“ရခိုင် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်မယ့် ပါတီတစ်ရပ်ပဲနိုင်မယ်” အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ရခိုင်အမျိုးသမီး မထုမေ နှင့် အင်တာဗျူး

ရန်ကုန်၊ ၂၄ သြဂုတ် ၂၀၁၅၊ နေနောင်


သြဂုတ်လ ၂၀ မှ ၂၁အထိ ရန်ကုန်မြို့ Park Royal Hotel တွင် ဒိန်းမတ်အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ် သည့် Danish Institute For Parties And Democracy ၏ပံ့ပိုးမှုဖြင့် “နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နိုင်ငံရေးပါတီပေါင်း ၅၀ ကျော်မှ အမျိုးသမီးများ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးခေါင်းဆောင်မှု အပိုင်းတွင် အမျိုးသမီးပါဝင်မှု ကဏ္ဍ ပိုမိုမြင့်မားစေရန် အရေးဆိုနိုင်ရေး၊ နိုင်ငံရေးပါတီများတွင် အမျိုးသမီးပါဝင်မှု မူဝါဒများ၊ ကျား-မရေးရာ တန်းတူ ညီမျှမှုရှိရေး၊ ဖွဲ့စည်းပုံများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုပါဝင်လာနိုင်ရေး ပြန်လည်သုံးသပ်ပြင်ဆင်ရန်၊ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များ ပံ့ပိုးနိုင်ရန်၊ ပါတီအချင်းချင်း လက်တွဲလုပ်ဆောင်ရန် အစရှိ သည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့တက်ရောက်ကြသူများတွင် သက်ဆိုင်ရာပါတီ ဗဟိုအလုပ်အမှုဆောင် အမျိုးသမီးများ၊ ကိုယ်စားလှယ်လောင်းများ၊ လွှတ်တော်အမတ်များ ပါဝင်ခဲ့ကြသည်။ ထိုထဲတွင် ရခိုင်အမျိုးသား ပါတီမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် မထုမေ လည်း အပါအ၀င်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၅ အလားအလာများနှင့် ပက်သက် ၍ သူမနှင့် MID NEWS သတင်းထောက် နေနောင် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အမအနေနဲ့ ၂၀၁၅ ရွှေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်တွေကနေ ၀င်ရောက်ယှဉ်ပြိုင်သွားမှာလဲ။ ပြီးတော့ ဘယ်ပါတီကနေ ၀င်ရောက်အရွှေးခံမှာလဲဆိုတာ ပထမဆုံး ဖြေပေးပါ။

ဖြေ (မထုမေ) ။ ။ ဟုတ်ကဲ့ရှင့်။ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျရင် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီးတော့ အမ်း၊ ရမ်းဗြဲ နှစ်မြို့နယ်ပေါင်းပြီးတော့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ အမအနေနဲ့ ရွှေးကောက်ပွဲမတိုင်မီ ကျင်လည်ခဲ့တဲ့နယ်ပယ်၊ ပြီးတော့ ပညာရေး နောက်ခံအနေအထား တွေကို ပြောပါဦး။

ဖြေ(မထုမေ)။ ။ ပညာရေးအနေနဲ့ကတော့ ရန်ကုန်မှာ ဆယ်တန်းအောင်တယ်။ ပြီးတော့ ၂၀၀၈ ကနေ ၂၀၁၄ အထိ Scholar Institute မှ အင်္ဂလိပ်စာဆရာမ လုပ်တယ်။ ၂၀၁၄ ကနေ ၂၀၀၅ ဇွန်လ အထိ Shwe GAS Movement မှာ အလုပ်လုပ်ခဲ့တယ်။ အဓိကအားဖြင့် အင်္ဂလိပ်စာဆရာမ တစ်ယောက်အနေနဲ့ ပညာရေး လောကမှာ အချိန်အကြာကြီး ကျင်လည်ခဲ့တယ်။

