ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာတွင် ကလေးချင်း လူသတ်မှုဖြစ်ရာမှ ကက်သလစ် သီလရှင်ကျောင်း အဆောက်အအုံအတွင်း ၀င်ရောက် ဖျက်ဆီးခံရ



ပဲခူတိုင်း အနောက်ပိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာတွင် ကလေးငယ်ချင်း လူသတ်မှုဖြစ်ရာမှ ကက်သလစ်သီလရှင်ကျောင်း အဆောက်အအုံတွင်း ၀င်ရောက် ဖျက်ဆီးခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၇ ရက်တွင် ပေါက်ခေါင်းမြို့နယ်နှင့် ၁၅ မိုင်ခန့် အကွာရှိ ပြည်-ပေါက်ခေါင်း-တောင်ငူလမ်းနံဘေး တောင်လယ်အုပ်စု ညောင်ဝန်းကျေးရွာရှိ ကက်သလစ်သီလရှင်ကျောင်း အတွင်းသို့ ည ၈ နာရီခွဲခန့်က ယင်း ကျေးရွာဒေသခံ အချို့နှင့် အခြားကျေးရွာများမှ လူအချို့ ၀င်ရောက်ခဲ့ပြီး လေးနှစ်အရွယ် မိန်းကလေး အသတ်ခံရမှုကို ကျေနပ်ခြင်းမရှိ၍ ကျောင်းအတွင်းရှိ ပရိဘောဂပစ္စည်းများနှင့် ဘာသာရေးဆိုင်ရာ အသုံးအဆောင်များ၊ သီလရှင်များ၏ အိပ်ခန်းဆောင်များ၊ ကလေးများ ထားရှိရာ အဆောင်များကို ဖျက်ဆီးသွားခဲ့ကြပြီး ၉ နာရီကျော်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း မျက်မြင်ကြုံတွေ့ လိုက်ရသည့် ဒေသခံများက ပြောပြသည်။

“ညကတော့ ကျောင်းကို လူအချို့ ရောက်လာတယ်။ လုံခြုံရေး ယူထားတဲ့ ဒေသခံရဲ အချို့လည်းရှိတယ်။ ရောက်လာတဲ့ လူတွေက သတ်သွားတဲ့ တရားခံ ဘယ်သူလဲ ဘာလို့သတ်တာလဲ ကျွန်တော်တို့ကို ရှင်းပြပါလို့ ပြောတယ်။ ရဲနဲ့ စကားပြောနေကြရင်း ထိုင်ခိုင်းတော့ ကျွန်တော်တို့ မထိုင်နိုင်ဘူး။ တရားခံ မဟုတ်ဘူးလို့ ပြောကြတယ်။ မနေ့ကမှ ဖမ်းမိတာဆိုတော့ စစ်ချက်ကယူတုန်းလို့ ပြောဆိုနေကြတုန်းမှာ တစ်ဖက်ကို ထိန်းနေတုန်းမှာ တစ်ဖက်က ရောက်လာတဲ့ လူအုပ်ကြီးက ၀ုန်း ၀ုန်းဆိုပြီး ၀င်ဖျက်ဆီးကြတာပဲ ၉ နာရီကျော် လောက်မှာ ထွက်သွားကြတယ်။ ကျွန်တော်တို့ကလည်း ကျေးရွာခံဆိုပေမယ့် ၀င်မထိန်းရဲဘူး။ အုပ်ချုပ်ရေးပိုင်းက လူတွေရယ်၊ ရဲတွေရယ်တောင် ၀င်တားလို့ မရဘူး။ ဘေးရှောင် နေကြရတာလေ။ အင်အား ဘယ်လောက်ဆိုတာ မသိဘူး။ တစ်စုပြီး တစ်စုတော့ ရောက်လာကြတယ်။ သိတာကတော့ ညနေပိုင်းက တည်းက သတင်းကရနေပြီး အုပ်ချုပ်ရေးပိုင်းက ကြိုစဉ်းစားထားဖို့ သင့်တယ်။ ဖြစ်တဲ့အချိန်မှာ ရဲအင်အား ငါးယောက်လောက်ပဲ ရှိတယ်။ အုပ်ချုပ်ရေးပိုင်းက နည်းနည်းပေါ့” ဟု ဖျက်ဆီးခံလိုက်ရသည့် ကျောင်းအနီးတွင် နေထိုင်သည့် ကိုမျိုးဦးက ဆိုသည်။

