ဗီဇာလိမ် လက်ထပ်မှုများကိစ္စ ဖခင်နှင့်သမီးကို ဖမ်းဆီး

အမေရိကန် ပြည်ထောင်စုတွင် တရားဝင် နေထိုင်ခွင့် ဗီဇာရရှိစေရန် အယောင်ဆောင် လက်ထပ်မှုများ စီစဉ်ဆောင်ရွက်ပေးသော တရုတ်လူမျိုး ဖခင်နှင့်သမီးတို့ကို စက်တင်ဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် လူဝင်မှုနှင့် အကောက်ခွန်ကြီးကြပ်ရေး အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး၊ ၎င်းတို့နှင့် ကြံရာပါတစ်ဦးကို ရှာဖွေစုံစမ်းလျက် ရှိပါသည်။ ၎င်းတို့ သုံးဦးဂိုဏ်းသည် တရုတ်လူမျိုးများကို အမေရိကန်နိုင်ငံသားများနှင့် အယောင်ဆောင် လက်ထပ်မှုများ ပြုလုပ်ပြီးနောက် ဂရင်းကဒ်ခေါ် အမြဲတမ်း နေထိုင်ခွင့်ဗီဇာ ရရှိအောင် စီစဉ်ပေးခြင်း ဖြစ်သည်။
ဗီဇာလိမ်လည်မှုတွင် အမေရိကန်နိုင်ငံသားနှင့် တရုတ်လူမျိုးတို့ အယောင်ဆောင် လက်ထပ်၍ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံ ဖြစ်ပါသည်။ဗီဇာလိမ်လည်မှုတွင် အမေရိကန်နိုင်ငံသားနှင့် တရုတ်လူမျိုးတို့ အယောင်ဆောင် လက်ထပ်၍ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံ ဖြစ်ပါသည်။ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ ဆင်ခြေဖုံးရှိ စန်တာဖေး စပရင်းမြို့နေ တရုတ်အမျိုးသား ဂျေဆင် ရှောင် (၆၅ နှစ်) နှင့် ပါဆာဒီးနားမြို့နေ သမီးဖြစ်သူ လင်း လျောင် (၄၃ နှစ်) တို့ကို အာဏာပိုင်များက ဖမ်းဆီးအရေးယူထားပါသည်။ အယောင်ဆောင် လက်ထပ်ပေးမည့် အမေရိကန်နိုင်ငံသားများကို ရှာဖွေစည်းရုံးပေးသူ ရှန်နွန် မန်ဒိုဇာ (၄၈ နှစ်) ကို စုံစမ်းရှာဖွေနေဆဲ ဖြစ်၏။
၎င်းတို့ ဂိုဏ်းသည် အယောင်ဆောင် လက်ထပ်မှုတစ်ခုအတွက် ဒေါ်လာ ၅၀,၀၀၀ အထိ အခကြေးငွေ ရယူလုပ်ကိုင်ပြီး၊ ၂၀၀၆ ခုနှစ်မှ စတင်၍ ထိုကဲ့သို့ လက်ထပ်မှု ၇၀ ကျော်ဖြင့် ဒေါ်လာ ၃.၅ သန်း ရရှိခဲ့သည်ဟု အာဏာပိုင်များက စွဲဆိုထားသည်။
အားလုံးအတုချည်းပဲ
သမီးဖြစ်သူ လင်း လျောင်သည် ပါဆာဒီးနားမြို့ရှိ အထက်တန်းကျသော ရုံးလုပ်ငန်းဌာနများ တည်ရှိရာ ရပ်ကွက်တွင် ဖူးစာရေး ရုံးခန်းတစ်ခုကို ဖွင့်လှစ်ထားကာ စုံတွဲများ ရှာဖွေပေးခြင်း၊ ထိမ်းမြားလက်ထပ်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ကိုင်နေသည်။ ရှန်နွန် မန်ဒိုဇာသည် ငွေကြေး အလွန်အမင်း လိုအပ်နေသော အမေရိကန်နိုင်ငံသားများကို လိုက်လံ ရှာဖွေပြီး ၎င်းရုံးခန်းသို့ ပို့ဆောင်ပေးသည်။ ဖခင် ဂျေဆင် ရှောင်က ရှေ့နေအဖြစ် ဟန်ဆောင်ကာ လက်ထပ်မှုများ စီစဉ်၍ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာလိမ်လည် လျှောက်ထားပေးပါသည်။