မေး။ ။ ကျား-မ ရေးရာ တန်းတူညီမျှမှု မူဝါဒတွေကို မြှင့်တင်ဖို့အတွက်ဆိုရင် အချိန်ဘယ်လောက်ယူရလဲ။ အထူးသဖြင့် မြန်မာလို ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံတွေမှာပေါ့။

ဖြေ (မထုမေ)။ ။ ဘယ်လောက်အထိ ကြာမြင့်မလဲဆိုတော့ အမျိုးသမီးရေးရာ ကိစ္စရပ်တွေမှာ အမျိုးသမီးတွေ ကိုယ်တိုင် ဘယ်အတိုင်းအတာအထိ အင်တိုက်အားတိုက် ၀င်ရောက်ဆောင်ရွက်မလဲ ဆိုတဲ့အပေါ်မှာ မူတည် နေတယ်ပေါ့နော်။ ခုနှစ်တွေထက်စာရင်ပေါ့နော်။ အမျိုးသမီးတွေ အားကောင်းဖို့၊ လွှတ်တော်ထဲ ရောက်လာဖို့ အရေးကြီးတယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့ နိုင်ငံရေး စိတ်ဝင်စားမှုပေါ့နော်။ ဒီနိုင်ငံရေး စိတ်ဝင်စားမှုတွေကမှ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ရပ်တည်လှုပ်ရှားကြမလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့ ထင်တယ်။

မေး။ ။ ပါတီပေါင်း ၅၀ ကျော်က အမျိုးသမီးတွေ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ တွေ့ဆုံမှုမှာ အမတို့အနေနဲ့အဓိကတွေ့ရှိခဲ့ကြတဲ့ စိန်ခေါ်ချက်တွေ၊ မူဝါဒတွေက ဘာတွေလဲ။
ဖြေ(မထုမေ)။ ။ အများဆုံး ဖြစ်နေတာကတော့ Networking ပဲ။ အမျိုးသမီးအချင်းချင်းက တစ်ယောက်ကိုတစ် ယောက် ကူညီကြမယ်၊ အမျိုးသမီးအချင်းချင်း လွှတ်တော်တွင်းနိုင်ငံရေးနဲ့ ပြင်ပနယ်ပယ်မှာ ဘာပဲလုပ်လုပ် ဒီ Networking ကို ကျမတို့ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်။ ရည်မှန်းချက်တစ်ခုကို အတူတူလျှောက်လှမ်းနိုင် မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေနဲ့ ပက်သက်တဲ့မူဝါဒတစ်ခု ထွက်ပေါ်လာနိုင်ဖို့ဆိုတာက မခဲယှဉ်းဘူးလို့ ကျမ ယုံကြည်တယ်။

မေး။ ။ လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှုနဲ့ ပက်သက်ပြီး ထူးခြားချက်တစ်ခုကို ရ၀မ်ဒါနိုင်ငံမှာ တွေ့ရတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့တဲ့ သူတို့နိုင်ငံမှာ လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှု က ၂၀၁၅ မှာ ၆၃.၈ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ထိပ်ဆုံးစာရင်းမှာ ရှိနေတယ်။ ဖင်လန်၊ ဆွီဒင် စတဲ့ စင်္ကဒီနေးဗီးယန်း နိုင်ငံတွေတောင် ထိပ်ဆုံး ၁၀ နိုင်ငံမှာပဲပါတယ်။ အမေရိကန်ကတော့ အဆင့် ၇၂ နေရာမှာပဲရှိနေတယ်လို့ Forbes က ဖော်ပြခဲ့တယ်။ အာဏာရှင်စနစ်ကနေ ပြောင်းတာခြင်းတူတူ အချိန်အတိုင်းအတာ တစ်ခုထိ ရောက်ရင် မြန်မာနိုင်ငံမှာလဲ ဒီလိုအမျိုးသမီးပါဝင်မှုနှုန်း တွေ့မြင်ရမယ်ထင်လား။

