သာမန်တရုတ်ပြည်သူများ တက်ရောက်ကြည့်ရှုခွင့် မရခဲ့သည့် တရုတ်၏ စစ်ရေးပြပွဲနှစ်ခု ပုံပြင်

တရုတ်တပ်ဖွဲ့ဝင် ၁၂၀၀၀ နှင့် ရာနှင့်ချီသော တင့်ကားများနှင့် ဒုံးကျည်များသည် မြို့တော်ပေကျင်းရှိ တီယန်မင်ရင်ပြင်သို့ ရောက်လာသည့် ဧည့်သည်များနှင့် ပြည်ပခါင်းဆောင်များရှေ့၌ ချီတက်ပြသစဉ် ယင်းမြို့မှ သာမန်ဒေသခံများမှာမူ ကြီးကျယ်လှသော ယင်းအခမ်းအနားကို မျက်ဝါးထင်ထင် ရှုစားခွင့် မရရှိလိုက်ပေ။ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ကို အောင်နိုင်ခဲ့မှု အနှစ် (၇၀) ပြည့် အခမ်းအနားအဖြစ် စစ်ရေးပြမှု ပြုလုပ်သည့် နေရာမှ မီတာရာဂဏန်း အကွာတွင် အရံအတားများ ထားရှိခဲ့ပြီး လူသူကင်းမဲ့နေသော လမ်းများကို မ၀င်ရောက်နိုင်ရန် ရဲနှင့်ဝတ်စုံပြာ စေတနာ့ဝန်ထမ်းများအား လုံခြုံရေးချထားခဲ့သည်။
စစ်ရေးပြပွဲ ပြုလုပ်သည့် နေရာကို အပေါ်စီးမှ မြင်နိုင်သော အိမ်များမှ ဒေသခံများကိုလည်း လသာဆောင်များသို့ မထွက်လာရန် ယုတ်စွအဆုံး ပြတင်းပေါက်များပင် မဖွင့်ရန် ညွှန်ကြားခံခဲ့ရသည်။ စစ်ရေးပြပွဲတွင် ပြသသော စစ်လက်နက်များကို ဖျတ်ခနဲ ကြည့်ရှုခွင့်ရရန်အတွက် ရာနှင့်ချီသော ဒေသခံများသည် အခမ်းအနား ပြုလုပ်သည့် နေရာမှ အလှမ်းကွာသည့် လမ်းဆုံတွင် စုဝေးခဲ့ကြသော်လည်း စိတ်ပျက်ရမှုသာ အဖတ်တင်ခဲ့ကြာင်း သိရသည်။“ကျွန်တော် တရုတ်တစ်ယောက်ဖြစ်တာ အမှန်တကယ် ဂုဏ်ယူတယ်။ဒါပေမဲ့ စစ်သားတွေနဲ့ တင့်ကားတွေကိုသာ ကြည့်ခွင့်ရမယ်ဆိုရင် လူတွေပိုပြီး ဒီထက် ပိုဂုဏ်ယူကြမှာပါ”ဟု ဘာသာပြန် ကျောင်းယူဖန်းက ပြောကြားခဲ့သည်။
ယင်းအစား ဒေသခံများသည် မိုဘိုင်းဖုန်းများတွင် တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ကြည့်ရှုခဲ့ရသည်။“ကျွန်တော်တို့တွေ ငယ်ကတည်းက ဂျပန်တွေကို မုန်းရမယ်ဆိုပြီး အယူအဆတွေ ရိုက်သွင်းခံရတယ်။ဂျပန်တွေကို တစ္ဆေတွေလို့ ခေါ်ရတယ်။အဲဒီတော့ ခေါင်းဆောင်ပိုင်းက ဒီလိုနေ့မျိုးမှာ အဲဒီလို ကြီးကျယ်တဲ့ ပွဲမျိုးလုပ်တာ ကျိုးကြောင်းခိုင်လုံတယ်လို့ ပြောလို့ရပြီပေါ့”ဟု မျိုးရိုးနာမည် ကူဟုသာ သိရသော အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ သမ္မတ ရှီကျင်းပင်းက မိန့်ခွန်းစပြောချိန်တွင် သူကဖုန်းကိုပိတ်ပြီး အိတ်ထဲထည့်လိုက်သည်။“စိတ်ဝင်စားဖို့ ကောင်းတဲ့စကားတွေ သူပြောမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
စစ်ပွဲကာလအတွင်း ကွန်မြူနစ်ပါတီ၏ လေ့ကျင့်ရေးစခန်းဖြစ်သည့် ဂျပန်စစ်ဆန့်ကျင်ရေးနှင့် နိုင်ငံရေးတက္ကသိုလ်၏ အမျိုးသားသီချင်းနှင့် အခြားသီချင်းများကို စစ်ရးပြပွဲတွင် ချီတက်သူများက သီဆိုခဲ့ကြသည်။
ကြီးမားသော တရုတ်နိုင်ငံတော် အလံကို ရဟတ်ယာဉ် တစ်စင်းက ချိတ်ဆွဲပျံသန်းနေစဉ် တီယန်မင်ရင်ပြင်ထဲ၌ ညီညာစွာချီတက် နေကြသူများက ရှီကို အလေးပြုခဲ့ကြသည်။ တပ်ဖွဲ့ဝင်များနှင့်အတူ ရာနှင့်ချီသော တင့်ကားများ၊ သံချပ်ကာယာဉ်များအပြင် ဒုံးကျည်များနှင့် လေယာဉ်များပါ ချီတက်ပြသခဲ့ကြသည်။
ယင်းစစ်ရေးပြပွဲ မတိုင်မီ နိုင်ငံရေး ကန့်သတ်ထိန်းချုပ်မှု ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ မြို့များမှ ဒါဇင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများ ထိန်းသိမ်းခံခဲ့ရကြောင်း ဟောင်ကာင်အခြေစိုက် လူ့အခွင့်အရေး ကာကွယ်ရေး ကွန်ရက်က ထုတ်ပြန်ခဲ့သည်။
ဒေသခံ အချို့ကလည်း ယာဉ်ကြောကျပ်တည်းမှု ဆိုးရွားလာမှုမှ ရှောင်လွှဲရန် ခရီးထွက်ကြသည်။ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂင်ဇာဈေးဝယ် ခရိုင်တွင် စက်တင်ဘာ ၃ ရက်က တရုတ်မှ အများအပြား ပါဝင်သော ပြည်ပခရီးသွားများဖြင့် ပြည့်နှက်ခဲ့ကြောင်း သိရသည်။
စစ်ရေးပြပွဲ မပြုလုပ်မီအတွင်း စီးပွားရေး လုပ်ငန်းများကိုလည်း ပိတ်ထားရန် ညွှန်ကြားခံခဲ့ရသည်။တစ်ပတ်လျှင် ခုနစ်ရက်လုံးလုံး ခေါက်ဆွဲဆိုင် ဖွင့်ထားသော ၀မ်ရှင်ယုနှင့် သူ၏ဇနီးတို့က ၎င်းင်းတို့၏ ဆိုင်သည် စစ်ရေးပြပွဲ ပြုလုပ်မည့် လမ်းကြောင်းနှင့် နီးကပ်သောကြာင့် နှစ်ရက်ကြာ ပိတ်ထားရန် အတင်းအကျပ် ဖိအားပေး ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
____EMG
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။