ဆီးရီးယားတွင် အမေရိကန်နှင့် ပူးပေါင်းပြီး အိုင်အက်စ်တို့ကို တိုက်ရန် စဉ်းစားနေဟု ပူတင် ပြောကြား



အမေရိကန် သမ္မတ ဘာရတ် အိုဘားမားနှင့် တွေ့ဆုံခဲ့သည့်နောက် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို လေကြောင်းမှ ပူးပေါင်းတိုက်ခိုက်ရန် အလေးအနက် စတင်စဉ်းစားနေပြီဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။

အမေရိကန်နှင့် မဟာမိတ် နိုင်ငံများသည် ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်နေသော်လည်း ဆီးရီးယား အစိုးရနှင့် ပူးပေါင်းမှု မရှိချေ။ ယခုအခါ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်၏ အဓိက မဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံသည် အိုင်အက်စ်တို့ကို ချေမှုန်းရေး စစ်ပွဲတွင် ဆီးရီးယားကို လက်နက်များ စတင် ထောက်ပံ့နေပြီဖြစ်ရာ အမေရိကန်က ယင်းအခြေအနေကြောင့် အရှုပ်အထွေးများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိသည်။

စက်တင်ဘာ ၂၈ ရက်ကမူ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် အိုဘားမားနှင့် တွေ့ဆုံဖြစ်ခဲ့သည့်နောက် အိုင်အက်စ်တို့အပေါ် စစ်ရေးအရ မည်သို့ အရေးယူမည်ကို ဆွေးနွေး တိုင်ပင်ခဲ့ကြောင်း ပူတင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော်လည်း ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုတွင် ဆီးရီးယား ပြည်တွင်းစစ်မီးကို ရပ်တန့်ရန် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်မည် ဆိုသည့် အပေါ်တွင်မူ သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ ရုရှားက လက်ရှိ အခြေအနေတွင် အာဆက်ဒ်၏ အစိုးရဘက်မှ မရပ်တည်ခဲ့ပါက အလွန်ကြီးမားသည့် အမှားတစ်ရပ် ဖြစ်လာမည်ဟု ခံယူကြောင်း ပူတင်က ဆိုသည်။

အမေရိကန်နှင့် ပြင်သစ်တို့က ဆီးရီးယားတွင် အာဆက်ဒ် အစိုးရ နုတ်ထွက်ပေးရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ပူးတွဲ ကြေညာခဲ့သော်လည်း ပူတင်ကမူ “သူတို့ (အမေရိကန်နှင့် ပြင်သစ်)ဟာ ဆီးရီးယား နိုင်ငံသားတွေ မဟုတ်ဘူး။ ဒီတော့ တခြားနိုင်ငံ တစ်ခုရဲ့ ခေါင်းဆောင် ရွေးချယ်မှု ကဏ္ဍမှာ ဝင်မပါသင့်ပါဘူး”ဟု မှတ်ချက်ပေးခဲ့သည်။ ထို့အပြင် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်ရာ၌လည်း ကုလသမဂ္ဂက ခွင့်ပြုချက် ပေးမှသာ အကောင်အထည် ဖော်မည်ဟုလည်း ပူတင်က ဆိုသည်။ ထို့အပြင် ဆီးရီးယား၌ ရုရှားမြေပြင်တပ်များ လုံးဝ ပါဝင်တိုက်ခိုက်မည် မဟုတ်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

အိုဘားမားနှင့် ပူတင်တို့သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အခမ်းအနား ပြင်ပတွင် မိနစ် ၉၀ မျှ အချိန်ယူ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပူတင်က အပြုသဘောဆောင်ပြီး အလုပ်သဘောဆန်ကြောင်း မှတ်ချက်ပေးသွားခဲ့သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။