ဓညစံ
ရခိုင်စာပေဟူ၍ဆိုလိုက်လျှင် သီးခြားသောအက္ခရာများဖြင့် ရေးသားဖွဲ့နွဲ့အပ်သည့်စာပေတစ်မျိုးပေလောဟု အချို့မေးခွန်းထုတ်ကြပေလိမ့်မည်။ ရခိုင်စာပေကား မြန်မာအက္ခရာများဖြင့် ရေးသားသောစာပေပင်ဖြစ်ပါသည်။ သို့သော် ရခိုင်လူမျိုးတို့၏ သုံးစွဲရာဝေါဟာရအချို့နှင့် အသံနေအသံထား တချို့ကွဲလွဲနေမှုကြောင့် ရခိုင်စာဆိုတို့ ရေးသားသီကုံးခဲ့သော အချို့သောသီချင်း၊ ကဗျာများကို မြန်မာတို့ လုံးစေ့ပတ်စေ့ အဓိပ္ပာယ်ကောက်ယူရန် မလွယ်ကူလှပေ။ အချို့သော ရခိုင်စာဆိုတော်တို့မှာ မြန်မာစာဆိုတော်များနှင့် ခွဲခြား၍မရနိုင်လောက်အောင် ဖွဲ့နွဲ့နိုင်ခဲ့ကြလေသည်။ ဘဒူမင်းညိုရေးသားသီကုံးသော"ရခိုင်မင်းသမီးဧချင်း"၊ ဥက္ကာပျံစပ်ဆိုသော ရတုကဗျာများ၊ မိညို၊ စောပြည့်ညိုတို့၏ လက်ရာများ၊ ဓမ္မဝိဇယအစရှိသော သာချင်းလင်္ကာပျို့များ၊ ရာဇဝင်လင်္ကာများ၊ ဇာတ်ကြီး (၁၀)ဘွဲ့လင်္ကာများမှာ အတော်အထက်တန်းကျသော စာပေကဗျာများဖြစ်သည်ကို တွေ့ရလေသည်။
မဟာပညာကျော်လျှောက်ထုံး၊ သစ်တက် ငလက်ရုံး လျှောက်ထုံးများနှင့် ရခိုင်ရဇဝင်ကြီးစသော ရခိုင်ရာဇဝင်အစောင်စောင်တို့ကို စကားပြေရိုးရိုးနှင့် ဆီလျော်အောင် ရေးသားစီရင်ထားခဲ့သည်မှာလည်း ဦးကုလား မဟာရာဇဝင်၊ မှန်နန်းရာဇဝင်တို့ကဲ့သို့ပင် အထက်တန်းကျခဲ့သည်ကို တွေ့ခဲ့ရပေသည်။ ကဗျာတို့တွင် ရခိုင်မင်းသမီးဧချင်းသည် ဧချင်းထဲတွင်ရှေးအကျဆုံးဖြစ်နေသည်ကိုထောက်ရှု၍ အချို့ရခိုင်ကဗျာများတီထွင်ဖွဲ့နွဲ့ခဲ့ရာတွင် မြန်မာကဗျာများထက်ပင် ရှေးကျနေသည်ကိုတွေ့ရပြန်သည်။
