ဝေသာလီခေတ် ရမ္မာဝတီတည်ခြင်းနှင့်ရခိုင်ရာဇဝင်များ အယူအဆ

မောင်လှိုင်(လမု)

ရှေးခေတ် ရခိုင်ပြည်ကို ဓည၊ မေဃ၊ ဒွါရာ၊ ရမ္မာ ဟူသော ၀တီလေးရပ်ဖြင့် ပိုင်းခြားအုပ်ချုပ်ခဲ့ကြသည်။ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်းကို ဓည၀တီခေတ်(၃၃၂၅- ဘီစီ -၃၂၇ အေဒီ)မှစ၍ရခိုင်တို့ စတင်တည်ထောင်ခဲ့ကြ၏။

ဓည၀တီခေတ် ရမ်းဗြဲကျွန်းတည်ခြင်းနှင့် ပတ်သက်၍ သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်းသုတေသနရုပ်ကြွင်းများမှာ အလွန်ရှားပါးလှသည်။

ဓည၀တီခေတ် သမိုင်းအငွေ့အသက်

ဓည၀တီခေတ် ရမ်းဗြဲကျွန်းတည်ခြင်းကို ရခိုင်ရာဇဝင် အစောင်စောင်တို့၌ မတွေ့ရသလောက်နည်းပါးလှသည်။

သက္ကရာဇ်၁၂၂၁-ခု၊ ရမ်းဗြဲကျွန်း ဟုံးတောင်ဘက် သူကြီးချဖောင်စီရင်သော "အင်းစောက်ရာဇဝင်(ပေမူ)" ပေ(စံ)ချပ်အရ ရမ်းဗြဲကျွန်းတွင် မင်းအိုဦးစီးသော အုပ်စုတစ်စု နေထိုင်ခဲ့ကြောင်း၊ မင်းအို၏သားမြေး ခုနစ်ဆက်မြောက်ဖြစ်သော ငချစ်၊ ငဝါ၊ ငနှောင်း၊ စသူတို့ ပြောင်ဝဟုခေါ်သောရွာ(ယခု ကျောက်ဖြူမြို့နယ်အတွင်းရှိ ရှေးဟောင်းရွာ)တွင် တည်ထောင်နေထိုင်ခဲ့ကြကြောင်း၊ ထိုစဉ်က ကျွန်းလူဦးရေမှာ (၃၇၀၀)ရှိကြောင်း တိကျစွာ မှတ်တမ်းတင်ခဲ့သည်။

အခြားသော ရခိုင်ရာဇဝင်များ၌မူ ဓည၀တီခေတ် ရမ်းဗြဲကျွန်းတည်ခြင်းအကြောင်းအရာများကို အငွေ့အသက်မျှပင် မတွေ့ရသဖြင့် အင်းစောက်ရာဇဝင်တစ်စောင်တည်းဖြင့်သာ ရောင့်ရဲခဲ့ရသည်။

ဓည၀တီအဆုံး(သို့) ဝေသာလီအစ

သက္ကရာဇ် ၁၄၄ ခုနှစ်တွင် အနောက်ဘက်မှ သင်္ဘောအစင်း(၃၀)တို့ ရမ်းဗြဲကျွန်းသို့ဆိုက်ရောက်လာပြီး တစ်ကျွန်းလုံးကို ဖျက်ဆီးခဲ့၏။

ရမ်းဗြဲကျွန်းမှ လူများကို ဖမ်းဆီးခေါ်ဆောင်ပြီး ဓည၀တီမြို့တော်၌ စခန်းသွင်းထားခဲ့သည်။ ကျွန်းပေါ်၌ လူဦးရေ (၁၀၀၀)သာ ကြွင်းကျန်ရစ်သည်။

ဓည၀တီခေတ် ရမ်းဗြဲကျွန်းတိုက်ခိုက်ဖျက်ဆီးခံရခြင်းနှင့် စပ်လျဉ်း၍ ရခိုင်ရာဇဝင်နှစ်စောင်၌ ကွဲလွဲစွာ ယူဆထားကြသည်ကို တွေ့ရသည်။

