အစ္စရေး အရပ်သား နေအိမ်များကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အစ္စရေး လေတပ်က ဂါဇာတွင် လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၃ ရက်တွင် ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတို့၏ အခြေစိုက်စခန်း နေရာတစ်ခုကို ဗုံးကြဲခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်က ဂါဇာမြောက်ပိုင်းရှိ အစ္စရေး နိုင်ငံသားများ နေထိုင်ရာ အိမ်နှစ်လုံးကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အစ္စရေးက ယခုလို အရေးယူ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ဂါဇာသည် အစ္စရေးတို့၏ မဟာရန်သူတော် ဟားမားစ်တို့ ထိန်းချုပ်ထားရာ ပါလက်စတိုင်း နယ်မြေဖြစ်သည်။
အစ္စရေး ရေဒီယို၏ အဆိုအရ နာတစ်ဗ်ဟာအက်ရှ်ရာရှိ အစ္စရေး နေအိမ်များ ပစ်ခတ်ခံရမှုတွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။ အစ္စရေး၏ ဗုံးကြဲ တိုက်ခိုက်မှုတွင်လည်း ပါလက်စတိုင်းတို့ဘက်မှ အပျက်အစီး အသေအပျောက်ရှိကြောင်း သတင်းမကြားရချေ။
နာတစ်ဗ်ဟာအက်ရှ်ရာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီ အကြီးအကဲ ယာရီဖာဂျောင်က အစ္စရေး အစိုးရအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ပိုမို အကာအကွယ်ပေးရန် တောင်းဆိုထားသည်။ “ဒီလို ခြိမ်းခြောက်မှုမျိုးတွေ ရှိနေသ၍တော့ ဘယ်လိုမှ စိတ်အေးလက်အေး နေလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့က အရေးတကြီး လိုအပ်နေပါပြီ”ဟု ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်သည် စက်တင်ဘာ ၂ ရက် ချောင်းမြောင်းပစ်ခတ်မှုကို စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောတွင် အဆိုပါ ဒေသရှိ အစ္စရေး နေအိမ်များတွင် အိမ်သားများ အနေဖြင့် ပြတင်းပေါက်များ အနီးမှ ရှောင်ခွာနေရန် ညွှန်ကြားထားသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။