ရမ်းဗြဲကျွန်းမှ ရွက်ပုန်းသီး ဇမ်းကဗျာများ

မောင်ရွှေလိပ် (လိပ်တင်)

စာရေးသူဇမ်းကဗျာများအကြောင်းကို ငယ်စဉ်က ကြားခဲ့ဖူးပေ၏။ ဆိုလည်း အနည်းအကျဉ်းဆိုခဲ့ဖူးပေ၏။ သို့သော် သဘောထားနှင့် အဓိပ္ပာယ်ကို လေးနက်စွာ မသိရခဲ့ပါ။ ဤဇမ်းကဗျာများသည် စာရေးသူတို့ ရမ်းဗြဲကျွန်းတွင် ယနေ့ထက်တိုင် တောရွာအနှံ့အပြားခေတ်စားနေတုန်းပါ။

များသောအားဖြင့် ဤကဗျာများသည် တောရွာတွေမှာသာ ခေတ်စားနေတာကို တွေ့ရ၏။ မြို့များမှာတော့ မတွေ့ရပါ။

အဓိကစာရေးသူအနေဖြင့် ဤကဗျာများသည် ဘယ်ခေတ်၊ ဘယ်ခုနှစ်က စတင်ပေါ်ပေါက်လာသည်ဆိုတာကို မသိရသေးပါ။ ဤကဗျာများသည် ရမ်းဗြဲကျွန်းသားတို့၏ တစ်ယောက်နှင့် တစ်ယောက် တီထွင်ဆိုထားကြသော ကဗျာများဖြစ်ကြသည်။ စာပေသုတေသီတို့လေ့လာဖို့ကောင်း၏။

လူမျိုးတစ်မျိုး၏ သမိုင်းတစ်ကွေ့မှာ ဆန်းသစ်တီထွင်လာသော အရာများသည် နောင်အနာဂတ်တစ်လျှောက်တွင် သမိုင်းမှတ်တိုင်အဖြစ်နှင့် ပုံရိပ်ထင်ဟပ်လာနိုင်သလို ဤကဗျာများသည်လည်း မျိုးရခိုင်တို့၏ စာပေသမိုင်းတွင် တန်ဖိုးရှိလာမည်မှာ ဧကန်ပင်ဟု သတိပြုမိ၏။

အဘယ်သို့ပင်ဆိုစေ ဤဇမ်းကဗျာကိုတော့ စာရေးသူမိတ်ဆွေများထံ စေတနာကို ရှေ့တန်းတင် ဝါသနာကို အဓိကထား၍ အောက်ပါအတိုင်း ရေးဖွဲ့ပေးလိုက်ပါသည်။

မြင်လတ်တေမှာ၊ သန္ဓေတစ၊နတ်မျိုးနွယ်မှာ၊တည်နေရလို့၊အလှကုမ္ပဏီ၊ကုမ္မာရီလေ၊စုံညီလက္ခဏာ၊ လှချောရာမှာ၊ ပြောစရာမဟိ၊ ခြောက်ပြစ်သန့်စင်၊ မြူမတင်လေ၊ မြင်မ၀နှင့် ပဉ္စကလျာ။ 

အသားမှာလေ၊ စကားဝါအဆင်း၊ မုက္ခဇီဝှါ၊ ကြာညိုပန်းသို့၊ ရနံ့ဖြာလေ၊ အာခံတွင်းမှာ၊ဝင်းဝင်းတောက်လို့၊ ကေသာညိုရောင်၊ ပိတုံးတောင်မှာ၊ သုံးတောင်ကကျူး၊ ခုနှစ်ထွာလေ၊ ကျော်ကာကူးနှင့် နဖူးပါးပြင်၊ ကျောနှင့်ရင်မှာ၊ သဇင်ညွန့်ပွင့်၊ မျက်မှောင်တန်မှာ၊ ကိုယ်ဟန်လျကေ၊မိန်းမကျက်သရေ။