သက္ကရာဇ် ၁၂၀၄-ခု၊ ဆရာငမည် စီရင်သော "ပျာသတ်ရခိုင်ရာဇဝင်(ပေမူ)" ပေ(စော)ချပ်အရ-သက္ကရာဇ် ၁၅၅-ခု၊ ကဆုန်လတွင် ရမ်းဗြဲကျွန်းဖျက်ဆီးခံရကြောင်း ဖော်ပြထားပြီး သူကြီးချဖောင်၏ အင်းစောက်ရာဇဝင်(၈)ချပ်၌မူ သက္ကရာဇ် ၁၄၄-ခု၊ နတ်တော်လတွင် ရမ်းဗြဲကျွန်းဖျက်ဆီးခံရကြောင်း မတူညီစွာ ယူဆဖော်ပြထားခဲ့ကြသည်။

ရာဇဝင်နှစ်စောင်ကို လေ့လာကြည့်လျှင် ငမည်သည် ၎င်း၏ ရာဇဝင်၌ ရမ်းဗြဲကျွန်းသမိုင်းအချက်အလက် အနည်းအကျဉ်းမျှသာ တင်ပြထားနိုင်ခဲ့ပြီး သူကြီးချဖောင်ကမူ အချက်အလက်ပြည့်ပြည့်စုံစုံ တင်ပြနိုင်ခဲ့သည်ကို တွေ့ရသည်။

၎င်းပြင် အင်းစောက်ရာဇဝင်(၈)ချပ် တစ်ချပ်တည်းတွင် ကံရာဇာကြီးနှင့် စောပဉ္စနာနတ်သမီးတို့၏ အနွယ်အဆက်မှာ ရမ်းဗြဲကျွန်းဖျက်ဆီးခံ၊ ခေါ်ယူခြင်းခံလျက် ဓည၀တီမြို့တော်သို့ ရောက်ပြီး၍ (၅)ဆက်မြောက်တွင် မဟာတိုဉ်းစန္ဒြား မင်းကြီးလက်ထက်သို့ရောက်ရှိကြောင်းဖော်ပြထားသည်။

မဆမနည်း(ခေါ်) နောက်သို့ တစ်လှမ်းဆုတ်နည်းဖြင့် ရခိုင်မင်းဆက်တို့ကို လေ့လာကြည့်ပါက အင်းစောက်ရာဇဝင်မှ ဆိုလိုသည့် မင်းဆက်(၅)ဆက်မှာ အောက်ပါအတိုင်းဖြစ်သည်ကိုတွေ့ရသည်။

စဉ် __ မင်းအမည် _________ နန်းစံသက္ကရာဇ်
၁။     သူရိယသီရိ ----------------------၁၂၄
၂။     သူရိယကေသီ ------------------၁၄၄
၃။     သူရိယကုမ္မာ ----------- --------၁၆၃
၎။     သူရိယကေတု ------------------၁၉၅
၅။     မဟာတိုဉ်စန္ဒြား(ဒွေင်စန္ဒြား)---- ၂၄၉

သို့ဆိုလျှင် သက္ကရာဇ် ၁၄၄-ခုနှစ်တွင် ဒုတိယ ဓည၀တီမြို့တည် စန္ဒာသူရိယမင်း၏အနွယ်တော်(၂၂)ဆက်မြောက် သူရိယသီရိမင်းလက်ထက် (သူရိယကေသီ ထီးနန်းမစိုးစံမီ)၌ ရမ်းဗြဲကျွန်းပျက်ခဲ့သည်ဟု ဆိုသော သူကြီးချဖောင်၏ယူဆချက်မှာ မင်းဆက်၊ ခေတ်၊သက္ကရာဇ်၊ အကြောင်းအရာတို့နှင့် လွန်စွာကိုက်ညီနီးစပ်မှု ရှိလှသည်။

