တိုကျို၊ စက်တင်ဘာ-၂၁ ။ ။ ဂျပန်နိုင်ငံ၏ အထက်လွှတ်တော်က နိုင်ငံရပ်ခြားစစ်ပွဲများတွင် ပါဝင်မှုအပေါ် ကာလကြာမြင့်စွာကတည်းက ကန့်သတ်ချက်များကို ဖယ်ရှားလိုက်သည့် ဥပေဒေများကို စက်တင်ဘာ ၁၉ ရက်နေ့က အတည်ပြုလိုက်သောကြောင့် အိမ်နီးချင်းနိုင်ငံများက စိုးရိမ်မှုဖြင့် တုန့်ပြန်ခဲ့ကြသည်။
ဥပဒေပြုလွှတ်တော်က ဂျပန်၏ ဒုတိယကမ္ဘာစစ်အလွန် စစ်မလိုလားသည့် ဖွဲ့စည်းပုံပါ အပိုဒ်၉ကို အဓိပ္ပာယ်အသစ်ဖြင့် ဖွင့်ဆိုခဲ့သည်။ ထိုအပိုဒ်၉အရ စစ်ကို နိုင်ငံ၏ အချုပ်အခြာအခွင့်အရေးတစ်ရပ်သဖွယ် ဖွင့်ဆိုခြင်းနှင့် နိုင်ငံတကာပဋိပက္ခများကို ဖြေရှင်းနည်းအနေနှင့် အင်အားသုံးခြိမ်းခြောက်ခြင်းကို ဂျပန်ပြည်သူများက ထာဝရ ငြင်းပယ်သည်ဟု အဓိပ္ပာယ်ရသည်။
ယခုမူ မိမိကိုယ်မိမိကာကွယ်ရေးတပ်ဖွဲ့ (SDF)ဟု ကမ္ဘာကသိထားသည့် ဂျပန်စစ်တပ်မှာ နိုင်ငံပြင်ပစစ်ပွဲများတွင် ၄င်း၏မဟာမိတ်များကို အကန့်အသတ်ဖြင့် ကာကွယ်ခွင့် ရရှိတော့မည်ဖြစ်သည်။ ယခင်က ဂျပန်တပ်ဖွဲ့များကို လူသားချင်းစာနာမှု အကူအညီများပေးရန်သာ ကန့်သတ်ထားခဲ့သည်။
ဥပဒေအသစ်မှာ ထောက်ခံမဲ ၁၄၈မဲ၊ ကန့်ကွက်မဲ ၉၀ဖြင့် နောက်ဆုံးအခက်အခဲကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် နောက်၆လအတွင်းတွင် အသက်ဝင်လာတော့မည် ဖြစ်သည်။
အောက်လွှတ်တော်ကမူ ထိုဥပဒေကို ဇူလိုင်လကတည်းက အတည်ပြုခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ဂျပန်နိုင်ငံမှာ စစ်အေးသဘောထားကို ကိုင်စွဲလွန်းနေသည်ဟု စွပ်စွဲခဲ့ပြီး လုံခြုံရေးဥပဒေအသစ်များကို ဂျပန်၏ တရုတ်နိုင်ငံကို ကျူးကျော်မှု ၈၄နှစ်ပြည့်ပြီးနောက် တစ်ရက်တွင် အတည်ပြုခဲ့သည်ဟုလည်း မီဒီယာများက အမှတ်ထင်ထင် ဖော်ပြခဲ့ကြသည်။
၁၉၃၁ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် တရုတ်မြို့ မက်ဒင်းတွင် ဂျပန်ကုမ္ပဏီပိုင် ရထားတစ်စင်း ဖောက်ခွဲဖျက်စီးခံခဲ့ရရာ ဂျပန်က တရုတ်အမျိုးသားရေးဝါဒီများ၏ လက်ချက်ဖြစ်သည်ဟု အပြစ်တင်ခဲ့ပြီး တရုတ်အနောက်မြောက်ပိုင်းပြည်နယ်များကို ကျူးကျော်ရန် အကြာင်းပြချက်အဖြစ် အသုံးချခဲ့သည်။ ဂျပန်တပ်ဖွဲ့များကို ထိုဒေသကို နောက် ၁၄နှစ်တိုင်တိုင် ကျူးကျော်သိမ်းပိုက်ထားခဲ့သည်။
''ကျနော်တို့က ဂျပန်ရဲ့နောက်ခြေလှမ်းကို မျက်ခြည်မပြတ်ကြည့်နေမှာပါ။ ဂျပန်ကို အတိတ်သမိုင်းက သင်္ခန်းစာယူဖို့၊ အာရှအိမ်နီးချင်းတွေရဲ့ စိုးရိမ်မှုကို အလေးအနက်ထားဖို့၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာပဲ နေမြဲနေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်''ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တောင်ကိုရီးယားကလည်း အလားတူစွာပင် ဂျပန်၏ ပေါ်လစီပြောင်းလဲမှုကို တုန့်ပြန်ခဲ့ပါသည်။ Yonhap သတင်းအေဂျင်စီတွင် ပုံနှိပ်ဖော်ပြလာသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်ခုတွင် ဆိုးလ်က အိမ်နီးချင်းဂျပန်ကို ငြိမ်းချမ်းရေးစိတ်ဓာတ်တွင်သာ ခိုင်မာမြဲ ခိုင်မာစွဲမြဲနေရန် တိုက်တွန်းထားသည်။ ''ဂျပန်နိုင်ငံအနေနဲ့ စစ်မလိုလားတဲ့ ဖွဲ့စည်းပုံစိတ်ဓာတ်ကို ရေရှည်ထိန်းသိမ်းထားရင်းနဲ့ ပွင့်လင်းမြင်သာမှုရှရှိနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထည့်ဝင်မယ့် ဦးတည်ချက်ဖြင့်သာ ကာကွယ်ရေးနဲ့ လုံခြုံရေးပေါ်လစီကို ဆုံးဖြတ်သင့်ပါတယ်''ဟု အဆိုပါကြေညာချက်တွင် ပြောကြား ထားသည်။
ဂျပန်၏ နိုင်ငံရေးကစားကွက်ကို ဆိုးလ်က သတိကြီးကြီးဖြင့် စောင့်ကြည့်နေသည်။ တောင်ကိုရီးယားမှာ ၁၉၁၀မှ ၁၉၄၅အထိ ၃၅နှစ်ကြာမြင့်သည့် ဂျပန့်ကိုလိုနီဘ၀၏ နာကျင်ဖွယ်အမှတ်တရများကို ခံစားနေရဆဲပင်ဖြစ်သည်။ ၁၉၃၀နှင့် ၁၉၄၀ခုနှစ်များတွင် အဓိကအားဖြင့် ကိုရီးယားနှင့် တရုတ်မှဖြစ်သည့် အမျိုးသမီးပေါင်း ၂၀၀၀၀၀ခန့်ကို ဂျပန်စစ်တပ်က လိင်ကျွန်များအဖြစ် အဓမ္မသွတ်သွင်းခဲ့သည်ဟု လည်း နှစ်နိုင်ငံစလုံးက ပြောကြားထားသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။