ယခုအခါ ရခိုင်စာပေများမှာ တိမ်ကောပပျောက်လျက်ရှိနေခဲ့၏။ ၎င်းတို့ကို ရှာဖွေစုဆောင်းဖော်ထုတ်နိုင်ပါက စာပေများတွင်အကျိုးများဖွယ်ရာ ရှိပေသည်။ ရခိုင်စာပေလိုက်စားသူတို့သည် မိမိတို့စာပေယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ရေး၌ မဆုတ်မတွန့်ရာ။မြန်မာနိုင်ငံသုတေသနအသင်းကြီးမှာလည်း စာပေလောကဖွံ့ဖြိုးရေးကို ရှေးရှု၍ ပြည်ထောင်စု အမျိုးသားစာပေတစ်ရပ်ဖြစ်သော "ရခိုင်စာပေ"ဖော်ထုတ်ရေးတွင် တစ်ဖက်တစ်လမ်းအားပေးကူညီနိုင်သမျှ ကူညီသင့်ပေသည်။ ကျွန်ုပ်တို့ ဤ"ရခိုင်စာပေ" ဆောင်းပါးသည်ရခိုင်စာပေဖော်ထုတ်ရေး လုပ်ငန်းကို အထောက်အခံဖြစ်နိုင်ပါစေဟု မျှော်လင့်ရပေသည်။
စာပေကဗျာတို့သည် ဖြစ်ပျက်နေသောအခြေအနေကို ပေါ်လွင်စေ၏။ ပတ်ဝန်းကျင်ဖြစ်ပျက်မှုကြောင့် စိတ်တွင်းသန္တာန်၌ ဖြစ်ပေါ်ခံစားမှုတို့ကိုလည်း ဖော်ပြထား၏။ စာပေကဗျာတို့ဖြင့် တစ်စုံတစ်ဦးကိုလည်းကောင်း၊ အများကိုလည်းကောင်း နှစ်သိမ့်စေ၏။ ပျော်ရွှင်စေ၏။ သနားစေ၏။ ထိခိုက်စေ၏။ တက်ကြွစေ၏။ သတိတရားရစေ၏။ စိတ်ထဲ၌ အမျိုးမျိုးလှုပ်ရှာစေရန်လည်းကောင်း၊ ငြိမ်သက်စေရန်လည်းကောင်း ဖွဲ့နွဲ့ကြသည်။ စာပေကို စကားပြေဖြင့် ရိုးရိုးလည်း ရေးသားကြသည်။ ကဗျာဖြင့်လည်းဖွဲ့နွဲ့ကြသည်။ အခြေအနေကိုလိုက်၍ ဤကဲ့သို့ ရေးသားဖွဲ့နွဲ့ကြခြင်းဖြစ်ပေသည်။ မြန်မာစာပေတွင် ကဗျာအမျိုးမျိုး ဖွဲ့နွဲ့ခဲ့ကြသလိုရခိုင်စာဆိုတော်များလည်း ဖွဲ့နွဲ့ခဲ့ကြသည်။
ရှေးရခိုင်စာဆိုတစ်ဦး ရေးသားစပ်ဆိုခဲ့သော "ပိုးဝါဘွဲ့"ကို ဖတ်ရှုလိုက်လျှင်(မြောက်ဦး) မြို့ဟောင်းမြို့တော်အကြောင်းကို သိကြရပေမည်။ စီးပွားကုန်သွယ်ရေး အခြေအနေကိုလည်းကောင်း၊ လူမှုဆက်ဆံရေး အခြေအနေကိုလည်းကောင်း ဘုရား တရားသာသနာရေး၌ကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့ခြင်းနှင့် ဝတ်စားဆင်ယင်ပုံတို့ကို သိရှိရနိုင်ကြပေလိမ့်မည်။ ၎င်းပိုးဝါဘွဲ့ကို ဖတ်ရှုရသောအခါ သီဟိုဠ်ကျွန်းမှ ပင်လယ်ကူး ရွက်သင်္ဘောကြီးများ မြို့ဟောင်းမြို့နားထိရောက်ရှိနိုင်ကြသည်ကို ထင်ရှားစွာတွေ့ရပေသည်။ ဤအချက်အလက်များကို အားလုံးထည့်သွင်းဖော်ပြရန် ရှည်လျားမည်ဖြစ်သဖြင့် လူကုံထံအရာရှိသမီးမပိုးဝါ၏ ဝတ်စားဆင်ယင်ပုံကို အောက်ပါအတိုင်းကောက်နုတ်ဖော်ပြလိုက်၏။
