မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျီးကျွန်းတာ တစ်နေရာအား တွေ့ရစဉ်
ဇူလိုင် ၂၉ ၊ ၃၀ ရက်များက တိုက်ခတ်ခဲ့သည့် ကိုမန်မုန်တိုင်းကြောင့် ပျက်စီးသွားသော တာတမံအား ပြန်လည်ပြုပြင်ဆည်ဖို့ခြင်း မရှိသဖြင့် ဆားငန်ရေ၀င်ချိန်တွင် စိုက်ပျိုးထားသည့် လယ်ယာမြေများ ပျက်စီးသွားမည်ကို ရသေ့တောင်မြို့နယ်မှ လယ်သမားများ စိုးရိမ်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှ ကျီးကျွန်းတာတမံမှာ ကိုမန်မုန်တိုင်းဒဏ်ကြောင့် ၁၇ နေရာအထိ ကျိုးပျက်သွားခဲ့သည်ကို စက်တင်ဘာလကုန်အထိ ပြန်လည်ဆည်ဖို့ခြင်းမရှိလျှင် လယ်ဧက ၈၀၀ ကျော်မှာ ဆားငန်ရေ၀င် ပျက်စီးသွားနိုင်ကြောင်း လယ်သမားများက ပြောကြားသည်။
“ကျီးကျွန်းတာကို အမှီပြုပြီး စိုက်ပျိုးနေတာ လယ်ဧက ၁၇၀၀ ကျော် ရှိတယ်။ အခု တာမှာ ပေ ၃၀ ကနေပေ ၆၀ အကျယ်ရှိတဲ့ အပေါက်ပေါင်း ၁၇ ပေါက်ဖြစ်နေတယ်။ ဒီလကုန်ရင် ပင်လယ်ဒီရေ မြင့်တက်ပြီး ရေ၀င်လာတော့မယ်။
စက်တင်ဘာလအကုန်အထိ ပြန်လည်ဆည်ဖို့ မပေးရင်တော့ ကျွန်တော်တို့စိုက်ထားတဲ့ လယ်တွေ ပျက်စီးတော့မယ်”ဟု ခမောင်းတုန်းကျေးရွာမှ လယ်သမားတစ်ဦးက ပြောကြားသည်။
ကျီးကျွန်းတာကို အမှီပြု၍ လယ်သမား ၁၂၈ ဦးမှ လယ်ဧက ၁၇၀၉ ကို လုပ်ကိုင်စားသောက်နေခြင်းဖြစ်ပြီး နှစ်စဉ် တာပျက်စီးသည်ကို လယ်သမားများ စုပေါင်းဆည်ဖို့နိုင်ခဲ့သော်လည်း ယခုနှစ် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုမှာများပြားသဖြင့် လယ်သမားများ ဆည်ဖို့နိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ဆည်မြောင်းဌာနအား တာတမံအား အချိန်မီပြန်လည် ဆည်ဖို့ပေးရန် တင်ပြထားကြောင်း အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်ကျေးရွာအုပ်စုအတွင်းရှိ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားသည့် ကျီးကျွန်းတာတမံတွင် ဇူလိုင် ၂၉ နှင့် ၃၀ ရက်အတွင်း တိုက်ခတ်ခဲ့သည့် ကိုမန်မုန်တိုင်းကြောင့် တာတမံတစ်လျှောက် ရေနစ်မြုပ်ခဲ့ပြီး ကျိုးပျက်သွားသည့် နေရာ ၁၇ နေရာအား ပြန်လည်ဆည်ဖို့ပေးနိုင်ရန် စက်တင်ဘာ ၅ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တင်ပြထားကြောင်း သိရသည်။
ကျီးကျွန်းတာကို ဆည်မြောင်းဦးစီးဌာနမှ လွန်ခဲ့သောနှစ်ပေါင်း လေးဆယ်ကျော်မှ စတင်ကာ ဆည်ဖို့ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး တာအတွင်း လုပ်ကိုင်စားသောက်သည့် လယ်သမားများမှာ အခွန်နှစ်စဉ်ဆောင်ရကြောင်း၊ ယခု မိုးရာသီမတိုင်မီကပြုပြင်ခဲ့သော်လည်း မုန်တိုင်းမတိုင်မီကတည်းက နေရာသုံးခုတွင် ပျက်စီးနေပြီး မုန်တိုင်းကြောင့် နေရာ ၁၄ ခု တွင် ထပ်မံပျက်စီးနေကြောင်း၊ တာအတွင်း ပျက်စီးသွားသည့် လယ်များကို ပြန်လည်စိုက်ပျိုးသော်လည်း စပါး လုံးဝမစိုက်ပျိုးနိုင်တော့သည့် လယ်မြေအများအပြား ကျန်နေကြောင်း လည်း သိရသည်။
Writer:
သားရွှေဦး (ကစ္ဆပ)
၁၉-၉-၂၀၁၅ နေ့ထုတ်Dailyeleven သတင်းစာ မှ
___EMG
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။