ကညာမေမှာ၊ စနေမြင်းဖြူ၊ လုလောကီမှာ၊ ဂေါ်ရီကျူးနှင့် ငုံဖူးလည်းဆင်၊ နုရွှေရင်မှာ၊ရှုမြင်မခမ်း၊ လှမျိုးစုံလေ၊ ယဉ်ပုံဖမ်းလို့၊ မြနန်းတောသူ၊ မောင့်ချစ်သူမှာ၊ မထူမပါး၊ သေးသွယ်သွယ်နှင့်၊ နွဲ့သည်ခါးမှာ၊ အသားအရေ၊ လှသက်ဝေမှာ၊ လက်ခြေဖြိုးသစ်၊ ဣနြေ္ဒနှင့်၊ လွန်ပြေပြစ်လို့၊ရိုးဆစ်မတင်၊ ပြစ်မမြင်အောင်၊ ကြံအင်ညီညွတ်၊ ငွေတောင်ပြိုလေ၊ မနော်နတ်သို့၊ သျှတ္တရအလို။

စာပြညွှန်းနှင့်၊ ကျမ်းအလိုလေ၊ မပိုမလျော့၊ လှပမျက်နှာ၊ လစကြာလေ၊ ထွန်းပသောအလား၊ မျက်စပြုံးချို၊ အမူပိုမှာ၊ လူပျိုအများ၊ ရူပါရုံကို၊ မြင်တုန်ငြားလို့၊ ဇောဘဝင်ခုံ၊ စိတ်အာရုံမှာ၊တူစုံရောလို့၊ တစ်ဆောင်းခြုံဗျာ၊ ပေါင်းလုံချင်စိတ်၊ ကာမဂုဏ်လေ၊ အာရုံဟိတ်လို့၊ ယိုဘိမတတ်၊ရသေ့ပျံလေ၊ ဈာန်ကြိုးပြတ်အောင်၊ နတ်မိမနေ၊ မောင့်ချစ်သူလေ၊ လူမကအောင်၊ လှတော့သည်လေ....လှတော့သည်။

အထက်ပါ ကဗျာများသည် မိန်းမသားတစ်ယောက်အား ဘယ်လောက်ထိ လှပသည်။ဘယ်လောက်ထိ မက်မောစရာကောင်း၏ ဆိုတာကို စကားဝါပန်း၊ ငုံးပန်း၊ သဇင်ပန်း၊ ကြာပန်း၊စန္ဒာလမင်း၊ နတ်သမီးအလား စသည်များဖြင့် တင်စားဆိုထားကာ အလှတရား၏ ရမ္မက်ပုံမှာဈာန်ရသည့် ရသေ့၊ ရဟန်းများပင် ဈာန်တန်ခိုးလျော့ကျတတ်ကြောင်း သင်္ဂါရယရသမြောက်အောင်ဖွဲ့ဆိုထားသည်။

မ ဆို

မေလွမ်းရေကာ၊ ပျိုချေမောင်လေ၊ စကားတစ်ခွန်း၊ ရှေးကသန်းဗျာ၊ မေးစမ်းလတ်မယ်၊ဇာရပ်ရွာကေ၊ ဇာရွာကရောင်၊ ယင်းလူချေမှာ၊ ရွာဌာနကို။ ပြောပေလတ်၊ ချစ်တေမောင်၊ နာမည်လှကိုလည်း၊ ပြောပေလတ်။

ဤကဗျာများသည် မိန်းကလေးက ယောက်ျားပျို၏ ရွာနှင့် ယောက်ျားပျို၏ အမည်ကိုမေးကား သီကုံးဖွဲ့ထားသော ကဗျာဖြစ်သည်။

ကျား ဆို

ရွှေနားတော်လေ၊ ဇီဝှါလှည့်ဗျာ၊ တည့်တည့်နားထောင်၊ မေချစ်မောင် ရွာဌာနေကို ၊ပြောပြခယမယ်၊ ဗောဓိလေးပင်၊ ကန်လေးထောင့်မှာ၊ စေ့တိုင်းကြဲလို့ ၊ ပေါက်တိုင်းရှင်ကေ၊ လိပ်တင်ရပ်က၊ အလှသူ၊ ဟန်ယူနမ်းကေ၊ သိန်းဝင်းမောင်ရာ။

မ ဆို

အမိရင်န၊ အဘရင်မှာ၊ တင်ကာမနမ်း၊ ပျိုချေရင်မှာ ၊ တင်ကာနမ်းကေ၊ သိန်းဝင်းမောင်  လေ၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ရွာထက်မှာ၊ မေထက်သာကေ၊ အရာပန်းကို ၊ မလှမ်းလီကေ့၊ သျှပ်တရာကို၊ အိမ်မှာထိုးဗျာ၊ ရိုးရိုးနီလီ။