အရုပ်ဆင်းဝါ၊ လှပိုးဝါမှာ၊ ဝတ်လတ်ပါရေ၊ ဘောင်းနက်ကေထမိန်၊ သုံးနှစ်လုံးပင်ဝတ်မကြီကေ၊ အောက်ခြီတဆင့်၊ လှပိုးဝါမှာ၊ မှင်းကျိုးပွင့်နှင့်၊ လှတင့်ဆင်ယင်၊ ခါးတွင်ကြည့်လည်း၊ ခါးကြိုးဒွါဒါရာ၊ မျက်ငါးဖြာကေ၊ စုံစွာသေသပ်၊ လှပိုးဝါမှာ၊ ဝတ်လတ်တေလေ။ ရင်မှာတွင်လေ၊ ရင်မှာကြည့်လေ့၊ ကင်းဇွန်းရွက်ယောင်၊ လှပိုးဝါမှာ၊ ပန်းပွင့်ယောင်လဲ၊ ခြာရာဆီးသပ်၊ မမေရင်မှာ၊ မမွတ်ချပ်လို့၊ တင့်ကြောင်းသခြေ၊ လှပိုးဝါမှာ၊ ဝတ်လတ်တေလေ။ကိုယ်မှာမာရေ၊ ကိုယ်မှာကြည့်လေ၊ ကိုယ်မှာဘာဇူ၊ ရွှေထူပန်းခက်၊ မေဘာဇူမှာ၊ ခြိုးဇရက်နှင့်၊လိုင်ယှက်ဥဒေါင်း၊ ရုပ်ပေါင်းများစွာ၊ မေဘာဇူမှာ၊ သာလိကာနှင့်၊ စတုပါလာ၊ နတ်သားရာလေးယောက်၊ ကပ်တုံပြီးကေ၊ ကြိမ်လုံးပြောက်နှင့်၊ ထောက်လို့ကြည့်ဟန်၊ မေဘာဖူမှာ၊ခြင်္သေ့ရံလို့၊ ရုပ်ထသဏ္ဌာန်၊ လှပိုးဝါကို၊ မိနှင့်ဘမှာ၊ ချစ်၍ပေးသော်၊ သိန်းသောင်းတန်ကို၊တင့်ကြောင်းတယ်သခြေ၊ လှပိုးဝါမှာ၊ ဝတ်လတ်တေလေ။ လက်မှာမာရေ၊ လက်မှာကြည့်လည်း၊ န၀ရတ်မျက်ရံ၊ လှပိုးဝါမှာ သိန်းသောင်းတန်လို့၊ နှစ်ချောင်းကို ရွှတ်၊ သျှစ်ချောင်းလက်မှာ၊ အပြည့်စွပ်လို့၊ တင့်ကြောင်းတေသခြေ၊ လှပိုးဝါက သျှစ်ချောင်းလက်မှာဝတ်လတ်တေလေ။ နားမာမှာရေ၊ နားမှာကြည့်လည်း၊ ကိုယ်ရိပ်လဲမြင်၊ စိန်ရှင်ဒေလိပ်လက်၊လှပိုးဝါမှာ၊ မြနဘက်ကို၊ တင့်ကြောင့်သခြေ၊ ပိုးဝါနားမာ၊ ဆင်လတ်တေလေ။
အစရှိသဖြင့် ဖွဲ့နွဲ့ထားလေသည်။ ဤကဲ့သို့ ဖွဲ့နွဲ့ထားသည်ကို တစ်ဆင့်ကူးယူရရှိထားသည့်အတိုင်း ထည့်သွင်းဖော်ပြထားပါသည်။ အသံ၊ အစပ်၊ စာလုံးပေါင်းများမှာမူရင်းနှင့် အနည်းငယ်ကွဲလွဲနိုင်စရာ ရှိပေလိမ့်မည်။