ယင်းကက်သလစ် သီလရှင်ကျောင်းတွင် အနီးအနား ကျေးရွာများမှ ဘာသာတူ နွမ်းပါးချို့တဲ့ ကလေး ၁၃ ဦးကို ခေါ်ယူ စောင့်ရှောက် ကျောင်းထားပေးနေပြီး ယင်းတို့အထဲမှ အသတ်ခံလိုက်ရသည့် ကလေးငယ်မှာ --- (လေးနှစ်) ဖြစ်ပြီး သတ်ဖြတ်လိုက်သည့် အသက်၁၄ ရွယ်မောင်----မှာ မကြာခင် ရက်ပိုင်းအတွင်းကမှ ယင်းကျောင်းသို့ HIV မိသားစုများထဲက ကူးစက်ခံရမှု ကင်းဝေးစေရန် NGO အဖွဲ့အစည်းတစ်ခု၏ အကူညီ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် မောင်နှမ နှစ်ဦးထဲမှဖြစ်ကာ အသတ်ခံရသူမှာ လွန်ခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ကျောင်းမှ ပျောက်သွားခဲ့ရာ မိဘဆွေမျိုးများနှင့် သီလရှင်ကျောင်းမှ တာဝန်ရှိသူများက ၀ိုင်းဝန်း ရှာဖွေသော်လည်း မတွေ့ရှိဘဲ စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်ကမှ အဆိုပါ ကျောင်းဝင်းအတွင်းရှိ မယ်တော်ရုပ်တုရှိရာ တောင်ထိပ် ချုံနွယ်များ အကြားတွင် တွေ့ရှိရာမှ ဒေသခံများနှင့် တင်းမာမှု ဖြစ်ပွားကာ ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်း၏ တာဝန်ရှိသူများထံမှ သိရသည်။

“ကလေးပျောက်သွားတော့ ကျွန်တော်တို့တွေကော၊ မိဘတွေ၊ ရဲတွေပါ နေရာတော်တော်များများမှာ လိုက်ရှာကြပါတယ်။ မတွေ့ဘူး။ မနေ့ကမှ အပုပ်နံ့ရလို့ မယ်တော်ရုပ်ထားရာ တောင်ကုန်းပေါ်ကို တက်ကြည့်တော့ သေဆုံးနေတဲ့ ကလေးကို တွေ့ရတော့ ရဲတွေကိုခေါ် အကြောင်းကြားပြီး ကလေး အလောင်းရယ် ရွာထဲက သံသယရှိနေတဲ့ ခေါ်ထိန်းသိမ်းထားတဲ့ မောင်နှမ နှစ်ဦးရယ်ကို ညနေ ၄ နာရီလောက်မှာ ကျောင်းကနေ ပေါက်ခေါင်းမြို့ကို ပို့ပါတယ်။ အဲအချိန်ကတည်းက ရွာက ခဲတွေနဲ့ စထုနေပြီ။ ဒါနဲ့ လုံခြုံရေး အခြေအနေအရ မြို့ကိုပြောင်းနေကြတယ်။ ညကျတော့ အဲလိုဖြစ်သွားတာပဲ” ဟု ကက်သလစ်ကျောင်းအား ကူညီ ထောက်ပံ့ပေးနေသည့် ဦးငွေမျိုးက ပြောကြားသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအား “ဒီဖြစ်စဉ်ကတော့ ကလေး သူငယ်တစ်ယောက်ရဲ့မိဘနဲ့ ကင်းကွာနေတဲ့ စိတ်ဖြစ်စဉ်အရ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဟိုးအရင် ရာဇ၀တ် ပြစ်မှုတွေအရ နောက်ခံ ဘက်ဂရောင်းနဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒါမျိုးတွေက ဒီဒေသမှာ ဖြစ်တတ်တဲ့ဖြစ်စဉ် မဟုတ်ဘူး။ ဒီဒေသက လူတွေရဲ့ ဒေါသအလျောက်ဖြစ်တာလည်း မဟုတ်ဘူး။ ဒေသခံ ကလေးငယ်တစ်ယောက် ဖြစ်သွားတာတဲ့ အပေါ်မှာ စိတ်အချဉ်ပေါက်ပြီး ၀ုန်းခနဲ့ ထဖြစ်သွားတာပါ။ ဒါမှာလည်း ထိခိုက်ပျက်စီးအောင် မီးရှို့ဖျက်ဆီးတာ မဟုတ်ဘူး။ အတင်း ၀င်ရောက်ပြီး လုပ်သွားတယ်။ အခုမှာတော့ ရွာကအဖွဲ့တွေနဲ့ ဆွေးနွေးပြီးတော့ ပြန်ပြီးအေးချမ်းသွားတဲ့ အခြေနေကို ရောက်သွားပါပြီ။ လုံခြုံရေးလည်း စိတ်ချရအောင် ဆောင်ရွက်ထား ပြီးပါပြီ” ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သက်နိုင်က ပြောကြားသည်။

လက်ရှိအခြေအနေအရ လူသတ်မှု ကျူးလွန်ခဲ့သည့် မောင်---- အား ပေါက်ခေါင်းမြို့နယ် ရဲစခန်းတွင် ကလေးသူငယ် ဥပဒေအရ ထိန်းသိမ်း စောင့်ရှောက်ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကာ ယင်းဒေသတွင်း အဆိုပါ ဖြစ်စဉ်မျိုး ယခင်က တစ်ကြိမ်မျှ ဖြစ်ပွားခဲ့ဖူးခြင်း မရှိကြောင်းလည်း သိရှိရပါသည်။



Writer:
ဝေလင်း(ပြည်)

____EMG
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။