ကျား ဆို

မောင်ချစ်တေ၊ ဖြူပုလဲ၊ သက်ခဲမလေ၊ မေလွမ်းရေကေ၊ သိန်းဝင်းမောင်မှာ ၊ အရာလူကို၊ ရွှေရုပ်လုပ်၊ ကျုပ်ရုပ်မြင်ရေ၊ ချစ်တေမေကို၊ ကျုပ်ကိုလုပ်၊ ရွှေရုပ်မြင်ရေ၊ ကဒို့စိမ်ဗျာ၊ စိုးရင်နှောင်းလို့၊ မကြောင်းကြကေ့။

မ ဆို

နမေအကြား၊ မောင်အကြားမှာ၊ ဖျက်မှားသောသူ၊ ထက်ကောင်းကင်မှာ၊ ဈာန်ရတားန၊စံစားပါလီ၊ လားလီရာမှာ၊ ဆရာဟုလည်း၊ ဟိတ်ရပါလီ၊ လားလီရာမှာ၊ နီရာကျဗျာ၊ နတ်မပါလီ။

ကျား ဆို

မောင်လွမ်းရေကား၊ ပျိုချစ်မေန၊ ဆောင်ဘုံလယ်မှာ ချစ်ဖွယ်ပြောလို့၊ ချစ်ဇောအာရုံ၊မောင်မေစုံကေ၊ ချစ်ဟုန်ကြီးလှ၊ နှစ်တရာလေ၊ သစ္စာလောင်းလို့၊ မပေါင်းရပါ၊ ကြောင်းစကံနည်း၊မေနှင့်မောင်၊ ကြားလူခွဲလို့၊ ကွဲရရေလား။

 မဟုတ်တေကား၊ ဝှေဘဝေ၊ ဝှေဘ၀ခါ၊ လူတကာကို၊ လှူဒါပုည၊ နှစ်ဦးစုံလေ၊ ပြုတုံကြလို့၊ပရစေတနာ၊ ဝန်တိုခလို့၊ ကွဲရရေလား။

တကယ်မုချ၊ မဟုတ်ကလည်း၊ ပီယမေတ္တာ၊ လွန်တရာလေ၊ တဏှာမက်မော၊ အကြင်သူ၊ လူမယားန၊ ပြစ်မှားလို့လား။

မ ဆို

မေလွမ်းရေကေ၊ ပျိုချေမောင်လေ၊ စိတ်အလိုန၊ ဒေါမလိုကေ၊ မာန်ကိုလျော့ဗျာ၊ တော့ပြောကမယ်။

ကျား ဆို

မောင်လွမ်းရေကာ၊ ပျိုချောမေကို ၊ စိတ်အလိုနှင့်၊ ဒေါမလိုတေ၊ မာန်ကိုလျော့ဗျာ၊ တော့တင်မက၊ မဖြစ်ဖို့ရေး၊ ဖြစ်ဖို့ရေးကို၊ ဆွေးနွေးချင်ရာ။

မ ဆို

စကားတစ်ခွန်း၊ ရှေ့ကသန်းဗျာ၊ မေးစမ်းလတ်မယ်၊ မဖြစ်ဖို့ရေး၊ ဖြစ်ဖို့ရေးကို၊ ဆွေးနွေးရေခါ၊ ကိုယ့်မှာအကြင်၊ အသျှင်ဟိက၊ ခေါင်းဆံပင်ကို၊ သန့်သန့်ဖြီးဗျာ၊ ခွင့်ပီးရဲလား။

ကျား ဆို

ချစ်တေမေမှာ ၊ ကိုယ်မှာဟိလို့၊ ထင်မိရေလား၊ ခင်ပွန်းလျာန၊ ရေးစားလျာလေ၊ မောင်မှာမဟိ၊ ကာယဆိုကေ၊ မောင်ကိုယ်လုံးမှာ ၊ ချောတိတိရာ၊ အသျှင့်မေ့လူ၊ ပန်းသကူမှာ၊ လူသူနတွိ၊ပျိုချေမောင်၊ လာရေလမ်းမှာ ၊ ပြစ်မဟိပါ။