ဇနီးအိမ်သူက လင်ယောက်ျမြောက်သားကို တမ်းတမှာကြားသော ကဗျာတစ်ပုဒ်မှကောက်နုတ်ချက်တစ်ခုမှာ--
အိမ်ကြီးတစ်ဆောင်၊ ရွန်းရွန်းပြောင်သည်၊ ဆောင်ဝင်တန်းပျင်း၊ ဝဲလင်းခေါင်ဆိုက်၊နဂါးရစ်ဆင်ဝင်၊ ပြော့လက်တင်သည်၊ မောင်လျှင်ပျော်ပါး၊ သလွန်ကောင်းသည်၊ ပြူတင်းဝက၊မောင်လွမ်းဇာကို၊ မျှော်နှင့်ကြည့်သော်၊ ရောက်ပျာ ရောက်ပျာ၊ တစာစာသည်၊ လာပျာထွက်ထွက်၊ အိမ်ပါးနီးဝန်းကျင်၊ မှင်းကျိုးပင်က၊ ငှက်တောက်ကျာသည်၊ တြင်းဘတ်သို့၊ကြားတတ်သည်လည်း၊ တရက်သော်လည်း၊ လာပါနိုးနိုး ဂြုတ်တန်ချိုးလို့၊ ကြည့်ခိုးမျက်နှာ၊မောင်မယှိတန်းပျင်မှာလေ၊ ကနွဲ့ကညာ၊ ငှက်ကဝါသည်၊ မြည်လာမစဲ၊ အိမ်တော်ဦးမှာ၊တညီးညီးနှင့်၊ ဘမ်းခီဘမ်းခီ၊ ကဝါငှက်ကို၊ ရရစီလို့၊ ဖမ်းလို့ရကေ၊ ကဝါငှက်ကို ဇာပြုမယ်လေ၊ဖမ်းလို့ရကေ၊ နှုတ်သီးဖျားမှာ၊ ရွှေချမယ်လေ၊ အတောင် ဖျားမှာ၊ ရွှေချမယ်လေ၊ချိုင့်နှင့်လှောင်ကေ၊ လက်ဆောင်နှမ၊ မောင်တော်ရောက်ကေ၊ ဆက်ကပ်မေလေ။
မိမိကြင်သူငယ်စဉ်က စာပေဆည်းပူးခဲ့ပုံကို အောက်ပါအတိုင်း ဖော်ပြထားသေးသည်။
ကြီးခါဆရာ၊ ငယ်ခါ ခင်ပွန်း၊ မြတ်မဟာလေ၊ ထေရ်ကျော်ကျောင်းမှာ၊ မရီးယေရှင်သား၊ဆွေခင်ပွန်းကို၊ စာသင်သားလို့၊ နမောကအစ၊ အရင်းမှလျှင်၊ သင်ထထုံပြီး၊ သင်ပုန်းကြီးနှင့်၊ သုံးဆယ့်သုံးလုံး၊ သုံးသင်ပုန်းကို၊ တစ်လုံးမကျန်၊ မြတ်မဟာသည်၊ ထေရ်ကျော်ကျောင်းမှာ၊နေ့တိုင်းပြန်လို့၊ ဇာတ်ကျမ်းသဒ္ဒါ၊ လိမ္မာစွာသည်၊ ညဝါသင်မြောက်၊ ရွမ်းကာကောက်လျက်၊ညရောက်ဆိုသည်၊ ပုဂ္ဂိုလ်ထေရ်မြတ်၊ ဝါဆိုကျောင်းမှာ နေ့တိုင်းရွက်လျက်။
