ပေကျင်း၊ စက်တင်ဘာ-၂၁ ။ ။ စမတ်ဖုန်းဘီလူးကြီး Appleက တရုတ်နိုင်ငံအတွင်း iPhoneနှင့် iPads များတွင် အသုံးများသည့် အသုံးဆော့ဖ်ဝဲ (apps)များသို့ ပေါင်းထည့်လာသည့် အဖျက်အမှောင့် ကုတ် (code)များကို ဖယ်ရှားရန် အရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းမှာ Apple ၏ အသုံးဆော့ဖ်ဝဲစတိုး (App Store)ကို ပထမဆုံး အကြီးစားတိုက်ခိုက်မှုဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
ကွန်ပျူတာထွင်းဝိဇ္ဇာဟက်ကာများက iOS အသုံးဆော့ဖ်ဝဲများ တည်ဆောက်ရန်အတွက် Apple ဆော့ဖ်ဝဲ ဗားရှင်းအတုများကို ဖန်တီးပြီး developer များကို ဆွဲချရယူရန် ဆွဲဆောင်ခဲ့သည်ဟု ဆိုသည်။
ထိုဗားရှင်းအတုများက အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို ခိုးဝှက်ထားပြီး ဟက်ကာများက ထိန်းချုပ်ထားသည့် ကွန်ပျူတာများသို့ ပြန်လည်ပေးပို့သည်ဟု ဆိုသည်။ ထို့အပြင် ဖုန်းပိုင်ရှင်များကို ၄င်းတို့၏ စကားဝှက်နှင့် အခြားကိုယ်ရေးအချက်အလက်များကို ဖွင့်ပြောလာအောင် တိုက်ခိုက်သူများက ကူးစက်ခံနေရသည့် ဖုန်းများသို့ သတိပေးချက်အတုများကိုလည်း ပေးပို့နိုင်သည်ဟုလည်း ဆိုသည်။
ကူးစက်ခံနေရသည့် အသုံးဆော့ဖ်ဝဲများတွင် Tencent၏ အထူးလူကြိုက်များသည့် WeChat appနှင့် ဂီတသီချင်းဒေါင်းလုပ်အသုံးဆော့ဖ်ဝဲနှင့် Uber နှင့်အလားတူ ကားအငှားဝန်ဆောင်မှုဆော့ဖ်ဝဲများ ပါဝင်နေသည်ဟု ဆိုသည်။
စီးပွားရေးကတ်ဖက်စက် CamCard အပါအ၀င် ကူးစက်ခံနေရသည့် appအချို့ကို တရုတ်နိုင်ငံပြင်ပမှာပင် ရနိုင်နေသည်ဟု ဆိုသည်။
XcodeGhost ဆော့ဖ်ဝဲအတုသုံးပြီး ဖန်တီးထားသည့် အသုံးဆော့ဖ်ဝဲ appsများကို App Storeမှာ ယခုဖယ်ရှားလိုက်ပြီဖြစ်ကြောင်း Apple ပြောခွင့်ရအမျိုးသမီး ခရစ္စတင်း မိုနာဂန်က ပြောကြားခဲ့သည်။
''ကျမတို့ developerတွေနဲ့ပေါင်းပြီး Xcode ဗားရှင်းအမှန်ကို သုံးပြီး appsတွေကို ပြန်လည်တည်ဆောက်လာအောင် လုပ်နေပါတယ်''ဟု သူမက ပြောကြားခဲ့သည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။