မ ဆို

အဟုတ်ရာကေ၊ မှန်ပါယင့်လား၊ ပုလင်းဖြူမှာ၊ ရီကိုထည့်ပိုင်၊ ဇီတည့်မြင်ရေ၊ ပွင့်ညိုညိုနှင့်ပျိုချေမောင်ကို ၊ ဟေမဝန်၊ နိုင်ငံတောမှာ၊ နတ်လည်းယူ၊ လူလည်းသုံးကေ၊ မြတ်ပန်းကုံးပိုင်။

ကျား ဆို

မောင်လွမ်းရေကေ၊ ပျိုချေမေလေ၊ ယင်းပုချေမှာ၊ အံကိုရွဲ့ဗျာ၊ ကဲ့ရဲ့ရေလား၊ လွမ်းမပြေကေ၊ ပျိုချေမေလေ၊ တစ်ရွာသူလေ၊ ဖြူပုလဲ သက်ခဲမေလေ၊ လွမ်းမပြေ၊ ပျိုချေမောင်ကား၊ဟေမဝန်၊ နိုင်ငံတောမှာ၊ နတ်လည်းမယူ၊ လူလည်းမကောက်တေ၊ ပန်းခြောက်ဘိုးရာ။

မ ဆို

မေလွမ်းရေကေ၊ ပျိုချေမောင်လေ၊ အဟုတ်ရာကေ၊ မှန်ပါယင့်လား၊ မေမယုံကေ၊ဒိတ်ထုံကျမ်းကို၊ ထမ်းဝံ့ဖို့လား။

ကျား ဆို

မေမယုံကေ၊ဒိတ်ထုံကျမ်းကို။ မောင်ထမ်းပြမယ်၊ ပွင့်ညိုညိုလေ၊ ပျိုချေမောင်မှာ၊ မဟုတ်ကာမုတ်သား၊ မုတ်သားဆို၊ ထိုစကားကို၊ မောင်ပြောမှားသော်၊ ထက်ကောင်းကင်ကို၊ လက်ညှိုး ထိုးကေ၊ မိုးကြိုးပစ်စီ။

မ ဆို

မေလွမ်းရေကာ၊ ပျိုချေမောင်လေ၊ နမေအကြား၊ မောင်အကြားမှာ၊ ဖျက်မှားသောသူ၊ထက်ကောင်းကင်မှာ၊ မိုးရိပ်ခဲ့ပိုင်၊ မဲမဲဖြစ်လီ၊ ထက်ကောင်းကင်ကို ၊ လက်ညှိုးထိုးကေ၊ မိုးကြိုးပစ်လီ၊ အပင်မှာပိုင်၊ နီပူသတ်လို့၊ ရပ်စောက်သီလီ။

ကျား ဆို

မောင်ပြန်ဖို့ရာ၊ ကဒို့စိမ်၊ စိုးရင်နှောင်းလို့၊ မကြောင်းကြကေ့၊ မောင်လွမ်းရေကာ၊ ပျိုချေမေကို၊ အခါလွန်သင်္ကြန်ကျူးကေ၊ တန်းခူးလမှာ၊ ရွှေနားသျှင်န၊ အဖသျှင်၊ တိုင်ပင်ပြီးကေ၊ ချစ်တေမေ၊မောင်သက်ထားကို၊ အောင်ဖောက်လာမယ်၊ ခေါင်းဆံပင်၊ သန့်သန့်ဖြီးလို့၊ ကောင်းကောင်းနီလီ။

အထက်ပါကဗျာများသည် ယောက်ျးနှင့် မိန်းမသားတို့က ကိုယ်လိုချင်တဲ့အကြောင်း  အရာတစ်ခုကို တင်စားဆိုထားကြသော ကဗျာများဖြစ်ကြသလို ယခုဆိုထားကြသည့် ကဗျာများသည် ဘယ်စာအုပ်ထဲက ဘယ်သူ့ဆီက အတုယူဆိုထားကြသော ကဗျာများ မဟုတ်ပါ။

မိမိကိုယ်ကို စဉ်းစားတွေးခေါ်၍ ဆိုထားကြတာဖြစ်၏။ ဤကဗျာများကို ဇမ်းသီချင်းလို့လည်း တစ်မျိုး၊ ဇမ်းကဗျာများဟုလည်း တစ်မျိုးခေါ်တွင်ကြ၏။ ဤကဗျာများကို တစ်ယောက်တည်း လုံးချင်းသက်သက်ဆိုတာနည်း၏။

