ကိုကာကိုလာစက်ရ ဂိုဒေါင်တစ်ခု မီးလောင်နေသည်ကို မီးသတ်သမားများ ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်စက်မှုဇုန်ဝင်း၊ ၇ လမ်၊ ခြံအမှတ် ၂၈၉ ရှိ ကိုကာကိုလာစက်ရုံ၏ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားသော ဂိုဒေါင်တစ်လုံးတွင် စက်တင်ဘာ ၂၄ ရက်၊ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က မီးလောင်ကျွမ်းခဲ့ရာ မီးသတ်ကား ၆၀ ခန့်ဖြင့် ခြောက်နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မင်္ဂလာဒုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်တွင် သကြားရည်ပူ လောင်ခံရ၍ ခွဲစိတ်ရမည်ဟု အကြမ်းဖျင်း သိရှိထားပြီး မြောက်ဥက္ကလာပ ဆေးရုံတွင် ကုသမှုခံယူနေကြောင်း ၎င်းအား ဆေးရုံလိုက်ပါ ပို့ဆောင်ပေးခဲ့သည် ကြက်ခြေနီ ၀န်ထမ်းများက ပြောကြားသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များမှ မီးသတ်ယာဉ် စုစုပေါင်း ၆၉ စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၆၅ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှု အဆင့် (၃) အဖြစ် သတ်မှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကာကိုလာ စက်ရုံ၏ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်းနေမှုကို မီးသတ်သမားများ ငြှိမ်းသက်နေစဉ်
ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားသော ဂိုဒေါင်အတွင်း၌ သကြားအိတ်များ၊ ပလတ်စတစ်ဘူးများ၊ သတ္တုဘူးများ စသည့် အချိုရည် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားနေစဉ် လေတိုက်နှုန်း မြင့်မားနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ခက်ခဲစွာ ငြှိမ်းသတ် ခဲ့ရကြောင်း သိရသည်။
ယင်းသို့ ငြှိမ်းသတ်နေစဉ် ဂိုဒေါင်အ၀င် မျက်နှာစာမှ မီးတောက်များနှင့် မီးခိုးလုံးများကြောင့် ဂိုဒေါင်၏ အချို့နေရာများသို့ တပ်ဖွဲ့ဝင်များ ၀င်ရောက်ငြှိမ်းသတ်ရန် အခက်အခဲရှိနေစဉ် မီးသတ်ဌာနချုပ်မှ Water Tower မီးသတ်ကား ရောက်ရှိလာပြီး အပေါ်စီးမှ ရေဖြန်းနိုင်ခဲ့သည်။
“မနက် ၇ နာရီလောက်မှာ မီးခိုးလုံးတွေ တက်လာတာ စတွေ့ရတယ်။ ပထမတော့ စက်ရုံဝင်းထဲမှာ လမ်းခင်းနေတာမို့ ကတ္တရာ ကျိုတယ်လို့ ထင်နေတာ။ နောက်တော့ မီးခိုးလုံးက အရမ်းကြီးလာတယ်။ မီးခိုးတွေအူပြီး အလိမ့်လိုက်တက်နေတာ။ ကျွန်တော်တို့ စက်ရုံတွေဘက် ရောက်တော့ မီးသတ်ကား ခုနစ်စီးလောက် ရောက်နေပြီ” ဟု လာရောက် ကြည့်ရှုသော ပြည်သူတစ်ဦးက ပြောကြားသည်။
လတ်တလောတွင် ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ဂိုဒေါင်တာဝန် ရှိသူများက မီးလောင်မှု အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်ပြီး ညနေ ၄ နာရီခန့်အထိ မသိရသေးကြောင်း သိရသည်။
Writer:
ကြည်နိုင်
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။