အထက်ပါတို့မှာ "သာချင်းသည်"တို့ ရွတ်ဆိုသီကျူးသည့်အတိုင်း ရေးသားဖော်ပြခြင်းဖြစ်သည်။ ရခိုင်ပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်၍ စစ်တွေမြို့တည်ထောင်ခဲ့သောအခါမြို့သူကြီးဦးအောင်ကျော်ဇံ၊ ဒေးဝန်းကြီးဦးအောင်ကျော်ရွှီနှင့် မင်းသားကြီး ဦးရွှေဘန်းတို့ဦးစီးကာ ကတိမတည်သော အင်္ဂလိပ်တို့အား တော်လှန်ခဲ့ကြလေသည်။ ၎င်းပုဂ္ဂိုလ်တို့ကိုအင်္ဂလိပ်တို့ ဖမ်းဆီးချုပ်နှောင်၍ ကာလကတ္တားထောင်သို့ ပို့ဆောင်ခဲ့လေသည်။ ဒေးဝန်းဦးအောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံတို့သည် ၎င်းတို့အဖြစ်အပျက်နှင့်ပတ်သက်၍ရတုကဗျာများဖွဲ့နွဲ့ခဲ့ကြသည်။ ၎င်းရတုကဗျာတို့ကား အထူးထင်ရှားခဲ့လေသည်။
ဦးအောင်ကျော်ဇံသည် သူတို့သားမယားများ သူတို့အား အဘယ်ပုံလွမ်းဆွတ် တမ်းတကြသည်ကို အောက်ပါအတိုင်း ဖွဲ့နွဲ့ထားခဲ့သည်။
လည်းလျှောင်းလူးအုံးမွေ့ရာ၊ မယ်တော်တူမ၊ မောင်သက်မျှတို့၊ ညံ့လှညောင်စောင်းသာ၌၊ စက်မွေ့ရာထိုခဏ၊ ဂစ္ဆပနဒီ၊ ခေါ်တွင်ညီသည်၊ မြောက်ဆီဟေဝန်တာက၊ သွန်းကျလာသည့် စုန်လေပြင်း၊ စိမ့်စိမ့်ချမ်းကာ၊ အေးလှပါသည်၊ မွေ့ရာသလွန်တွင်းက၊ မယ်လုံးချင်းစက်မပျော်၊ ကြင်ရာသက်ထား၊ လင်ယောက်ျလည်း၊ နံပါးရှိလှာပါသို့၊ ထင်မိကာစိတ်ယောင်ယမ်း၊ ပန်းပုံမွေ့ရာသလွန်သာဝယ်၊ ထကာမွှေ၍စမ်းက၊ မောင့်ရင်ငွေ့၊ မတွေ့သောခါ မယ်တို့မှာလည်း၊ ထိုခါတချဲ့ချဲ့နှင့်၊ တနွဲ့နွဲ့ကြက်သီးဝှန်၊ ပူပန်ပျောင်းပျ၊ မောင့်ကိုတ၍၊ အလှရာသက်နှံတို့၊ မိုးသောက်ပြန်တုံတစ်ခါ၊ ဗိမာန်အိမ်နား၊ ပန်းစံကားသည်၊ သစ်များပင်ထက်မှာတည့်။
ငှက်ရွှေဝါ တတွက်တွက်၊ ရောက်ပျာရောက်ပျာ တြင်းညာသည်၊ ပြင်းစွာနိမိတ်ဖတ်၍၊ မြည်တုံလတ်ငှက်ရွှေဝါ၊ မပြားအသံ၊ ကူသဏ္ဌာန်သို့၊ နှောင်းစွန်ကြားလေပါက၊ ကယ်ကောင်းသာဟုတ်စနိုးဟု၊ လွန်နှလုံး- ဝမ်းသာရွှင်၊ အလျင်တဆွ၊ မေအလှတို့၊ ချီကြွပြင်ထက်ကျင်က၊ ပြုပ္ပါလျှင်ဒက္ခိဏ၊ ဥတ္တရဒီပေ၊ ပစ္ဆိမေဟု၊ လေးထွေရပ်ဒေသကို၊ ရှုမျှော်ကြည့်ကြသောအခါ၊ မေ့မယ်ထိပ်ထားလင်ဘုရားကို၊ တွေ့ညားမမြင်ပါက၊ မျက်စိရှာတမ်းရေရွတ်၊ လှထွဋ်ဝင်းပြောင်၊ နတ်ဆင်းယောင်တို့၊ အိမ်မျှောင်မြီးထူးပြတ်သို့။ ။ ရှင်လူများတကာတို့၊ ပျော်ကြရာသုံးဥတု၊ ဝါကျွတ်သင်္ကြန်၊ သဘင်စံသည်၊ ရောင်လျှံမီးပွဲမူကို၊ မကြည့်ဝံ့ကြပါ၊ ရှေးဦးဘွားမျှော်၊ သားရဲဘော်လည်း၊ အဘနေ့တိုင်းခေါ်လျက်၊ ရှာတမ်းမျှော်သားပုလဲ၊ လက်ဝဲလက်ျ၊ ရှစ်မျက်နှာကို၊ ပတ်ကာဝန်းကြည့်က။ ။ ဘကိုလည်းမမြင်ရှာ၊ ဟစ်အော်လူးလဲ၊ မိရင်ထဲဝယ်၊ ငိုကြွေးတစာစာနှင့်၊ မိကိုသာတွတ်တွတ်၊ ကျွန့်ကိုများကြင်၊ မွေးဖခင်ကို၊ ခုပင်ပြပါလတ်ဟု၊ တမ်းရေရွတ်သားသဲချာ၊ မပီတစ်ခွန်းပီတစ်ခွန်းနှင့်၊ ဘက်ရမ်းမေးမြန်းလှာက၊ ပြောစရာဆိုမတတ်၊ ခြေပြစ်လတ်ငင်၊ မိနတ်ရှင်တို့၊ရင်ကိုထောင်းထုသတ်၍၊ သက်ဆုံးပြတ်မောင့်ကို ရှာမျှော်ကာယောင်ယမ်း၊ တရုလွမ်းလျက်။
လွန်ခဲ့သည့်နှစ်ပေါင်း (၄၀)လောက်က ရခိုင်စာဆိုများ ပေါ်ပေါက်ခဲ့လေသည်။ ရမ်းဗြဲကင်းရွာဘုန်းတော်ကြီးနှင့် စစ်တွေမြို့ ဦးရစ်တောင်ကျေးလက်၊ တန်းခိုးရွာမှ ဆရာထွန်းတို့မှာအထူးနာမည်ကြီးခဲ့သည်။ ထိုပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ သာချင်းဘွဲ့ကြီး၊ သာချင်းလတ်၊သာချင်းဘွဲ့ငယ်၊ ဟောစာကြီး၊ ရတု၊ ကဗျာ၊ ၊ လင်္ကာ၊ မော်ကွန်း၊ အဆန်း၊ အရိုး၊ အမျိုးမျိုးအဖုံဖုံ၊ ပိုဒ်စုံသံချပ်၊ အရပ်ရပ် ပြဇာတ်သီချင်းကဗျာ၊ မေတ္တာစာခင်ပင်းတို့ကို ရေးသားသီကုံးခဲ့ကြသည်ဟု တွေ့ရှိရလေသည်။
ကင်းရွာဘုန်းကြီးရေးသားဖွဲ့နွဲ့ခဲ့သော စစ်တွေမှ ရမ်းဗြဲသွားရေးလား ခရီးစဉ်ဘွဲ့မှာအထူးဖတ်၍ ကောင်းပေသည်။ ၎င်းမှ ကောက်နုတ်ချက် တစ်ခုကား--
ရှည်လျားကာလ၊ ကျွန်းရမ္မကို၊ တတရူရူ၊ နှင်းအူအူနှင့်၊ မင်းကူမုန်ညှင်း၊ မုန်ကင်းတွဲလွဲ၊ တပိုတွဲတွင်၊ လွန်ပွဲမမှီ၊ ရာသီသာမော၊ ကျီးကြက်တောနှင့်၊ ဥဩသံညှင်း၊ အလွန်ပျင်းခဲ့--- ဟူ၍ပင် ဖြစ်ပါသည်။
