စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၉

ရခိုင်မျိုးဆက်သစ်လူငယ်များအဖွဲ့က ဦးဆောင်၍ မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး အထိမ်းအမှတ် အဖြစ် ပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲနှင့် စင်တင်တေးဂီတ ဖျော်ဖြေပွဲတို့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမတွင် စက်တင်ဘာလ ၂၇ နေ့က ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားကို လူငယ်များမူးယစ်ဆေးဝါး ကင်းဝေးနိုင်ရေးအတွက် ရည်ရွယ်၍ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
ပန်းချီပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်း အဆင့်တွင် ကျောင်းသား ၉၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အလယ်တန်း အဆင့်တွင် ကျောင်းသားများမှာ အထက (ခွဲ) မောလိပ်မှ မောင်နိုင်လင်းက ပထမ၊ မူလွန် ကျောင်းတက်လမ်း မှ မောင်မင်းမြတ်ထူးက ဒုတိယ၊ မူလွန် အိုးတန်းမှ မောင်ဘုန်းမြတ်ပိုင်က တတိယနှင့် အထက (၃) မှ မောင်မျိုးအောင်စိုးက အထူးဆုများကို ရရှိသွားသည်ဟု သိရသည်။
အထက်တန်းအဆင့်တွင် အထက (၃) မှ မောင်ဟိန်းမင်းစိုးက ပထမ၊ အထက (၁) မှ မောင်ဝင်းဦးက ဒုတိယ၊ အထက (၃) မှ မောင်သန်းထိုက်ဦးက တတိယနှင့် အထက (၂) မှ မောင်အာကာအောင်တို့က အထူးဆုများကို ရရှိသွားသည်ဟု သိရသည်။
“ဆုသတ်မှတ်တဲ့နေရာမှာ တော်တိုင်း၊ ပန်းချီကောင်းတိုင်း သတ်မှတ်တာ မဟုတ်ပါဘူး။ ပုံက ပေးထားတဲ့ခေါင်းစဉ်ကို ခြုံငုံ မိဖို့လိုအပ်ပြီးတော့ အရောင်အသွေးချယ်သမှု၊ ပုံဏ္ဌာန် လိုက်လျော ညီထွေမှုတွေအပေါ်မှာ သတ်မှတ်တာ ဖြစ်ပါတယ်” ဟု ဆရာဦးကျော်ဇံမောင်ကပြောသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်သတင်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးကောင်းစံရှီ (ကျွန်းသားငမန်း)က အဖွင့်မိန့်ခွန်း စကားပြောကြားသည်။
“မူးယစ်ဆေးဝါးဟာ လူငယ်ထုကြားထဲမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပေါ် လာနေပါတယ်။ မူးယစ်ဆေးဝါးအစ ဆေးလိပ်ကလို့ ဆိုကြပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် အရက်ကို လူကြီး လူငယ် မရွေး သောက်သုံးမှုများလာပြီးတော့ လူ့သက်တမ်း မစေ့မီမှာ သေဆုံးသူတွေ များလာတဲ့အတွက် မအိုဆေး (မအိုမီသေစေတဲ့ဆေး) အဖြစ်တောင် တင်စား ခေါ်ဝေါ်လာကြပါတယ်” ဟု ဦးကောင်းစံရှီကပြောသည်။
အခမ်းအနားတွင် စာရေးဆရာ စစ်တွေညိုသန့်နှင့် ပံသုခင်တို့က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခဲ့ကြသည်။
“ဆေးလိပ်ဟာ အဆိပ်အတောက်ဖြစ်စေပြီး အဆုပ်ကင်ဆာကြို ဖစ်စေတဲ့အတွက် နာမည်ကြီး စာရေးဆရာ ဆရာကြီး ရွှေဝက ဆိုရင် အဆိပ်လိပ်အဖြစ်သတ်မှတ်ခေါ်ဝေါ်ပြီး မူးယစ်ဆေးဝါးကို စတင်ရာ လမ်းကြောင်းဖြစ်တဲ့အတွက် စလိပ် အဖြစ်လည်း ခေါ်ဝေါ်ခဲ့ပါတယ်” ဟု ဆရာစစ်တွေညိုသန့်က ပြောသည်။
မူးယစ်ဆေးဝါးကို လူငယ်များသာမက လူအိုများအထိနှင့် ဆင်းရဲချမ်းသာ လူတမ်းစားမရွေး သုံးစွဲကြသောကြောင့် လူငယ်များကိုသာမက အရွယ် သုံးပါးလုံးနှင့် လူတန်းစားအားလုံးကို အန္တရာယ်ပြုနေသည်ဟု ဆရာမ ပံသုခင်ကပြောသည်။
“ကျွန်မက ပါတီကခေါင်းဆောင်တစ်ဦးဆိုတော့ ပါတီကိစ္စတွေနဲ့ ပတ်သက်ပြီး ယောက်ျားတွေနဲ့အတူ ခရီးထွက်ရပါတယ်။ ကျွန်မကို အားနာလို့ထင်တယ် အရက်မသောက်ကြဘူး။ ကျွန်မကလည်း ကျွန်မကို အားနာလို့ မသောက်ကြတာလား မေးကြည့်တော့ ဆရာမ ကျွန်တော်တို့က လူကောင်းတွေပါ၊ မသောက် မစားဘူးတဲ့၊ ရိုးရိုးတွေးရင် အရက် မသောက်ဘူးပေါ့။ ဒါပေမယ့် သူတို့ပြောတာ ဒီလိုရိုးရိုး အဓိပ္ပာယ်မဟုတ်ဘူး။ မသောက်ရရင် မစားဘူး ဆိုတဲ့ အဓိပ္ပါယ်။ စားလို့ မ၀င်တဲ့ အတွက် မသောက်ရရင် စားမ၀င်ဘူးလို့ဆိုလိုတာ” ဟု သူမကပြောသည်။
အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဖိတ်ကြားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတက်ရောက်ခဲ့ကြဟု သိရသည်။
အခမ်းအနားတွင် ဟောပြောပွဲအပြင် ရခိုင်အဆိုတော်များက ဖျော်ဖြေခဲ့ကြပြီး၊ ဆုရကျောင်းသားများကို ဆုချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားကို နေ့လယ် ၁၂ နာရီတွင် စတင်ပြီး ညနေ ၇ နာရီတွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။