ဝေသာလီခေတ် ကျွန်းတည်နှစ် ပြဿနာ

မဟာတိုဉ်းစန္ဒြားမင်းကြီး သက္ကရာဇ်၂၄၉-ခု၊(၃၂၇-အေဒီ)တွင်ဝေသာလီကျောက်လှေကား မြို့တော်ကြီးကို တည်ထောင်ပြီး ရွှေရောင်လွှမ်းသည့် ဝေသာလီခေတ်သစ်ကို ဖန်တီးစီရင်ခဲ့၏။

ထိုအချိန်က ဓည၀တီခေတ် ရမ်းဗြဲသားများ၏ ခေါင်းဆောင်မှာ ငဖြူကြီးဆိုသူဖြစ်လာခဲ့သည်။

ရမ္မာဝတီ ရမ်းဗြဲသားတို့မှာ မိမိတို့၏ ဇာတိဌာနီကို သီအောင်(သေမလောက်) ချစ်မြတ်နိုးကြသူများ ဖြစ်သည့်အလျောက် ပြည်တော်ပြန်ရန် စိတ်ဆန္ဒကြီးမားစွာဖြင့် ရှေ့တော်ခံငပုမှတဆင့်ဘုရင်မင်းတရားကြီးထံ ခွင့်ပန်လျှောက်ထားခဲ့ကြလေ၏။

တိုဉ်းစန္ဒြားမင်းကြီးလည်း ပညာရှိ သုခမိန်၊ မှူးကြီးမတ်ရာ၊ သေနာပတိတို့နှင့် တိုင်ပင်ပြီးအမတ်တော်စစ်ကဲးကြီး လက်ျmမြဲးမြန်၊ အမတ်တော်စစ်ကဲး လက်ဝဲမြဲမြန်နှင့် ရှေ့တော်ခံ ငပုတို့အား ရမ်းဗြဲသားများကို ၎င်းတို့၏ ဇာတိရပ်မြေ၌ ပြန်လည်နေရာချထားပေးရန် မော်ကွန်းစာနှင့်အတူ ခွင့်ပြုစေလွတ်တော်မူခဲ့သည်။

ဝေသာလီခေတ် ရမ်းဗြဲကျွန်းတည်နှစ်နှင့် ပတ်သက်၍ ငမည်ရာဇဝင်၌ ဖော်ပြထားခြင်းမရှိပေ။

အင်းစောက်ရာဇဝင်(ဂါး)ချပ်၌မူ ကျွန်းတည်နှစ်ကို "သက္ကရာဇ် ၄၄၉"ဟု မှားယွင်းစွာဖော်ပြထားသည်ကို တွေ့ရသည်။

အကြောင်းမှာ ရာဇက္ကမသင်္ခေပကျမ်းအရ မဟာတိုဉ်းစန္ဒြားမင်းကြီးသည် သက္ကရာဇ်၂၄၉-ခုနှစ်တွင် နန်းတက်ပြီး ၃၀၆-ခုနှစ်တွင် နတ်ရွာစံ ကံတော်ကုန်ခဲ့ခြင်းကြောင့်ဖြစ်သည်။

စင်စစ်အားဖြင့် ငမည်နှင့် သူကြီးချဖောင်တို့မှာ ရာဇဝင်ဆရာများ မဟုတ်ကြချေ။

ငမည်မှာ ဆေးဆရာတစ်ဦး ဖြစ်ပြီး ချဖောင်မှာမူ ရွာသူကြီးတစ်ဦးသာလျှင်ဖြစ်သည်။

သို့လျှင်မူ ခုနှစ်သက္ကရာဇ်များ ဖော်ပြရာ၌ ရာဇဝင်၊ သမိုင်းဆရာတို့ကဲ့သို့ တိကျမှန်ကန်စွာ အမြဲတင်ပြနိုင်စွမ်းမရှိခြင်းကို သံသယဖြစ်စရာ လိုအပ်တော့မည် မထင်ပေ။

