တရုတ်နှင့် အမေရိကန် ပဋိပက္ခများ ဖြစ်နေပါက နှစ်နိုင်ငံလုံး ပျက်စီးကိန်း ကြုံနိုင်ဟု တရုတ်သမ္မတ ပြောကြား



တရုတ်နှင့် အမေရိကန်တို့ကြား ပဋိပက္ခများ၊ တင်းမာမှုများ ရှိနေပါက ဆိုးကျိုးများသာ ဖြစ်ပျက်လာနိုင်ကြောင်း တရုတ်သမ္မတ စီကျင်းပင်က ပြောကြားလိုက်သည်။

အမေရိကန်သို့ ပထမဆုံးအကြိမ် တရားဝင် ခရီးစဉ် သွားရောက်ရာ၌ သမ္မတစီက ရပ်တည်မှု မတူညီသည့် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ရန် တောင်းဆိုလိုက်သည်။ အမေရိကန်တွင် ၎င်းပထမဆုံး ပြောကြားသည့် မိန့်ခွန်း၌ စီက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုများ ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်းနှင့် တစ်နိုင်ငံ၏ မဟာဗျူဟာ ရည်ရွယ်ချက်တိုင်းသည် အခြားနိုင်ငံနှင့် ဆက်ဆံရေး ကဏ္ဍကို အလေးထား စဉ်းစားသင့်ကြောင်း ထည့်သွင်း ပြောဆိုသွားသည်။

“ကျွန်တော်တို့ဘက်က နားလည်မှုတွေ၊ ယုံကြည်မှုတွေ ပိုတိုးလာပြီး စိမ်းကားမှုတွေ၊ သံသယတွေ လျော့ပါးသွားတာကို ပိုပြီး လိုလားပါတယ်”ဟု အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အများစု ပါဝင်သည့် ဧည့်ပရိသတ်ကို စီက ပြောကြားခဲ့သည်။ “နှစ်နိုင်ငံ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်နေမယ်ဆိုရင် အမေရိကန်ရော၊ တရုတ်အတွက်ပါ ပျက်စီးကိန်းကြုံတဲ့ အခြေအနေဆီ ဦးတည်သွားနိုင်ပါတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်သွားနိုင်တယ်”ဟုလည်း ၎င်းက ဆိုသည်။
စီက တရုတ်နိုင်ငံသည် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ဆို့တားမြစ်ရန် အစီအစဉ် မရှိကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်များကို အခိုင်အမာ ထပ်မံ ကတိပေးခဲ့သည်။ “ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ် တံခါးပိတ်လိုက်တာမျိုး တရုတ်ဟာ ဘယ်တော့မှ မလုပ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် စီးပွားရေး လုပ်ငန်းများကို တရုတ်မှ ဟက်ကာများက ဆိုက်ဘာရေးရာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်ပြီးလည်း တရုတ်အစိုးရ အနေဖြင့် ကူညီ အဖြေရှာသွားမည်ဟု စီက ဆိုသည်။ “စီးပွားရေး နယ်ပယ်မှာ ဖောက်ထွင်းခိုးယူမှုတွေ၊ အလားတူ အားထုတ်မှုတွေကို တရုတ်အစိုးရက ဘယ်တော့မှ အားပေး ကူညီမှာ မဟုတ်ပါဘူး။ ဒါဟာ ရာဇဝတ်မှုပါ။ တရုတ်အနေနဲ့ ဒီလို ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖော်ထုတ် သိရှိလာရင် ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်သွားမှာပါ”ဟု သမ္မတက အခိုင်အမာ ပြောဆိုသွားသည်။

စီသည် အမေရိကန် ခရီးစဉ်တွင် စက်တင်ဘာ ၂၅ ရက်၌ အိမ်ဖြူတော်သို့ သွားရောက်ကာ နိုင်ငံတော် ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်တွင် နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောရန် စီစဉ်ထားသည်။ တရုတ်၏ စီးပွားရေးသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အရှိန်အဟုန် ကြီးမားစွာ တိုးတက်ခဲ့ပြီး ယခုအခါ တိုးတက်မှု အရှိန် နှေးကွေးလာသည့်နောက် တရုတ်ထုတ်ကုန်များအပေါ် တောင်းဆိုမှု မြင့်မားနေသည့် ကမ္ဘာ့နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာရာ ယခုခရီးစဉ်အပေါ် နိုင်ငံတကာက အလေးအနက် စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။