လာမည့် ၂၅ နှစ်အတွင်း အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားမည်ဟု အီရန် အဓိပတိ ခြိမ်းခြောက်

လာမည့် ၂၅ နှစ်တွင် ကမ္ဘာပေါ်၌ အစ္စရေးနိုင်ငံ ရှိတော့မည် မဟုတ်ဟု အီရန်၏ အဓိပတိ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက ခြိမ်းခြောက် ပြောကြားလိုက်သည်။

မကြာသေးမီက အီရန်၏ နျူကလီးယား အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သော်လည်း အနာဂတ် ကာလတွင် မကောင်းဆိုးရွား အမေရိကန်နှင့် မည်သည့် သဘောတူညီမှုမျှ ရယူမည် မဟုတ်ကြောင်းလည်း ခါမေနီက စက်တင်ဘာ ၉ ရက်တွင် ၎င်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်နှင့် Twitterပေါ်၌ သဘောထားထုတ်ပြန် ရေးသားခဲ့သည်။
အီရန်၏ ဖွဲ့စည်းပုံအရ ခါမေနီသည် နိုင်ငံရေးနှင့် ဘာသာရေးတွင် အကြီးကျယ်ဆုံး အဓိပတိ ရာထူးနေရာကို ဆက်ခံရယူထားသူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက အီရန်နှင့် ရယူထားသော သဘောတူညီမှုအရ အစ္စရေး၏ လုံခြုံရေးကို နောက်ထပ် အနည်းဆုံး ၂၅ နှစ်စာ အာမခံနိုင်ကြောင်း ကတိပြုထားရာ ခါမေနီက အစ္စရေးသည် နောက်ထပ် ၂၅ နှစ်အကြာတွင် ကမ္ဘာ့မြေပုံပေါ်၌ ရှိနေတော့မည် မဟုတ်ဟု ပြက်ရယ်ပြုသွားခြင်း ဖြစ်သည်။
“နျူကလီးယားအရေး သဘောတူညီမှု အပြီးမှာ ဇီယွန်နစ်ဝါဒီ (အစ္စရေး)တွေက သူတို့ဟာ နောက်ထပ် ၂၅ နှစ်လောက် အီရန်ရဲ့ ရန်ကနေ စိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောနေကြတယ်။ ကျုပ်က အပြတ်ပြောလိုက်မယ်။ ခင်ဗျားတို့ (အစ္စရေး)ဟာ ၂၅ နှစ်ကြာတဲ့ထိ သက်ဆိုးရှည်မှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အလိုတော်အရ ဇီယွန်နစ်ဝါဒစွဲ နိုင်ငံတစ်ခုဟာ ၂၅ နှစ်လောက် တည်မြဲစရာ အကြောင်းမရှိဘူး။ အဲဒီအတောအတွင်းမှာ တိုက်ပွဲဝင် သူရဲကောင်း ဝိညာဉ်နဲ့ ဂျီဟတ်ဝါဒတွေက ခင်ဗျားတို့ကို အချိန်တိုင်း စိုးရိမ်ပူပန်နေစေရမယ်”ဟု ခါမေနီက ခြိမ်းခြောက်သွားခဲ့သည်။
၎င်းက အီရန်နိုင်ငံသားများ အနေဖြင့် အမေရိကန်၏ မကောင်းဆိုးရွားဆန်မှုကို မမေ့လျော့ရန် လိုအပ်ကြောင်းလည်း သတိပေးခဲ့သည်။ “တချို့က ဒီမကောင်းဆိုးရွား နတ်ဆိုးကို နတ်တမန် ပုံစံမျိုး ပြဆိုချင်ကြတယ်။ ဒါပေမဲ့ အီရန် နိုင်ငံသားတွေအနေနဲ့ ဒီနတ်ဆိုးကို ဖယ်ရှားဖို့ လိုတယ်။ ကျုပ်တို့ရဲ့ အိမ်ပြတင်းပေါက်နားကို နတ်ဆိုးတွေ တရစ်ဝဲဝဲ ပြန်ရောက်လာတာမျိုးကို ခွင့်ပြုလို့ မဖြစ်ဘူး”ဟုလည်း ၎င်းက ရေးသားထားခဲ့သည်။
ခါမေနီသည် အီရန်၏ နျူကလီးယားရေး သဘောတူညီချက်နှင့် ပတ်သက်၍ ပြန်လည် ဆန်းစစ်ရန်လည်း အီရန် လွှတ်တော်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမိန့်ပေးထားခဲ့ကြောင်း သိရသည်။
အီရန်နှင့် နျူကလီးယားရေး သဘောတူညီမှု ရယူခြင်းကို အစဉ်တစိုက် ကန့်ကွက်ခဲ့သည့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ခါမေနီ၏ ခြိမ်းခြောက်စကားများကို ထောက်ပြကာ အီရန်၏ ရန်လိုမှုနှင့် အန္တရာယ်ပြုနိုင်စွမ်းကို လျှော့မတွက်သင့်ကြောင်း ဝေဖန်သွားခဲ့သည်။
“ခါမေနီကို ကြည့်ရတာ ဒီသဘောတူညီမှုဟာ လေထဲတိုက်အိမ်ဆောက်သလို စိတ်ကူးယဉ်မှု သက်သက်ပဲလို့ အတွေးဝင်နေပုံရတယ်”ဟု ၎င်းက ပြောကြားသွားသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။