ကျွန်းတည်နှစ်နှင့် အနီးစပ်ဆုံး ယူဆချက်တစ်ရပ်ကို တင်ပြလာသူမှာ ရမ်းဗြဲမြို့
တောင်ကျောင်းဆရာတော် အသျှင် စန္ဒမာလာလင်္ကာရ မထေရ်မြတ်ပင်ဖြစ်သည်။

အသျှင်၏ ရခိုင်ရာဇဝင်သစ်ကျမ်း (ပထမအုပ်) စာ ၂၈၅-တွင် "အင်းစောက်ရာဇဝင်၏ကျွန်းတည်နှစ်မှာ အရေးမှားဟန်ရှိကြောင်း၊ ၁၄၉-ခုနှစ်သာ အမှန်ယူရမည်ဖြစ်ကြောင်း" ဝေသာ လီကို မဟာတိုဉ်းစန္ဒြားမင်းကြီး တည်နှစ်နှင့် ယှဉ်လျက် ဖော်ပြထားသည်။

အသျှင်စန္ဒမာလာ၏ယူဆချက်မှာ နန်းဆက်၊ မင်းဆက်များနှင့် ယှဉ်ကြည့်ပါက ပိုမိုနီးစပ်သည်ကို တွေ့ရသည်။

တည်ထောင်အပ်သည့်ရွာများ

အင်းစောက်ရာဇဝင်အနေဖြင့် ကျွန်းတည်သက္ကရာဇ်လွဲမှားမှုရှိသော်ငြားလည်း သမိုင်းမှတ်တမ်းများအနေဖြင့် ရှားပါးနေသည့် ဝေသာလီခေတ်၌ ရမ်းဗြဲကျွန်းတည်ရွာများ စာရင်းသမိုင်းလိုအပ်ချက်ကိုမူ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ယင်းရာဇဝင်(ဂါး)နှင့် (ဃ)ချပ်တို့၌....
"သိကြားသည် မြင်းတစ်ထောင်ဖံဆင်း၍ ယင်းအရပ်တွင် ပြလေ၏။ ယင်းအရပ်ကိုဝ်ရေချမ်းကြီးတွင်လေ၏။ အစာစား၏။ ယင်းလူအကုန်လည်း လိုက်၍ကြည့်၏။ ယင်းအရပ်ကိုဝ်မြင်းမြင်တွင်လေ၏။ ငညိုကြီးတည်ထောင်၏။ ယင်းမြင်းလည်း အရှေ့သို့ပြန်လေ၏။ လူတစ်ထောင်ဖန်ဆင်း၍ စစ်ဆိုင်၏။ လူပျောခဲ့၏။ ယင်းပြင်ကိုဝ် စစ်ကျတောပြင်ဟု တွင်လေ၏။ ယင်းမြင်းလည်းတန်းလွဲသို့ပြန်လေ၏။ ယင်းအရပ်ကိုဝ် တန်းလွဲဟု တွင်လေ၏။ ဝန်းလျား၍ကြည့်လျက်လာ၏။ယင်းတောင်ကိုဝ်မြင်၏။ ယင်းတောင်ကိုဝ်တက်၍ ရွာရှာလေ၏။ သလူအဖြူ-၅ပင်ကိုဝ်မြင်၏။ယင်းရွာကိုဝ် ငပြောက်ကြီး တည်ထောင်၏။ ယင်းအရပ်ကိုဝ် သလူတောင် တွင်လေ၏။ ရမ်းဗြဲပေါက်အမှည်ပေး၏။ ရပတင်အမှည်ပေး၏။ ဟုမ်းတည်၏။ ရမ်းဗြဲ့ငယ်တည်၏။ ရမ်းဗြဲ့ကြီးတည်၏။ လေးတောင်တည်၏။ ကံတိုင်းတည်၏။ ချောင်းကောက်တည်၏။ ဇပြိုင်တည်၏။ ကန့်ကော်တည်၏။ ချောင်းနက်တည်၏။ မူရွင်းတည်၏။ ကင်းတည်၏။ ဇင်ချောင်းတည်၏။ ဝက်တိုင်းပြာတည်၏။ ။ ရွာတည် ပြီး၏။"
ဟူ၍ ဖော်ပြပါရှိရာ ထိုခေတ်က ရမ်းဗြဲကျွန်းတွင်....
(၁) ရေချမ်းကြီး
(၂) မြင်းပြင်(မင်းမြင်)
(၃) စစ်ကျတောပြင်
(၄) တန်းလွဲ(တောင်ကုတ်မြို့နယ် တန်းလွဲမဟုတ်ပါ)
(၅) သလူတောင်
(၆) ရမ်းပြဲးပေါက်(ရမ်းပေါက်)
(၇) ရပတင် (ရဗတင်)
(၈) ဟုမ်း(ဟုံး)
(၉) ရမ်းဗြဲးငယ်(ရမ်းဗြဲငယ်)
(၁၀) ရမ်းဗြဲကြီး(ရမ်းဗြဲကြီး)
(၁၁) လေးတောင်
(၁၂) ကံတိုင်း
(၁၃) ချောင်းကောက်
(၁၄) ဇပြိုင်
(၁၅) ကန့်ကော်
(၁၆) ချောင်းနက်
(၁၇) မူရွင်း(မရွင်း)
(၁၈) ကင်း
(၁၉) ဇင်းချောင်
(၂၀) ဝက်တိုးပြင်
ဟူသော ရွာပေါင်း (၂၀)ကို တိုဉ်စန္ဒြားမင်းကြီး၏ မော်ကွန်းစာနှင့်အတူ တည်ထောင်ခဲ့ကြကြောင်းတွေ့ရသည်။

