုးရဌာနတစ်ခုကမှ အခုထိ ဘာမှ တာဝန်ယူပြုပြင်မှု မရှိသေးပါဘူးထင်တယ်။ မြို့သူမြို့သားတွေက ကိုယ်ထူကိုယ်ထ ပြုပြင်ဖို့ စီစဉ်နေကြတယ်လို့ ကြားသိရပါတယ်” ပေါက်တောမြို့လူမှုကွန်ရက် ဥက္ကဋ္ဌ ဦးဦးကျော်ဝင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဆိပ်ခံတံတားငယ် ကျိုးကျသွားသည့်အတွက် အခြားဆိပ်ခံ တံတားငယ် များသို့ ရွှေ့ပြီးဆိုက်ကပ်နေရသည့်အပြင် ဈေးအနီး မြစ်ထဲမျှောပြီး ပစ္စည်းများကို လှေငယ်များဖြင့် ဆိပ်ကမ်းထက်သို့ ပို့ဆောင် နေကြရသည် ဟု သိရသည်။

ယခု ပျက်စီးသွားသော ဆိပ်ခံတံတား သည် ပေါက်တော မြို့နယ် ကျေးရွာဒေသ အသီးသီးမှ ဈေးဝယ်လာသော စက်လှေများ ဆိုက်ကပ်နေသည့် အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဆိပ်ကမ်းများအတွက် သက်ဆိုင်ရာက စည်ပင်က ဆိပ်ကမ်းခွန်များကို နှစ်စဉ် လေလံတင် ကောက်ယူသော်လည်း ဆိပ်ခံ တံတားများကို ခိုခိုင်ခန့်ခန့် ပြုပြင်မှု မရှိသဖြင့် ဆိပ်ခံ တံတား အများစုမှာ အန္တရာယ်ရှိ အဆင့်သို့ ရောက်ရှိနေသည်ဟု သိရသည်။

( ကျိုးကျသွားသော တံတားနှင့် ကုန်များကို ရေထဲဆင်းပြီး သယ်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- နိရဉ္စရာ)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။