စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၆

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် အဖြစ် ရခိုင်ပြည်နယ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကို ယနေ့ တွင် ကျင်းပခဲ့သည်။
အဆိုပါပန်းချီပြိုင်ပွဲကို စစ်တွေမြို့အိုးတန်းရပ်ကွက် မူလတန်းကျောင်းတွင် ၉ နာရီမှ ၁၂ နာရီထိ ပြုလုပ်ခဲ့ပြီး အထက်တန်းအဆင့် ၂၅ ဦး၊ အလယ်တန်းအဆင့် ၃၉ ဦးနှင့် မူလတန်းအဆင့် ၃၉ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
အဆိုပါပန်းချီပြိုင်ပွဲကို ပန်းချီဆရာများအသင်းက ပြုလုပ်ခြင်းဖြစ်ပြီး ဆရာတော် ဦးဥတ္တမအား ကျောင်းသူကျောင်းသားများ သိရှိပြီး မျိုးချစ်စိတ်ဓါတ် ရှင်သန်လာစေရန်၊ အရည်အချင်းရှိသော ပန်းချီကျောင်းသားများ ပေါ်ထွက်လာစေရန်နှင့် ဘက်စုံပညာထူးချွန် တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပန်ချီပြိုင်ပွဲကို ကြီးကြပ်သူများထဲမှ တစ်ဦးဖြစ်သူ ဆရာကျော်ဇံမောင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
“ကျွန်မအရင်ကတည်းက ပြိုင်ပွဲတွေ ၀င်ဖူးပါတယ်။ ပြိုင်ပွဲတိုင်းမှာလည်း ဆုတွေရဖူးပါတယ်။ ဒုတိယတန်းကတည်း ပန်းချီသင်ပြီးတော့ ၀င်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက ပန်းချီဝါသနာပါတာပါ။ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု လုပ်ပြီးတော့ ပန်းချီလည်းဆွဲပါမယ်”ဟု အထက ၂ ဆယ်တန်းမှ မခင်ကျော့ကြိုင်က နိရဉ္စရာသတင်းဌာနသို့ပြောသည်။
_____Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။