စစ်တွေ ယိုးချောင်းကန်စောက်ရွာနေ ဆွေစပ်သူတစ်ဦးထံရေးသားအပ်သော မေတ္တာစာမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။
သုဒဿန၊ စိတ္တကုဋ္ဌ၊ စသည်များမြောင်၊ ရွှေတောင် ငွေတောင် နံ့သာတောင်တို့ဖြင့်၊ရံဆောင်ပတ်ကာ၊ အခါခါနေမထိုး၊ နှင်းအခိုးဝေဝေ၊ ဆောင်းငွေဝသန္တ၊ သုံးကာလတွင်၊တစ်နေ့မျှနေအဟိန်၊ အချိန်မှာ အာသန်လပြည့်၊ ထိပ်တည့်တည့်တစ်ကွက်၊ နေစက်ထွန်းပ၊အနောဒတ္ထရေအဟူ၊ မိမိအပူ သူ့အလောင်၊ ကုန်အောင်အေးစေတတ်သော၊ မျက်မြတ်ဇောတ၊ ဩဓိဿမေတ္တာဖြင့်၊ ကင်းရွာပညတ်၊ ရမ္မာရပ်က၊ ရှစ်ထပ်သောပလ္လင်မြင့်တွင်၊ရှစ်ဆင့်ထီးဖြူကို၊ လူလူဖြန့်မိုး၍၊ နေမျိုးသူရိန်၊ အသမ္ဘိန်တို့၊ ထိန်ထိန်သောင်းကျွန်း၊တန်ခိုးမွှန်းသည်၊ စံမြန်းတော်မူရာ၊ တိုင်းရက္ခာမဇ္ဈေ၊ ထွေထွေန၀ရတ်၊ မျက်မြတ်လျှံမြူး၊မြောက်ဦးမြို့ဟောင်း၊ သရေချောင်းအရှေ့ကမ်း၊ ရပ်ရိပ်ချမ်းကံစောက်ရွာနေ၊ လက်သမားဘုရား ဘအေထံ။
တန်ခိုးဆရာထွန်း၏ လင်္ကာ၊ ရတု၊ ကဗျာ၊ သာချင်းကြီး၊ သာချင်းငယ်တို့မှာလည်းအထူးထင်ရှားခဲ့သည်။ သာချင်းသည် အများအဖို့အတော်အသုံးဝင်ပေသည်။ စာပေလိုက်စားသူများအတွက်မှာလည်း အဖိုးမဖြတ်နိုင်လောက်သော ရတနာများဖြစ်နေပေသည်။အင်္ဂလန်ပြည် ရှိတ်(ခ)စပိယာ လင်္ကာဆရာကြီး၊ မြန်မာပြည် ဦးပုည၊ ရခိုင်ပြည်တွင်ဆရာထွန်းဟူ၍ပင် အချို့ကဆိုကြပေသည်။
သတ္တထာနုသာချင်းဆန်းတွင် မင်းသမီးပဖာက မောင်တော်သတ္တထာနုမင်းသားကိုတမ်းတမျှော်ခေါ်ရာ၌ အောက်ပါအတိုင်း ဖွဲ့နွဲ့ထားလေသည်။
"နန်းရဝေမှာ၊ နေခါကာလ၊ ယုံစန္ဒာလေ၊ ထွက်ပေါ်ထွန်းကေ၊ လဝန်းပက၊ ညဦးကပင်၊ အသင့်ပျင်ပျာ၊ မောင်လျှင်ရောက်ကြောင်း၊ လွမ်းစိတ်လည်းပို၊ နန်းရိပ်စိုကေ၊ညိုနွဲ့နှောင်းမှာ၊ ချောင်းလို့တကေ၊ စောင့်လို့နေကေ၊ နှမပျိုနု၊ ပန်းသဇင်ခိုင်၊ နန်းပင်တိုင်တွင်၊ ယဉ်မျက်ရှုမှာ၊ ညဦးခေါ်ဆို၊ ညဥ့်ဗဟိုလေ၊ တဗိုရ်လွန်မြောက်၊ နန်းမြညောင်မှာ၊မောင်မရောက်လို့၊ တစ်ယောက်ပျိုစင်၊ စိတ်မရွှင်ကေ၊ အိပ်ချင်သည်ဖြစ်၊ ဆားငန်ရေတွင်၊မေ့ရွှေလက်ကို၊ တစ်ချက်နှိုက်ကေ---။