ဖြေ (မထုမေ)။ ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြောင်းလဲပုံခြင်း၊ ဘက်ပေါင်းစုံတော့ မတူညီကြဘူးပေါ့နော်။ ကျမ သိသလောက်ဆိုရင် မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေအနေနဲ့ မဲပေးပိုင်ခွင့်ကို မဲစပေးကတည်းက ရခဲ့ကြ တယ်။ ဆိုတော့အစောက မေးသလို အမျိုးသမီးတွေက ကိုယ်ရဲ့ရပိုင်ခွင့်ကို ဘယ်လောက် အင်တိုက်အား တိုက် လုပ်ဆောင်သလဲဆိုတဲ့အပေါ် မူတည်တယ်။ နောက်တစ်ခုက အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်ရဲ့ Capacity တွေကို ဒီ ကျား-မတန်းတူညီမျှရေးဆိုတဲ့အပေါ် အခြေခံပြီး ကိုယ့်ရဲ့စွမ်းရည်တွေကို အမျိုးသားတွေ ထက်တော်လာအောင်၊ အမျိုးသားနည်းတူရှိနိုင်အောင် ဘယ်လောက်ထိ မြင့်တင်နိုင်စွမ်းရှိလဲ။ ပြီးတော့ တစ်ဘက်မှာလည်း လူအဖွဲ့အစည်းက ဘယ်လောက်အထိပံ့ပိုးမလဲ အစရှိတာတွေအပေါ် မူတည်နေတယ်။ ပထမတစ်ဆင့်အနေနဲ့ အမျိုးသမီးတွေကိုယ်တိုင်က Burning Desire ပြင်းပြင်းပြပြဆန္ဒ ဘယ်လောက်ရှိလဲ။ ဒီဆန္ဒကို အကောင်အထည်ဖော်နိုင်အောင် နိုင်ငံရေးလောကအတွင်းမှာ အချင်းချင်း ကူညီတာပေးတာတို့ ဒါတွေ အရင်ဆုံးလုပ်ဖို့ လိုအပ်မယ်ပေါ့။

မေး။ ။ အမနားလည်ထားတဲ့ Gender Equaliy (ကျား-မ တန်းတူညီမျှမှု) နဲ့ feminist (အမျိုးသမီးဝါဒီ) သဘော ထားအမြင်ကို ပြောပါဦး။ ဒီနှစ်ခုမှာ ဘာတွေကွာခြားလဲပေါ့။ မကြာသေးမီ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ ကျား-မတန်းတူညီမျှမှုကို လုပ်နေကြတယ်ဆိုပေမယ့် လုပ်နေသူကိုယ်တိုင်က ဒီနှစ်ခုကို ကွဲကွဲပြားပြား မသိနိုင် အောင်ဖြစ်နေတယ်လို့ ဆိုထားတယ်။

