ယီမင်မြို့တော်တွင် အသေခံ ဗုံးခွဲမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး



ယီမင်နိုင်ငံမြို့တော် ဆာနာတွင် စက် တင်ဘာ ၂၄ ရက်က ဗလီတစ်ခု၌ ရှီအိုက် ၀တ်ပြုသူများအား ပစ်မှတ်ထားသော အသေခံ ဗုံးခွဲမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည်ဟု ဆေးဘက်ဝန်ထမ်းများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ တာဝန်ယူ ထုတ်ပြန်မှု မရှိသေးသော်လည်း ဆာနာမြို့တွင် ပြီးခဲ့သော လများအတွင်း IS က ရှီအိုက်များကို ပစ်မှတ်ထားသော ဗုံးခွဲတိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုသည် ဟူသီရှီအိုက်သူပုန်များ ထိန်းချုပ်ထားသော ဆာနာရှိ ဘာလီလီ ဗလီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အစ္စလာမ်ပြက္ခဒိန်တွင် အရေးပါဆုံး အားလပ်ရက်ဖြစ်သည့် အိဒ်နေ့မတိုင်မီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းဗလီထဲတွင် ပထမဆုံး ပေါက်ကွဲသံ ကြားခဲ့ရပြီးနောက် ၀တ်ပြုသူများသည် ကြောက်လန့်တကြားဖြင့် အပြင်သို့ ထွက်ပြေးလာစဉ် ဗလီဝင်ပေါက်တွင် အသေခံဗုံးခွဲသမား တစ်ဦးက ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲလိုက်ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ဗလီထဲတွင် ဖြစ်ပွားခဲ့သော ပထမဆုံး ပေါက်ကွဲမှုသည် အသေခံ ဗုံးခွဲသမား၏ လက်ချက် ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

IS အဖွဲ့သည် ပြီးခဲ့သော မတ် ၂၁ ရက် တွင် ဆာနာရှိ ရှီအိုက်ဗလီ အများအပြားကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၁၄၂ ဦးသေဆုံးခဲ့သည်။ ထို့ပြင် ကူဝိတ်နှင့် ဆော်ဒီအာရေဗျရှိ ဗလီများကိုလည်း တိုက်ခိုက်ခဲ့ကြောင်း IS အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆွန်နီအများစု နေထိုင်သော ဆာနာမြို့ကို အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များက ပြီးခဲ့သောနှစ်တွင် ထိန်းချုပ်ခဲ့ပြီး ၎င်းတို့သည် ယီမင်နိုင်ငံရှိ အခြားနေရာများကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

ယီမင်အစိုးရ လိုလားသော တပ်ဖွဲ့ဝင်များသည် ဆော်ဒီဦးဆောင်သည့် အာရပ်ညွန့်ပေါင်း၏ လေကြောင်း တိုက်ခိုက်မှုနှင့် တပ်ဖွဲ့ဝင်များ ထောက်ကူပေးမှုဖြင့် ယီမင်၏ ဒုတိယ အကြီးဆုံးမြို့ အေဒင်အပါအ၀င် နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်အချို့ကို မကြာသေးမီက ပြန်လည်ထိန်းချုပ် နိုင်ခဲ့ကြောင်း သိရသည်။

ဟူသီသူပုန်များ ချီတက်လာမှုကြောင့် ဆော်ဒီအာရေဗျသို့ ထွက်ပြေးခဲ့ရသည့် ယီမင်သမ္မတ မန်ဆာဟာဒီသည် ခြောက်လကြာ တိမ်းရှောင်ခဲ့ရပြီးနောက် စက်တင်ဘာ ၂၂ ရက်တွင် အေဒင်မြို့သို့ ပြန်လာနိုင်ခဲ့ပြီး နိုင်ငံကို ဟူသီသူပုန်များ လက်အောက်မှ လွတ်မြောက်အောင် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းသည် ပြီးခဲ့သောမတ် ၂၆ ရက်မှ စတင်၍ ယီမင်ရှိ ဟူသီသူပုန်များကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သော ဇူလိုင်တွင် မြေပြင်တိုက်ခိုက်မှု စတင်ခဲ့သည်။ ယီမင်တွင် ဖြစ်ပွားခဲ့သော ယင်းပဋိပက္ခအတွင်း သေဆုံး သူ ၅၀၀၀ ခန့်ရှိလာပြီး ၂၅၀၀၀ ခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

Ref : AFP

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။