များသောအားဖြင့် တစ်ယောက်နှင့်တစ်ယောက် အယှက်အတင်ဆိုကြတာများ၏။ စာရေးသူလည်း ငယ်စဉ်က မိန်းကလေးတွေနှင့် ဆိုဖူးပါ၏။ သိပ်မကျွမ်းကျင်တော့အဆုံးတွင် မိန်းကလေးတွေရဲ့ ဇမ်းကဗျာဖြင့် အမ်ျိုးမျိုးပြောခံရကာ လူအလယ်မှာ အရှက်ကွဲခဲ့ရပါ၏။

ဤကဗျာများဆိုနေစဉ် စိတ်ဆိုးလို့မရပါ။ စိတ်ဆိုးရင် တစ်ဖက်သားက အလွန်အထင်သေးကာ အသုံးမကျသော လူရာစာရင်းဝင်သွားရ၏။

ရမ်းဗြဲကျွန်းတစ်ခွင်မှာ မိုးဦးကျချိန် လယ်ထွန်ချိန်နှင့် ကောက်စိုက်ချိန်များမှာ တောတောင်တစ်ခွင်လုံး ဇမ်းကဗျာသံတွေနှင့် ဆူညံနေသည်မှာ အံ့ဩစရာပင်။

နွားကျောင်းသားတွေက တစ်မျိုး၊ ထင်းခွေတဲ့သူတွေကလည်း တစ်မျိုး၊ ပျိုးစိုက်တဲ့လုံမပျိုတွေက တစ်ဖုံဆိုသလို ပျော်စရာအသံတွေ တကယ့်ကို ဟင်းဟင်းညီးလျက်။

အဘယ်သို့ပင် ဆိုစေကာမူ ဤကဗျာများအကြောင်းကို စာရေးသူလေ့လာမိသမျှလေ့လာခဲ့ရပေမယ့် စတင်ပေါ်ပေါက်လာသော ခုနှစ်နှင့် အဘယ်ကြောင့် စတင်ဖြစ်ပေါ်လာခဲ့သည်ကိုမူ လေ့လာဖို့ မရခဲ့ပါ။ သို့သော် ဤကဗျာများသည် ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်းထဲမှာ ခေတ်လည်ပိုင်းမှာ ဖြစ်ပေါ်ဖို့လည်း မလွယ်ကူ။

ခေတ်နှောင်းပိုင်းမှာ မဟာသမ္မတမင်း လက်ထက် ရာဇဝင်၏ နောက်ဆုံးနိဂုံးချုပ်သောအချိန်မှာ တိုင်းပြည်၏ မငြိမ်မသက်မှုကြောင့် သုတေသီတွေ လေ့လာလို့ မရနိုင်အောင် ရခိုင်ပြည်ကျဆုံးသွားရတာကြောင့် ဖရိုဖရဲအိုးကွဲအိမ်ကွဲပမာ ဖြစ်သွားရတာနှင့် ရခိုင်ရာဇဝင်ကြီးထဲမှာပင်ထည့်ရေး မပိုင်နိုင်ကြတာကြောင့် ဤကဗျာများသည် ခေတ်နှောင်းပိုင်းမှာ ပေါ်ပေါက်ကာတစ်ယေက်နှင့်တစ်ယောက် ဥာဏ်ရည်ဥာဏ်သွေးကို စမ်းသပ်ပြောဆိုရာကနေ ဇမ်းကဗျာများဖြစ်သွားရတာဟု ယူဆပြောဆိုကြတာကို ထောက်ကြည့်ရင်း ဇမ်းကဗျာ၏အတိတ်ကြောင်းကိုနိမိတ်လောင်း ဖော်ပြလိုက်ရခြင်းဖြစ်သည်။

___မောင်ရွှေလိပ် (လိပ်တင်)

ဝန်ခံချက်။  ။ ရခိုင်သားကြီးစာပေမှ ၁၉၉၉ ခုနှစ် မေတွင် ပထမအကြိမ်ထုတ်ဝေသည့်  "ရခိုင်ညွှန်ဖူး အမှတ် (၅)" မှကူးယူ၍ ကျောက်ဖြူလူငယ်များမီဒီယာ အဖွဲ့မှ ပြည်လည်တင်ပြပါသည်။ 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။