ဖြေ(မထုမေ)။ ။ ဟုတ်ကဲ့ရှင့်။ ကျမတို့အနေနဲ့ အမျိုးသမီးများရဲ့ ရပိုင်ခွင့်ကို ကြိုးစားတဲ့နေရာမှာ တစ်ဘက် အမျိုးသားများကိုလည်း မထိခိုက်ဖို့က အရေးကြီးတယ်။ ဆိုလိုတာက ဘာလဲဆိုရင် ကျမတို့အမျိုး သမီးတွေရဲ့ Natural သဘာဝ ပိုင်ဆိုင်မှုတွေကိုက နူးနူးညံ့ညံ့ ပိုင်ဆိုင်ကြတယ်။ ကိုယ့်ရဲ့ အခွင့်အရေးကို ကြိုးစားတယ် ဆိုတဲ့နေရာမှာ တစ်ပါးသူအခွင့်အရေးကို မထိခိုက်ဖို့လိုတယ်။ သဘာဝ ပိုင်ဆိုင်ထားမှုတွေကို ကိုယ့်ရဲ့ရပိုင်ခွင့် တောင်းဆိုတဲ့နေရာမှာ အသုံးပြုသင့်တယ်ပေါ့နော်။ ဒါကြောင့်မိုလို့ ငါ့တို့အမျိုးသမီးရယ်ဆိုပြီး မဟုတ်ပဲ ကမ္ဘာကြီးမှာ အမျိုးသမီးရယ်၊ အမျိုးသားရယ်ဆိုပြီး ရှိကြတယ်။ အဲ့ဒီလိုရပိုင်ခွင့်ကို တစ်ပါးသူထိခိုက်မှု မဟုတ် ပဲနဲ့ သီးသန့်လှုပ်ရှား တောင်းဆိုသင့်တယ်။ သူတို့ရဲ့ရပိုင်ခွင့်ကို ယူတာမဟုတ်ဘဲ ကိုယ့်ပျောက်ဆုံးနေတဲ့ ရပိုင်ခွင့် တောင်းယူတာမျိုး ဖြစ်သင့်တယ်။ ပြောချင်တာက ဘာလဲဆိုရင် အမျိုးသမီးတွေအနေနဲ့ ကိုယ်အခွင့် အရေးကို ကြိုးစားတဲ့နေရာမှ Moderate (အလယ်အလတ်)ဖြစ်ဖို့ အရေးကြီးတယ်။ တစ်ဘက်စောင်းနင်းဖြစ်လို့ မရဘူး။ အမျိုးသားတွေကိုယ်တိုင်ကလဲ ငါတို့ဆီက အခွင့်အရေးပေးလိုက်ရတာ မဟုတ်ဘူး။ အမျိုးသမီးတွေ အနေနဲ့သူတို့ နဂိုရမယ့်အခွင့်အရေးကို တောင်းဆိုတာဘဲဆိုပြီး ခွင့်ပြုပေးသင့်တယ်။ နှစ်ဦးနှစ်ဖက်စလုံးက ဒီလို constructive point of view (ဘက်မျှမျှ) ကြည့်နိုင်မယ်ဆိုရင် ဒါတွေက ပြောပလောက်တဲ့ ပြဿနာဖြစ်လာ တော့မှာ မဟုတ်ဘူးလို့မြင်တယ်။

မေး ။ ။ အခုဆိုရင် ၂၀၁၅ အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း စာရင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီ။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွှေးကောက်ပွဲတွေကထက် ဒီ ၂၀၁၅ မှာ လွှတ်တော်အတွင်း အမျိုးသမီး ပါဝင်မှု ဘယ်လောက်ထိ မြင့်လာနိုင်မယ်လို့ထင်လဲ။ ပိုတိုးလာနိုင်သလား၊ လျှော့သွားနိုင်လား။