၎င်းအယောင်ဆောင်မှုတွင် ပါဝင်မည့် အမေရိကန်နိုင်ငံသားများသည် စီးပွားရေး ကျပ်တည်းကာ အချို့မှာ ဟုမ်းလက်စ်ခေါ် အိမ်ခြေမဲ့များ ဖြစ်၏။ ၎င်းတို့ကို စီးပွားရေး ချောင်လည်သူများအဖြစ် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ယုံကြည်အောင် အခွန်စာရွက်စာတမ်း၊ ဘဏ်ငွေစာရင်းများ၊ အိမ်ငှားစာချုပ်များ စသည်တို့ကိုလည်း တရားခံများက အတုပြုလုပ် တင်ပြခဲ့ကြသည်။
ဂရင်းကဒ်ခေါ် အမြဲတမ်းနေထိုင်ခွင့် ဗီဇာလိုချင်သော နိုင်ငံခြားသားအတွက် သင့်လျော်သော အမေရိကန်နိုင်ငံသား အမျိုးသား သို့မဟုတ် အမျိုးသမီးကို လျောင်၏ ဖူးစာရေး ရုံးခန်းတွင် စုံတွဲရှာပေးသည်။ ထို့နောက် ဇနီးခင်ပွန်း၏ မွေးနေ့၊ အလုပ်အကိုင်၊ ကိုယ်ပေါ်ရှိ အမှတ်အသား၊ အရေးကြီးသော နေ့ထူးများ စသည့် ကိုယ်ရေးအချက်အလက်များကို အလွတ်ကျက်မှတ်ထားစေသည်။ ဗီဇာကိစ္စ ဆုံးဖြတ်မည့် အရာရှိများက စစ်မေးလျှင် မကွဲလွဲစေရန် ဖြစ်၏။
အယောင်ဆောင် မင်္ဂလာပွဲ အခမ်းအနားနှင့် ဟန်းနီးမွန်း ပျားရည်ဆမ်းခရီးများ ထွက်စေ၍ ဓာတ်ပုံများ ဖန်တီးရိုက်ကူးခြင်းတို့ဖြင့် ဗီဇာလျှောက်လွှာကို ပြင်ဆင်တင်သွင်းကြသည်။
ဂေးနှင့်လင်ရှိမယား၏ မင်္ဂလာဆောင်
လော့စ်အိန်ဂျယ်လိစ်အနီးရှိ အာရှနိုင်ငံသား များပြားသော တမ်ပယ်လ်စီးတီးမြို့၊ Dynasty Wedding Studio အမည်ရှိ မင်္ဂလာခန်းမတွင် ကျင်းပသော အမေရိကန်နိုင်ငံသားနှင့် တရုတ်အမျိုးသမီးတို့၏ မင်္ဂလာဆောင် အခမ်းအနားကို တရားခံများက စီစဉ်ပေးခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ထုတ်ကြသည်။ လိင်တူစုံမက်သော ဂေး သတို့သား၏ ချစ်သူအမျိုးသားနှင့် သတို့သမီး၏ ခင်ပွန်းတို့လည်း ၎င်းမင်္ဂလာပွဲသို့ ပရိသတ်များနှင့်အတူ တက်ရောက်ခဲ့ကြသည် ဆို၏။
မင်္ဂလာပွဲအပြီးတွင် ဂေးသတို့သားကို နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်မြို့သို့ သီးခြားသွားစေကာ သတို့သမီးနှင့် ဆုံတွေ့ပြီး ဟန်းနီးမွန်းအသွင် ဓာတ်ပုံများကို လတ်စ်ဗေးဂတ်စ်တွင် ရိုက်ကူးစေပြန်သည်။
ဖခင်၊ သမီးနှင့် အခြားတစ်ဦးတို့ လုပ်ကိုင်နေသော ဗီဇာလိမ်လည်မှုအကြောင်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အမည်မဖော်သူတစ်ဦးက လူဝင်မှုနှင့် အကောက်ခွန် ကြီးကြပ်ရေးဌာန (ICE) သို့ တယ်လီဖုန်းဖြင့် သတင်းပေးခဲ့ပါသည်။