ညဦးသန်းခေါင်၊ ပကာပြောင်ကေ၊ လရောင်ကိုတမ်း၊ ပင်နန်းဆောင်က၊ မောင့်ကိုလွန်းလို့"ပန်းများကို ဖွဲ့ဆိုသောအခါ"တောင်မြိုင်ချာတွင်၊ နော်ဇာစံကား၊ သရဘီမာလာ၊အဝေယာကေ၊ စွယ်တော်များနှင့်၊ ချရားမိုးစီ၊ ခါတော်မှီကေ၊ နာရီရင်ကတ်၊ ဂေါ်သဇင်ဟု၊ခေါ်တွင်မှတ်ကေ၊ အချပ်တရာ၊ စလတ္တာနှင့်၊ ရင့်မှာခေါင်ရန်း၊ လပြာသိုမှာ၊ ခွာညိုပန်းကို၊အဆန်းမျိုးစုံ၊ ရှုမကုန်အောင်၊ ဝိသကြုံနတ်မွန်၊ စိမ်းညိုပြောင်ကေ၊ တောင်ငါးလုံးနှင့်၊နန်းသုံးရတနာ၊ ပန်းကုံးတော်ကို"
ဖော်ပြခဲ့သော ရခိုင်စာဆိုများ၏အဖွဲ့နွဲ့များသည် ကာလရွေ့လျောပြီး အဆင့်ဆင့်ကူးယူထားရှိခဲ့ရာ အစပ်အဟပ်၊ စာလုံးပေါင်းမှာ မူရင်းများနှင့် အနည်းငယ်ကွဲလွဲစရာလမ်းရှိနေပေသည်။ ဖော်ပြခဲ့သော ကောက်နုတ်ချက်များမှာ များသောအားဖြင့် ရခိုင်သာချင်းကြီး၊သာချင်းလတ်၊ သာချင်းဘွဲ့ငယ်တို့ ဖြစ်နေသဖြင့် ရခိုင်သံနှင့်ဖတ်ရွတ်သီဆိုကြည့်ကအဓိပ္ပာယ်ပိုမို ပေါ်လွင်လာပေလိမ့်မည်။ မည်သို့ဖြစ်စေကာမူ ဤရခိုင်စာပေဆောင်းပါးကလေးသည် ရခိုင်စာပေပေါ်ထွက်ရေး၌ အထောက်အပံ့ဖြစ်စေသတည်း။
ဤကဗျာသွားကို မြန်မာပညာရှိ ဦးကျော်ထွန်းက မြန်မာစာညွန့်ပေါင်းကျမ်း၊ ပထမတွဲ၊စာမျက်နှာ (၁၁)၌ သျှိုးလိုက်ရတုဟု အမည်တပ်ခဲ့၏။
အဂ္ဂမဟာပဏ္ဍိတ ဆရာကြီး ဦးလင်းကမူ ရကန်ပြောဖူးသည်။ တစ်ဖန် မန်လည်ဆရာတော်ဘုရားက ဤအသွားမျိုးကိုပင် ရတုဟုအမည်ပေးလျက် ရေးသားထားခဲ့ပြန်သည်။
ရခိုင်ပြည်တစ်ဝန်းလုံးတွင် "သာချင်း"ဟု ခေါ်ဝေါ်သီဆိုနေကြသည်။

(ဓညစံ)
ရခိုင့်တန်ဆောင် အတွဲ(၁)၊ အမှတ်(၁)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။