ဖြေ(မထုမေ)။ ။ ကျမထင်တာပေါ့လေ။ ဒီကိုယ်စားလှယ်လောင်းတွေက ပြည်သူလူထုကို ဘယ်လောက်ထိ ကိုယ့်ရဲ့မူဝါဒကို ချပြနိုင်မလဲ။ နောက်တစ်ခုက ကိုယ့်ရဲ့မူဝါဒက ပြည်သူလူထုရဲ့လိုအပ်ချက်ကို ဘယ်လောက် ထိ Reflect (ထင်ဟပ်) စေနိုင်မလဲဆိုတဲ့ တန်ပြန်မှုအပေါ်မှာပဲ ပြည်သူလုထုက မဲပေးမှာလေ။ နောက်တစ်ခုက အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာခြင်းက ကိုယ်စားလှယ်တွေများလာခြင်းက MP (အမတ်) ဖြစ်လာရေးကို ဦးတည်လာတာကတော့ တစ်ဘက်ကမှန်တယ်။ ဒါပေမယ့် တစ်ဘက်မှာ အဲ့ဒီပါဝင်လာတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်က ပြည်သူလုထူအသံကို ကိုယ်စားပြုပြီး ဘယ်လောက်ထိ ပြောနိုင်မလဲ။ မဲပေးတဲ့သူတွေက ဒီ အမျိုးသမီးတွေက MP (အမတ်) ဖြစ်လာအောင် မဲပေးကြလိမ့်မယ်။ ပိုတိုးလာနိုင်တဲ့ အနေအထားကိုတော့ မြန်မာပြည်အထက်ပိုင်းမှာ တွေ့နေရတယ်။ အထူးသဖြင့် မန္တလေးမှာ တွေ့ရတယ်။ အမျိုးသမီးတွေ ကိုယ်တိုင် ကလည်း MP ဖြစ်လာဖို့ အထူးကြိုးစားလာတယ်ဆိုတာ တွေ့ရတယ်။ ၂၀၁၅ မှာတော့ ၂၀၁၀ ကထက် ပိုပြီး တော့ အမျိုးသမီးအမတ်တွေ လွှတ်တော်အတွင်းမှာ မြင်တွေ့ရမယ်လို့ ထင်တယ်။

မေး။ ။ လက်ရှိ လွှတ်တော်များအတွင်း အမျိုးသမီးတွေပါဝင်မှုက ၄.၆ ရာခိုင်နှုန်းအထိ ရှိနေတယ်။ ဒီထဲမှာမှ ၀န်ကြီးနှစ်ဦး၊ ဒုဝန်ကြီး ၄ ဦးအထိရှိနေတာကို တွေ့ရတယ်။ ၂၀၁၅ မှာကော ဒီလိုဝန်ကြီးအဆင့်တွေထဲမှာ အမျိုးသမီးတွေ ဘယ်နှစ်ရာခိုင်နှုန်းလောက်များ ပါလာနိုင်ဦးမယ်ထင်လဲ။

ဖြေ။ ။ ဒါတွေကတော့လေ။ ပါတီကြီးတွေအနေနဲ့၊ အထူးသဖြင့် အစိုးရဖွဲ့နိုင်လောက်တဲ့ ပါတီကြီးတွေက အမျိုးသမီးတွေကို ၀န်ကြီးအဖြစ်နေရာပေးဖို့ ဘယ်လောက်ထိ လိုလိုလားလားရှိသလဲ။ အမျိုးသမီးတွေကကော ၀န်ကြီးလုပ်ဖို့ ဘယ်လောက်ဆန္ဒရှိသလဲ။ ၀န်ကြီးတာဝန်ထမ်းဆောင်ဖို့ ဘယ်လောက်ထိ အရည်အချင်းရှိသလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေတယ်။ အရည်အချင်းရှိလာရင်တော့ ဒီဝန်ကြီးနေရာကို အမျိုးသမီးရယ် အမျိုးသားရယ်မှ မဟုတ်ပါဘူး။ ဒီတာဝန်ကို ထမ်းဆောင်နိုင်တဲ့သူကို တာဝန်ပေးအပ်တာကပဲ နိုင်ငံအတွက် ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်။

မေး။ ။ မွန်ပြည်နယ်မှာဆို အမျိုးသမီးပါတီ ရှိနေတယ်။ ရခိုင်မှာဆိုလည်း လှုမှုရေး အဖွဲ့အစည်းတွေမှာ အမျိုး သမီးတွေ အဓိကနေရာတွေက တာဝန်ထမ်းနေကြတယ်။ ၂၀၁၀ ထက် ၂၀၁၅ မှာ နယ်ပယ်အရပ်ရပ်က အမျိုး သမီးတွေ ပါဝင်လာဖို့ ဘယ်လိုအခြေအနေ ရှိနေတယ်ထင်လဲ။

