ဆော်ဒီတွင် ဟာ့ဂ်ျ၌ လူစုပြုံ တိုးဝှေ့မှုကြောင့် လူ ၅၀၀ နီးပါး သေဆုံး


စက်တင်ဘာ ၂၃ ရက်က ဆော်ဒီနိုင်ငံ အာရာဖတ်မြို့ရှိ နာမီရာဗလီ အပြင်ဘက်၌ ထောင်နှင့်ချီသော မွတ်စလင် ၀တ်ပြုသူများကို တွေ့ရစဉ်

ဆော်ဒီအာရေဗျတွင် နှစ်စဉ်ပြုနေကျ ဟာ့ဂ်ျ၌ စက်တင်ဘာ ၂၄ ရက်က ၀တ်ပြုသူများ စုပြုံတိုးမှုကြောင့် လူပိမှု ဖြစ်ပွားခဲ့ပြီး လူ ၅၀၀ နီးပါး သေဆုံးခဲ့သည့်အပြင် လူ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဟာ့ဂ်ျ၏ နောက်ဆုံးအဆင့် ထုံးတမ်းစဉ်လာကို ၀တ်ပြုသူ နှစ်သန်းနီးပါးက ဆောင်ရွက်နေကြစဉ် မီနာမြို့၌ လူစုပြုံလဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက် လာနိုင်ကြောင်း ဆော်ဒီပြည်သူ့ ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

လူပြိုလဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်းမသိရသေးပေ။ စေတန်ကို ကိုယ်စားပြုသော နံရံသုံးခုအနက် တစ်ခုကို ကျောက်စရစ်ခဲများဖြင့် ပစ်လွှတ်ရန် မက္ကာအပြင်ရှိ မီနာတွင် ၀တ်ပြုသူများ စုဝေးနေစဉ် လူစုပြုံတိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးကို ကျောက်တုံးဖြင့် နှိမ်နင်းသည့် သင်္ကေတကို ဆောင်ရွက်ကြခြင်းသည် ဟာ့ဂ်ျ၏ နောက်ဆုံးနေ့တွင် ဆောင်ရွက်သည့် ထုံးတမ်းစဉ်လာဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင် ၁ ဒသမ ၅ ဘီလျံသည် စက်တင်ဘာ ၂၄ ရက်တွင် အစ္စလာမ္မစ်ပြက္ခဒိန်၏ အရေးကြီးဆုံး နေ့ရက်ဖြစ်သော အိဒ်နေ့ကို ဆင်နွှဲနေကြသည်။ ဟာ့ဂ်ျသည် အစ္စလာမ်ဘာသာ၏ မဏ္ဍိုင်ကြီး ငါးရပ်အနက် တစ်ရပ်ဖြစ်သည်။ ဟာ့ဂ်ျပြုနေကြစဉ် လူစုပြုံတိုးမှုများ၊ မီးလောင်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသော်လည်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများကြောင့် မတော်တဆမှု ကင်းစင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိပြီဖြစ်သည်။

ယခုနှစ်တွင် ဟာ့ဂ်ျအတွက် ပြင်ဆင်နေကြစဉ် စက်တင်ဘာ ၁၁ ရက်က မက္ကာ၏ Grand ဗလီတွင် ၀န်ချီစက် ပြိုကျမှုကြောင့် လူ ၁၀၉ ဦး သေဆုံးခဲ့သည်။ နတ်ဆိုးကို ကျောက်တုံးဖြင့်ပစ်သည့် နေရာအနီး လမ်းကြောင်း တစ်ခုကို အကျိုးအကြောင်း မသိရဘဲ ပိတ်ခဲ့သည့် အတွက်ကြောင့် လူတိုးဝှေ့မှု ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း အီရန်က ဆော်ဒီကို စွပ်စွဲပြောကြားခဲ့သည်။

ဟာ့ဂ်ျကာလအတွင်း ဖြစ်ပွားခဲ့သည့် ထင်ရှားသော မတော်တဆမှုများ

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ဆော်ဒီရှိ မက္ကာနှင့် မီနာမြို့များ၌ ဟာ့ဂ်ျ ၀တ်ပြုကာလ ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည့် ထင်ရှားသော မတော်တဆမှုများမှာ-

၂၀၀၆ ဇန်န၀ါရီ ၆ - မက္ကာမြို့လယ်ရှိ ဟိုတယ်တစ်လုံး ပြိုကျမှုကြောင့် လူပေါင်း ၇၆ ဦး သေဆုံးခဲ့ရသည်။

ဇန်န၀ါရီ ၁၂ - မက္ကာမြို့အနီးရှိ မီနာမြို့တွင် ပြုလုပ်သော နတ်ဆိုးနှင်သည့် ကျောက်တုံးပစ်ပွဲအတွင်း လူစုပြုံ တိုးမှုကြောင့် ၀တ်ပြုသူ ၃၆၄ ဦး သေဆုံးခဲ့ရသည်။

၂၀၀၄ဖေဖော်ဝါရီ ၁ - မီနာမြို့တွင် ပြုလုပ်သည့် နတ်ဆိုးနှင်သော ကျောက်တုံးပစ်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့်ပင် လူပေါင်း ၂၅၁ ဦး သေဆုံးခဲ့ရသည်။

၁၉၉၈ ဧပြီ ၉ - မီနာမြို့မှ နတ်ဆိုးနှင်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့် လူပေါင်း ၁၁၈ ဦး သေဆုံးခဲ့ရသည်။

၁၉၉၇ ဧပြီ ၁၅- မီနာမြို့ရှိ ၀တ်ပြုသူများနေ ထိုင်သောစခန်းတစ်ခုတွင် ဂက်စ်မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၃၄၃ ဦးသေဆုံးကာ သေဆုံးသူ ၁၅၀၀ ၀န်းကျင် ရှိခဲ့သည်။

၁၉၉၅ မေ ၇- မီနာရှိ ၀တ်ပြုသူ စခန်းတစ်ခု၌ မီးလောင်မှုကြောင့် လူပေါင်း ၉၉ ဦး သေဆုံးခဲ့ရသည်။

၁၉၉၄ မေ ၂၄- မီနာရှိ နတ်ဆိုးနှင်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့် လူပေါင်း ၂၇၀ သေဆုံးခဲ့ရသည်။

၁၉၉၀ ဇူလိုင် ၂ - မီနာရှိ လိုဏ်ခေါင်းတစ်ခုအတွင်း လေ၀င်လေထွက်စနစ် ပျက်သွားပြီးနောက် လူစုပြုံတိုးမှု ဖြစ်ပွားခဲ့ရာ ၀တ်ပြုသူပေါင်း ၁၄၂၆ ဦး သေဆုံးခဲ့ရသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။