ရှေးဟောင်းအမွေ၊ ရုပ်ကြွင်းသက်သေ

ဝေသာလီခေတ် ရမ်းဗြဲကျွန်း၌ ကျွန်းအလယ်ဗဟိုသို့ ဖြတ်လျက် စီးဝင်နေသော ကင်းမြစ်ဝှမ်းတွင် ရွာအများအပြား တည်ခဲ့ပုံရ၏။ ယင်းကို ဝေသာလီခေတ်လက်ရာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားဆင်းတုတော်များက သက်သေခံထောက်ပြထားခဲ့ကြသည်။

ပြန့်ပြူးသာယာလှသော ပထဝီအနေအထားတို့ကို ပိုင်ဆိုင်သည့် ကင်းမြစ်ဝှမ်းအတွင်းမြစ်၏ ဝဲ၊ ယာရှိရွာများတွင် ရွာတစ်ရွာစီ၌ အနည်းဆုံး ဝေသာလီခေတ်လက်ရာ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တစ်ဆူကျစီ ကိန်းဝပ်နေသည်ကို တွေ့မြင်ရသည်။

ကင်းမြစ်ဖျား ရမ်းပေါက်နယ်တွင် တန်ခိုးကြီးလှသော ဝေသာလီခေတ်ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်တော်မူလျက်ရှိပြီး ရုပ်ပွားတော်ကိန်းဝပ်စံပယ်ရာ ပလ္လင်ခုံပေါ်တွင်လည်းထိုခေတ်က အသုံးပြုခဲ့သည့် ဗြဟ္မီအက္ခရာ အရေးအသားပါ ကျောက်စာရေးထိုးထားလျက်ရှိ၏။

ထိုရုပ်ပွားတော်ကို လက်ချပြင်ဘုရားဟု ခေါ်ကြပြီး ကျောက်စာမှာ ယခုအခါ ဖတ်ရှု၍မရနိုင်လောက်အောင်ပင် ယိုယွင်းနေပြီ ဖြစ်သည်။

