ကျောက်တော်စည်ပင်က ဆိုင်ခန်းပိုင်ရှင် ၉ ဦးကို တရားစွဲဆိုခြင်းကိစ္စ နိုင်ငံတော် သမ္မတထိ တက်တိုင်မည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စည်ပင်မှ ကျောက်တော်ဈေးရှေ့ရှိ ဆိုင်ခန်းပိုင်ရှင်များကို တရားစွဲဆိုသည့် ကိစ္စ အပေါ် မကျေနပ်သဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် နိုင်ငံတော် သမ္မတထိ တက်ရောက်တိုင်ကြားမည်ဟု ကျောက်တော်မြို့နယ် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်လှမေက ပြောဆိုသည်။

“ အခု ကျောက်တော်မှာ ကမ်းထိန်းနံရံ တည်ဆောက်မယ်ဆိုပြီး စည်ပင်က လုပ်နေတာ ရှိပါတယ်။ အဲဒီလို လုပ်မယ့် နေရာမှာ အဲဒီအနားမှာရှိတဲ့ ထမင်းဆိုင်၊ မုန့်တီဆိုင် ရောင်းနေတဲ့ ဆိုင်ခန်းတွေကို ဖြိုခိုင်းပါတယ်။ ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ကို အစားထိုးနေရာချပေးဖို့ တောင်းဆိုတယ်။ ဒီလို နေရာချပေးဖို့ တောင်းဆိုတာကိုကျတော့ ဘာမှ စီစဉ် မပေးဘူး။ ဆိုင်ခန်းမဖြိုကောင်းရလားဆိုပြီး မဖြိုတဲ့သူ ၉ ဦးကို စည်ပင်က တရားစွဲဆိုထားပါတယ်။ အဲဒီအထဲမှာ လင်သားမရှိတဲ့ အမျိုးသမီး ၆ ဦးပါဝင်ပါတယ်။ အခု ဒီကိစ္စကို ကျွန်မတို့ ကွန်ရက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကိုသာမက နိုင်ငံတော် သမ္မတထိ တက်ရောက် တိုင်ကြားသွားဖို့ စီစဉ်နေပါတယ်” ဟု ဒေါ်လှမေက ဆိုသည်။

တရားစွဲခံထားရသူများအထဲမှ တစ်ဦးဖြစ်သူ မခင်ကျော့ရီကလည်း မိမိတို့အနေဖြင့် ကမ်းထိန်းနံရံ တည်ဆောက်မည်ကို သဘောတူပါကြောင်း၊ သို့သော်လည်း ထမင်းဆိုင်ကို မှီခိုပြီး ဘ၀ရပ်တည်နေသူ မိသားစု တစ်ခုအနေဖြင့် ထမင်းမရောင်းရလျှင် အခက်အခဲများကျရောက်နိုင်သဖြင့် ထမင်းဆိုင်ကို မဖြိုမီ ထမင်းရောင်းချမည့် နေရာတစ်ခုကို စီစဉ်ပေးရန် တောင်းဆိုခြင်းသာ ဖြစ်ပါကြောင်း၊ ယခုအခါ သူတို့ဆိုင်ခန်းကို မဖြိုသဖြင့် စည်ပင်ဦးစီးမှ သြဂုတ်လ ၂၈ ရက်နေ့က စတင်ပြီး တရားစွဲဆိုထားသဖြင့် အခက်အခဲ ကြုံတွေ့နေရပါကြောင်း ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် စည်ပင်ဦးစီး ဦးမောင်အေးသိန်းအား ဆက်သွယ် မေးမြန်းရာ သူက “ ကျွန်တော်တို့ အခုကျောက်တော် ကမ်းနားလမ်းမှာ ကျောက်တော်မြို့သာယာလှပရေး အတွက် မြေထိန်းနံရံ တည် ဆောက်ဖို့ ကျပ်ငွေ သိန်းပေါင်း ၂၁၀၀ ကျော် ရခိုင်ပြည်နယ် အစိုးရက ချပေးထားပါတယ်။ အခု ဘတ်ဂျက်က သုံးဆယ်ရာနှုန်း ထုတ်ပေးပြီး လုပ်ငန်းလည်း ဆောင်ရွက် နေပါပြီ။ ပေတစ်ထောင် ဧရိယာ အတွင်းမှာ ဆိုင်တွေ ရှိတဲ့ အတွက် လုပ်ငန်း ဆောင်ရွက်ရာမှာ မလွတ်လပ်တာကြောင့် ဆိုင်ခန်းတွေကို ဖယ်ရှား ခိုင်းပါတယ်။ အဲဒီမှာ အစက ဆိုင်ခန်း ၅၀ ကျော်ရှိတဲ့နေရာမှာ အများစုက ဖယ်ရှားသွားခဲ့ပါပြီ။ ကျွန်တော်တို့ ဆိုင်တွေကို ဖယ်ရှားဖို့ စာနန့် အကြောင်းကြားသလို စည်ပင် အထောက်အကူ အပြုအဖွဲ့က လူကိုယ်တိုင်သွားပြောတာတွေလည်း ရှိတယ်။ ကျန်နေတဲ့ ၉ ယောက်က မဖယ်ရှားတဲ့ အပြင် တရား ဥပဒေကြောင်းအရ ရင်ဆိုင်မယ်ဆိုပြီးတော့ ပြောဆိုလာတဲ့ အတွက် စည်ပင်သာယာရေး ကော်မတီက တရားစွဲလိုက်ရပါတယ်” ဟု ပြောသည်။

ယခုအခါ တရားစွဲဆိုခံထားရသည့် ၉ ယောက်ထဲမှ ၇ ယောက်က ဖယ်ရှားသွားခဲ့ပြီ ဖြစ်သဖြင့် ဥပဒေ အရာရှိများနှင့် တိုင်ပင်ကာ အမှုကို ပြန်ရုတ်သိမ်းရန် စီစဉ်နေကြောင်း၊ သူတို့အား မြေနေရာချပေးရန်မှာ စည်ပင်မှ စီစဉ်ပေး၍ မရကြောင်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီကသာ စီစဉ်ပေးရမည် ဖြစ်ကြောင်း၊ ကမ်းထိန်းနံရံကို ဒီဇင်ဘာလ အပြီး တည်ဆောက်မည် ဖြစ်ပြီး မြေထိန်းနံရံ တည်ဆောက်ပြီး မှ ပြန် နေရာ ချပေးမည် ဖြစ်ကြောင်း ဦးမောင်အေးသိန်းက နိရဉ္စရာသို့ ပြောဆိုသည်။

ယခုလို ဖြစ်နေချိန်တွင် စက်တင်ဘာလ ၁၁ ရက်နေ့က မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူး၊ မြို့မိမြို့ဖများ ရောက်လာပြီး ဆိုင်ခန်းသို့ တက်ရောက်သည့် လှေကားများကို ဖြိုချပစ်ခဲ့ကြောင်း၊ ယခုအခါ ယင်းဆိုင်ခန်းများရှိရာနေရာအား သံဆူးကြိုးများ ကာရံနေကြောင်း၊ ယင်းပြင် ထောင်ချပစ်မည်ဟုလည်း ခြိမ်းခြောက်သွားခဲ့ကြောင်း၊ ယခုလုပ်ရပ်များမှာ အာဏာဖြင့် ရိုးသားသော ပြည်သူများကို မလျော်မကန် သြဇာသုံး နိုင်ထက်စီးနှင်း လုပ်သည်ဟု ယူဆကြောင်း ဒေါ်လှမေက ပြောဆိုသည်။

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။