ဖြေ။ ။ ၂၀၁၀ထက်စာရင်တော့ ၂၀၁၅မှာ အမျိုးသမီးတွေပိုပြီးတော့ တက်ကြွလာကြတယ်။ အမျိုးသမီးအရေး လှုပ်ရှားတဲ့ အဖွဲ့တွေလည်း မြန်မာပြည်မှာပိုပြီးတော့ များလာတယ်။ ဆိုတော့ တစုံတရာ အတိုင်းအတာအထိ တိုးတက်လာတယ်လို့ မြင်တယ်ပေါ့နော်။ ဥပမာအားဖြင့် ခုနကမေးသလို မွန်အမျိုးသမီးပါတီရယ်လို့ ဖြစ်ပေါ် လာမှုမျိုးပေါ့။ ဒါလည်း လိုအပ်ချက်အရ ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။ဆိုတော့ အမထင်တာကျလို့ရှိရင် တကယ့် နိုင်ငံအပြောင်းအလဲမှာ အမျိုးသမီးသီးသန့်ဆိုတာရယ်လို့ လုပ်ဖို့ဆိုတာထက် နိုင်ငံတိုးတက်ဖို့ လုပ်တာက ပိုပြီး တော့ အခရာကျတယ်ပေါ့။

မေး။ ။ ရန်ကုန်တိုင်းမှာဆိုရင် အမျိုးသမီးရပ်/ကျေး ဥက္ကဌက ၄၁ ယောက်အထိရှိနေတယ်။ အချို့ပြည်နယ်တွေ မှာလည်း အမျိုးသမီးရပ်/ကျေး ဥက္ကဌတွေ ရှိနေတယ်။ အဖွဲ့အစည်းတစ်ခုကတော့ လွှတ်တော်ထဲမှာတင်မကဘဲ ရပ်/ကျေးလို အဆင့်တွေမှာ အမျိုးသမီးတွေ ၂၀၁၅ မှာပါဝင်ဖို့ ပိုရှိလာနိုင်တယ်ဆိုတာ ခန့်မှန်းချက်ထုတ်ထား တယ်။ ဒီလိုပါဝင်ဖို့ဆိုရင် အမျိုးသမီးကိုယ်တိုင်က စိတ်ဆန္ဒဘယ်လောက်ထိ ပြင်းပြနေမှ ရနိုင်မလဲ။

ဖြေ။ ။ ဟုတ်ကဲ့ရှင့်။ ဒီလိုမျိုး ရာခိုင်နှုန်း တော်တော်များလာခဲ့ခြင်းက အမျိုးသမီး Awarness ကို ဒီအုပ်ချူပ်ရေး၊ ဒီနိုင်ငံရေး ကဏ္ဍပိုင်းကို ပိုပြီးတော့ တာဝန်ယူချင်တဲ့ အမျိုးသမီးများလာခြင်းက နိုင်ငံတိုးတက်ဖို့ ကောင်းမွန်တဲ့ အလားအလာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရဲ့ ထက်ဝက်ကျော်သော လူဦးရေက အမျိုးသမီးထု မိန်းမ သားတွေဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီအမျိုးသမီးပါဝင်ခြင်းက သူတို့တစ်စုတည်းအတွက်တင်မဟုတ်ပဲ နိုင်ငံ အတွက်ကိုယ်စားပြုပါဝင်လာတာဖြစ်လို့ ဒါကအပေါင်းလက္ခဏာလို့မြင်ပါတယ်။

မေး။ ။ ပါတီတွေအတွင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများအတွင်း အမျိုးသမီးတွေ ပါဝင်နေတာ၊ ပါဝင်ဖို့ လုပ်ဆောင်နေတာတွေက အတိုင်းအတာတစ်ခုအထိ လွတ်လပ်လာလား။ ဟန်ပြအခြေအနေလား။ လုံးဝ မလွတ်လပ်သေးတဲ့ အနေအထားလား။ ဘယ်လိုမြင်လဲ။

