
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း ဒေသခံတစ်ဦးသည် ရဲများနှင့်စကားများ၍ ရိုက်နှက်ခံရပြီးနောက် သေဆုံးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ယင်းအပြင် အဆိုပါအမှုအား သေမှုသေခင်း ပုဒ်မဖြင့်သာ အမှုဖွင့်ခဲ့သည့်အတွက် ဒေသခံများက မကျေနပ်၍ အမှုမှန်ပေါ်ပေါက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
စက်တင်ဘာလ(၂၂) ရက်နေ့ မဒေးကျွန်းရဲစခန်းမှ ရဲသုံးဦးနှင့် သေဆုံးသွားသူ ဦး............တို့ စက်လှေတွန်းတင်ခြင်း နှင့်ပက်သက်၍ စကားများခဲ့ပြီး ဦး.........မှာ ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သော်လည်း ရေနစ်သေဆုံးသည်ဟု အမှု ဖွင့်ထားသည့် အတွက် အဆိုပါဒေသခံများက အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်သွားမည်ဟု ပြောသည်။
“အဲနေ့ညနေက ကျောက်ဖြူကနေ ရဲသုံးယောက်က စက်လှေနဲ့ ပြန်လာတာ။ ရေကျတော့ စက်လှေကို တွန်းတင်လို့ မရလို့ ကို..........ကို ခေါ်တာ။ သူကလည်း ရဲတွေမှန်း မသိတော့ ငါလည်းစက်လှေ တွန်းတင်နေတယ်လို့ပြောခဲ့တယ်။ အဲဒီကနေ စကားများရာကနေ ကို............က ဓားနဲ့ခုတ်မယ်ပြောပြီး ဓားယူပြီး ထွက်လာတယ်။ ရဲတွေလည်း အပေါ်တက်လာတော့မှ သူကရဲမှန်းသိလို့ ဓားကိုအောက်ချပေမယ့် ရဲတွေက ၀ိုင်းရိုက်တယ်။ နောက်ပြီး ရဲစခန်းကိုပါ ခေါ်သွားတယ်။ မနက်ကျ အခြေအနေ မကောင်းလို့ ဆေးရုံးပို့ရင်း လမ်းမှာဆုံးသွားခဲ့တာ”ဟု မဒေးကျွန်း ဒေသခံ ဦးထွန်းကြည်က ပြောသည်။
အဆိုပါ သေဆုံးမှုအတွက် ရဲစခန်းမှ ရေနစ်သေဆုံးသည်ဟုဆိုကာ သေမှုသေခင်းဖြင့်သာ အမှုဖွင့်ခဲ့သည်ဟု ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ကြောင်း ဦးထွန်းကြည်က ပြောသည်။
“ကျွန်တော်သိတာ လူသေမှုနဲ့ပဲ ဖွင့်တယ်လို့ သိရတယ်။ ပုဒ်မ(၃၀၄)နဲ့ မဒေးကျွန်းရဲစခန်းမှာ ဖွင့်ထားတယ်”ဟု ကျောက်ဖြူမြို့နယ် စခန်းမှုးက ပြောသည်။
အဆိုပါ သေဆုံးသွားခဲ့သည့် အမှုအား ဒေသခံများက ခရိုင်ဆေးရုံမှ ဆေးစာတောင်းယူနေပြီး ၎င်းကိုယ်ပေါ်မှ အ၀တ်အစားများသည် မသေခင်က၀တ်ခဲ့သော အ၀တ်အစားများ မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သူ မဒေးကျွန်း ဒေသခံ ဦးတင်ဦးကျော်က ပြောသည်။
“လူသေမှုနဲ့ပဲ ဖွင့်တယ်။ သာမန်သေတဲ့ သူတစ်ယောက်က လက်တွေ ကျိုးမနေဘူး။ သွေးလည်းထွက်နေမှာ မဟုတ်ပါဘူး။ ခုသူ့မှာ ဒဏ်ရာတွေနဲ့။ ပြီးတော့ ကိုယ်ပေါ်က အ၀တ်အစားတွေက သူမသေခင်က အ၀တ်အစားလည်း မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ သူ့အ၀တ်အစားတွေကိုလည်း ရှာဖွေနေပါတယ်။ ခရိုင်ဆေးရုံမှာ သူ့အတွက် ဆေးစာတောင်းထားတယ်။ ခုထိမရသေးဘူး။ ဆေးစာရရင် လူသတ်မှုလား၊ လူသေမှုလားဆိုတာ သိရမှာပါ။ကျွန်တော်တို့ကတော့ အဖြစ်မှန် ပေါ်ပေါက်ဖို့ ကြိုးစားသွားရမှာပါ”ဟု ဦးတင်ဦးကျော်က ပြောသည်။
http://messengernewsjournal.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။