ယင်းတို့က ရမ္မ၀တီ ရမ်းပြည့်ကျွန်းကို ဝေသာလီခေတ်တွင် အမှန်တကယ် ရွာတည်ရှိကြောင်း၊ ထိုခေတ်က ရမ်းဗြဲကျွန်း၌ စစ်မှန်သော ထေရဝါဒ ဗုဒ္ဓသာသနာတော်မှာ ထွန်းကားနေပြီးဖြစ်ကြောင်း ဗုဒ္ဓစာပေများ ရမ္မာဝတီ၌ ထိုခေတ်ကပင် အသုံးပြုနေခဲ့ကြပြီဖြစ်ကြောင်းသက်သေခံ ထောက်ပြခဲ့ကြခြင်းပင်ဖြစ်သည်။

နိဂုံး

ဝေသာလီသည် ကာလအားဖြင့် ကြာမြင့်လှပြီ။ ရမ်းဗြဲကျွန်းတည်သမိုင်းဆိုင်ရာ မှတ်တမ်းများမှာလည်း သဘာဝဘေးဒဏ်၊ စစ်ဘေးစစ်ဒဏ်၊ လူတို့၏ ဘေးဒဏ် စသော အန္တရာယ်အမျိုးမျိုးတို့ကြောင့် ပျက်စီးပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရ၏။

ထို့အတူ ရှည်လျားလှသည့်ကာလကို ဖြတ်သန်းလာခဲ့ရသည်နှင့်အမျှ အတိတ်သမိုင်းသည်ဝေဝါးခဲ့ရပြီး၊ နှောင်းလူတို့၏ မှတ်တမ်းများမှာလည်း ကွဲလွဲချက်များစွာ ဖြစ်ပေါ်လာခဲ့ရလေသည်။

သို့သော် ကွဲလွဲနေသော သမိုင်းအချက်အလက်များကို ကွင်းဆင်းလေ့လာ၍ ရှေးဟောင်းယဉ်ကျေးမှုအမွေ ရုပ်ကြွင်းပစ္စည်းများနှင့် ချိန်ထိုးကြည့်လိုက်သောအခါ အဖိုးမဖြတ်နိုင်သောဝေသာလီခေတ် ရမ်းဗြဲကျွန်းသမိုင်းမှာ ရုပ်လုံးပေါ်လာခဲ့တော့သည်။

____မောင်လှိုင်(လမု)

မှီငြမ်းကိုးကားချက်မ်မ်များ

(၁) ငမည်၊ ဦး- ပျာသတ်ရခိုင်ရာဇဝင်(ပေမူ)
(၂) ချဖောင်၊ ဟုံးတောင်ဘက်သူကြီး အင်းစောက်ရာဇဝင်(ပေမူ)
(၃) စန္ဒမာလာလင်္ကာရ၊ အသျှင်- ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမအုပ်)
(၄) စန္ဒမာလာလင်္ကာရ၊ အသျှင် ရာဇက္ကမသင်္ခေပကျမ်း
(၅) ဦးဥာဏ၊ ဆရာတော် ဓည၀တီရာဇဝင်သစ်
(၆) စံသာအောင်၊ ဦး- အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာ။
(၇) နန္ဒာ၊ သူ- ရမ္မာဝတီရှေးအမွေများ၊ရခိုင်မဂ္ဂဇင်းအမှတ်(၉)
(၈) အောင်လှသိန်း၊ ဦး ဝေသာလီခေတ်စိစစ်ချက်၊ ရခိုင်မဂ္ဂဇင်းအမှတ်
(၁၇)။ ဝေသာလီအထူးထုတ်။
(၉) သိန်းလှိုင်၊ ဦး- ကွင်းဆင်းမှတ်တမ်းများ။

ဝန်ခံချက်။  ။ ရခိုင်သားကြီးစာပေမှ ၁၉၉၉ ခုနှစ် မေတွင် ပထမအကြိမ်ထုတ်ဝေသည့်  "ရခိုင်ညွှန်ဖူး အမှတ် (၅)" မှကူးယူ၍ ကျောက်ဖြူလူငယ်များမီဒီယာ အဖွဲ့မှ ပြည်လည်တင်ပြပါသည်။ 

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။