ဖြေ (မထုမေ) ။ ။ ပါဝင်လာတယ်ဆိုရင်တော့ ဒါကအမျိုးသမီးတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလို့ ဖြစ်ပါလိမ့်မယ်။ တစ်စုံတစ်ယောက်က နေရာပေးတယ်ဆိုတာထက် အမျိုးသမိးတွေက ကိုယ့်အခွင့်အရေးကို ကိုယ် တိုက်ပွဲဝင်ကြတာ ကြိုးစားကြတာ ဆိုရင်တော့ ပိုမှန်လိမ့်မယ်ပေါ့နော်။

မေး။ ။ ဟုတ်ကဲ့။ ၂၀၁၅ မှာဆိုရင် ရခိုင်မှာပါတီကြီးတွေ အောင်မြင်မှုမရနိုင်ဘူးလို့ သိထားကြတယ်ပေါ့။ ပါတီကြီးတွေအတွက် အခက်အခဲတစ်ခုဆိုတာထက် ပိုနေတယ်ပေါ့။ ဒီဖြင့် ပြည်နယ်တွေမှာ ရနိုင်ပေမယ့် ရခိုင် မှာတော့ လုံးဝမဖြစ်နိုင်ဘူးပေါ့။ ဆိုတော့ ရခိုင်မှာ ပြည်နယ်အစိုးရ ဖွဲ့နိုင်လောက်တဲ့ ပါတီအဖွဲ့အစည်းက ဘယ် အဖွဲ့အစည်း ဖြစ်နိုင်မယ်လို့ အမ ခန့်မှန်းလဲ။

ဖြေ (မထုမေ) ။ ။ အင်း။ တရားမျှတပြီး လွှတ်လပ်တဲ့ ရွှေးကောက်ပွဲဖြစ်မယ်။ လွှတ်တော်အမတ်လောင်းတွေ အနေနဲ့ လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့် ရမယ်ဆိုရင်ပေါ့နော်။ ပါတီကြီးတွေဆိုတာထက် ရခိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ်နိုင်တဲ့ ပါတီတစ်ရပ်က အနိုင်ရရှိမယ်လို့ ယုံကြည်တယ်။

မေး။ ။ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကြောင့် လွှတ်တော်နှစ်ရပ် ရပ်နားဖို့အဆိုတွေ တင်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ ဆိုတော့ ပြန်လည်တည်ထောင်ဖို့ ကိစ္စတွေမှာ လွှတ်တော်အမတ်တွေ အနေနဲ့ ဘယ်လောက်ထိ ပါဝင်နိုင်မယ်လို့ထင်လဲ။

ဖြေ (မထုမေ) ။ ။ ကျမ ရခိုင်မှာ ၁၂ ရက်လောက်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ခဲ့တယ်။ အခု အချိန်အထိတော့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လှုမှုအဖွဲ့အစည်းတွေထဲက တစ်ယောက်ချင်း ဦးဆောင်ကူညီ မှုတွေကလွဲရင် လွှတ်တော်အမတ်ရယ်လို့၊ အစိုးရအဖွဲ့အစည်းရယ်လို့ များများစားစား ကူညီတာ မတွေ့ရဘူး။ ပြန်လည်တည်ဆောက်ယူရေးဆိုတဲ့ နေရာမှာတော့ လွှတ်တော်အမတ် ဆိုတာထက် အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ထင်တယ်။

မေး။ ။ ရခိုင်ပြည်နယ် အစိုးရရဲ့ ထုတ်ပြန်မှုအရပေါ့နော်။ ပျက်စီးဆုံးရှုံးမှု ပမာဏဟာ ကျပ်ဘီလီယံ ၄၀ ကျော် ရှိတယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့တယ်။ ဒီအထဲမှာ ကလေးတွေအတွက် အခြေအနေက အတော်ဆိုး နေတယ်လို့ သိရတယ်။ အမ သာ အမ ပြိုင်မယ့်မဲဆန္ဒနယ်တွေက အနိုင်ရပြီဆိုရင် ကလေးတွေအတွက် ဘယ် အရာကို ဦးစားပေးလုပ်မလဲ။

