ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည့် အခင်းဖြစ်ပွားရာ နေရာအား တွေ့ရစဉ်
သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား သတ်ခဲ့သော တရားခံပြေးတင်မြင့်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူဖြစ်ကြောင်း သန်လျင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် တရားခံပြေးတစ်ဦးအား ဖမ်းဆီးရာမှ အသတ်ခံရသော အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ ဈာပနအခမ်းအနားကို စက်တင်ဘာ ၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် သန်လျင်မြို့နယ်ရှိ အမိုးဒီသုဿန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“တရားခံက ၂၀၀၂ မှာထောင် ၁၀ နှစ် ကျခံရတယ်။ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့ ၄ နှစ်ခွဲလောက် ကျခံပြီးတဲ့နောက် ပြန်လွတ်လာသူပါ။ အခုလည်း လွတ်ငြိမ်းချမ်းသာခွင့် ၅၀၀၀ လောက် ပြန်လွှတ်လာတော့ ရဲတွေက ပြန်ထိန်းနေရတယ်” ဟု သန်လျင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျူးလွန်သူ တင်မြင့်သည် ၂၀၀၂ ခုနှစ်က လူသတ်မှုဖြင့် ထောင်ဒဏ်(၁၀) နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ထောင်ဒဏ်(၄)နှစ်ခွဲ ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၄ ခုနှစ်တွင် အပြင်းအထန် နာကျင်စေမှု၊ ပြစ်မှု ပုဒ်မ-၃၂၆ ဖြင့် စာရင်းဝင် တရားခံပြေးအဖြစ် ထွက်ပြေးလွတ်မြောက် နေသူဖြစ်ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။
သန်လျင်မြို့မရဲစခန်းမှ ရဲအုပ်အောင်နိုင်နှင့် ရဲတပ်ကြပ်သူရလွင်တို့သည် စက်တင်ဘာ ၂ ရက်၊ နံနက်ပိုင်းက ဘုရားကုန်းကျေးရွာ၊ သဘာဝအလှ တည်းခိုခန်းရှိ တရားခံပြေး တင်မြင့်အား လက်ရဖမ်းဆီးရာ ၎င်းတရားခံပြေးက ဓားဖြင့် ပြန်လည်ထိုးခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။
သေဆုံးသွားသော ရဲအုပ်အောင်နိုင်တွင် သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပြီး ရဲတပ်ကြပ် သူရလွင်တွင် သားနှစ်ယောက် ကျန်ရစ်ခဲ့ကြောင်း သိရသည်။ တရားခံပြေးတင်မြင့် (၄၇)နှစ်သည် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ ဇာမဏီဆည်အနီး နေထိုင်သူဖြစ်သည်။
အဆိုပါအမှုအား သန်လျင်မြို့မ ရဲစခန်းတွင် (ပ) ၅၆၃/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။
သမ္မတဦးသိန်းစိန် လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူများမှာ ၂၀၁၁ ခုနှစ်၊ မေ ၁၆ရက်က အကျဉ်းသား ၅၅ ဦး၊ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အကျဉ်းသား ၂၄၁ ဦး၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် အကျဉ်းသား ၃၀၂ ဦး၊ ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်တွင် အကျဉ်းသား ၄၆ ဦး၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၈၈ ဦး၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် အကျဉ်းသား အချို့အား လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဧပြီ ၁၃ ရက်တွင် အကျဉ်းသား ၆၉ ဦး၊ ၂၀၁၃ ခုနှစ် မေ ၁၇ ရက်တွင် ၂၃ ဦး၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်တွင် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ဂဏန်းခန့်နှင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ရာဇ၀တ် အကျဉ်းသား အများစုပါဝင်သည့် အကျဉ်းသား ၆၉၀၀ ကျော်ကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
Writer:
ကြည်နိုင်
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။