တရားခံများသည် ကယ်လီဖိုးနီးယားပြည်နယ်ထုတ် တရုတ်သတင်းစာများတွင် ကြော်ငြာထည့်သွင်း၍ ဖောက်သည်များ ရှာဖွေစည်းရုံးနေကြသည်။ ၎င်းတို့သည် ၂၀၀၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ အယောင်ဆောင် လက်ထပ်မှု ၇၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၃.၅ သန်း ရရှိကာ ကားအကောင်းစားကြီးများဖြင့် အထက်တန်းကျကျ နေထိုင်ကြောင်း စုံစမ်းတွေ့ရှိခဲ့ကြသည်။
အစိုးရအရာရှိများသည် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် မိမိတို့ဌာနမှ သတင်းပေးတစ်ဦးကို ဗီဇာလိုချင်သော တရုတ်နိုင်ငံသားအဖြစ် ဟန်ဆောင်စေကာ ၎င်းတို့၏ ရုံးသို့ အယောင်ဆောင် လက်ထပ်ပေးရန် ဆက်သွယ်စေခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း အမေရိကန်နိုင်ငံသား ဇနီးလောင်းတစ်ဦးကို တရားခံများက ရှာဖွေပေးခဲ့ပြီး လက်ထပ်ရန် စီစဉ်ခဲ့ကြောင်း အစိုးရအရာရှိများက ပြောကြားသည်။
လက်ထပ်မည့် အမျိုးသမီးနှင့် အသက်ချင်း ကွာခြားနေသဖြင့် ဖြစ်မှ ဖြစ်ပါမလားဟု သတင်းပေးတရုတ်အမျိုးသားက မေးမြန်းရာတွင် အမေရိကန်များသည် ထိုကိစ္စမျိုးကို ဂရုမစိုက်ကြောင်း၊ အသက် ၈၈ နှစ်နှင့် အသက် ၂၀ လက်ထပ်ခြင်းမှာ သာမန်သာ ဖြစ်ကြောင်း ဂျေဆင် ရှောင်က ဖြေကြားသည်ဟု သိရသည်။
အယောင်ဆောင်မှုတွင် ပါဝင်မည့် အမေရိကန်နိုင်ငံသားများကို တစ်ဦးလျှင် ဒေါ်လာ ၁၀,၀၀၀ အထိပေးမည်ဟု ၎င်းတို့က ကတိပြုခဲ့ကြသော်လည်း အချို့မှာ အခကြေးငွေ မရခဲ့ကြောင်း ထွက်ဆိုကြသည်။
အယောင်ဆောင် လက်ထပ်၍ ဗီဇာလိမ်လည်မှုများကို လူမျိုးမရွေး ကျူးလွန်တတ်ကြပြီး၊ တရုတ်လူမျိုးများ ပိုမိုများပြားသည်ဟု မယူဆနိုင်ကြောင်း လူဝင်မှု အထူးထောက်လှမ်းရေးအရာရှိ ကလော့ဒ် အာနိုးလ်က ပြောကြားသည်။ တရုတ်များသာမက၊ လက်တင်အမေရိကလူမျိုးများ၊ ဗီယက်နမ်၊ ကိုရီးယားလူမျိုးများလည်း ထိုကဲ့သို့ အယောင်ဆောင် လက်ထပ်ခြင်းဖြင့် ဂရင်းကဒ် ဗီဇာရရှိအောင် ကြိုးပမ်းကြကြောင်း သိရသည်။
နိုင်ငံမျိုးစုံ နေထိုင်ခွင့်ရထားသည့် သားအဖ
ဖမ်းဆီးထားသော တရားခံ ဖခင်နှင့် သမီးတို့ကို ပြည်ထောင်စု တရားသူကြီးက ၎င်းတို့၏ ဩစတြေးလျ ပတ်စပို့များကို အပ်နှံစေပြီးနောက် အာမခံဖြင့် လွှတ်ပေးကာ အမှုကို ရင်ဆိုင်စေမည် ဖြစ်သည်။ တရားခံနှစ်ဦးသည် တရုတ်နှင့် ဩစတြေးလျ နှစ်နိုင်ငံသား ခံယူထားပြီး အမေရိကန်နိုင်ငံတွင် ဂရင်းကဒ်ဖြင့် နေထိုင်သူများ ဖြစ်၏။
ပြစ်မှုထင်ရှား စီရင်ခံရလျှင် တရားခံပြေး မင်ဒိုဇာအပါအဝင် ၎င်းတို့ သုံးဦးသည် ထောင်ဒဏ် ငါးနှစ်အထိ အပြစ်ပေးခံရနိုင်ပါသည်။ ဖခင်နှင့် သမီးသည် အမြဲတမ်းနေထိုင်ခွင့် ဂရင်းကဒ် ပြန်လည် ရုတ်သိမ်းခံရပြီး ပြည်နှင်ဒဏ်လည်း ခံရဖွယ်ရှိသည်။

http://kabarthit.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။