ဖြေ (မထုမေ) ။ ။ အခုလောလောဆယ် တွေ့ရတာက သဘာဝဘေးအန္တာရယ် ခံစားရတဲ့ ဒေသမှာဆိုရင် သောက်ရေသုံးရေသန့်သန့် ရရှိဖို့က အရေးတကြီး လိုအပ်နေတယ်။ ခလေးတွေက အနာတွေ ပေါက်နေကြပြီ။ လောလောဆယ် သူတို့ရဲ့ကျန်းမာရေးက အရေးကြီးတယ်။ တစ်ဆင့်တက်လာပြီ ဆိုရင်တော့ ပညာရေးပိုင်းပေါ့။

မေး။ ။ အခုဆိုရင်ပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေရွှေးကောက်ပွဲကြီး ကျင်းပတော့မယ်။ ဒီပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ နိုင်ငံတကာကော၊ ပြည်တွင်းကကော အားလုံး All inclusive ပါဝင်လာဖို့က ဘယ် အတိုင်းအတာအထိ အရေးကြီးမယ်ထင်လဲ။

ဖြေ(မထုမေ)။ ။ အရမ်းကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ က မြန်မာနိုင်ငံရဲ့ တကယ့်အရေး ကြီးတဲ့ ပြောင်းလဲမှုကြီးပေါ့နော်။ အဲ့ဒါကြောင့်မို့ နိုင်ငံတကာအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သန့်ရှင်းတဲ့ ရွှေးကောက်ပွဲတစ်ခုဖြစ်ဖို့ တရားမျှတတဲ့ ရွှေးကောက်ပွဲတစ်ခုဖြစ်ဖို့ သူတို့စောင့်ကြည့်ဖို့ ဆိုတာလဲ အရမ်းကို လိုအပ်တယ်။ မမျှတဘူးဆိုရင်တောင်ပေါ့နော်။ အဲ့ဒီနေ့မှာပဲ On the spot သတင်းအနေနဲ့ဖြစ်စေ လုပ်ဆောင်ဖို့ကလဲ အများကြီးလိုတယ်။ ဟုတ်တယ် ၂၀၁၅ မှာ All Inclusives ဖြစ်ဖို့ နိုင်ငံတကာကော ပြည်တွင်းမှာပါ အတော်လေး စိတ်ဝင်စားနေတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ က မြန်မာနိုင်ငံ အပြောင်းအလဲအတွက် တစ်စုံတစ်ရာအထိ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ အမကိုယ်တိုင် ယူဆတယ်။

မေး။ ။ အမအနေနဲ့ အမရဲ့ မဲဆန္ဒနယ်မြေကနေ ၀င်ရောက်ရွှေးကောက်ခံမယ်။ ပြီးတော့ ရွှေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲရောက်မယ်ဆိုရင် ဘယ်လို အဆိုမျိုးကို ပထမဆုံး တင်သွင်းမလဲဆိုတာ နောက်ဆုံး အနေနဲ့ ဖြေပေးပါ။

ဖြေ (မထုမေ) ။ ။ ပထမဆုံးအနေနဲ့ ကျမတို့ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသား အခွင့်အရေးရဖို့အတွက် နေပြီးတော့ အမျိုးသားလွှတ်တော်မှာ ကျမတို့လို ဘ၀တူ တိုင်းရင်းသားများနဲ့ ရပိုင်ခွင့်ကို တောင်းဆိုတဲ့ ပထမဆုံး အဆိုပေါ့နော်။ ဒီအဆိုကို တင်ဖို့များပါတယ်။

http://www.myanmardemocracy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။