ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် စူပါမွန်းဟုခေါ်သော အကြီးဆုံးလကို မြင်ရခြင်းနှင့် သွေးနီရောင် အလင်းများဖြင့် လုံးဝလကြတ်ခြင်း ဖြစ်ရပ်ဆန်းနှစ်ခုအား စက်တင်ဘာ ၂၈ ရက်တွင် တစ်ပြိုင်နက် မြင်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထူးဆန်းသည့် အာကာသမြင်ကွင်းကို အမေရိကတိုက်များ၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ အနောက်အာရှဒေသနှင့် ပစိဖိတ်ဒေသ အရှေ့ပိုင်းတို့မှ တွေ့မြင်ကြရမည် ဖြစ်သည်။ ယင်းဖြစ်ရပ်ဆန်းကို ဂရင်းနစ် စံတော်ချိန် ၀၂၁၁ မှနေ၍ တစ်နာရီ ကျော်ကြာမျှ မြင်ရမည်ဟု ဆိုသည်။
“သိပ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး သိပ်ကို ဆန်းကြယ်မှာပါ။ လက မြင်နေကျထက် ပိုပြီး တောက်ပမယ်၊ မြင်နေကျထက်လည်း ပိုပြီး ကြီးလိမ့်မယ်” ဟု လန်ဒန်မြို့တော်ဝင် နက္ခတ္တဗေဒ အဖွဲ့အစည်းမှ ဆမ်လင်းဆေးက ပြောကြားခဲ့သည်။
ယင်းအချိန်၌ လသည် သူ၏ကမ္ဘာပတ်လမ်းအတွင်း ကမ္ဘာနှင့် အနီးဆုံးအမှတ်သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းကို Perigee ဟု ခေါ်သည်။ ယင်းအမှတ်သို့ ရောက်ရှိသည့် အချိန်သည် လက အတောက်ပဆုံး အနေအထား ရှိချိန်နှင့်လည်း တိုက်ဆိုင်မည်ဖြစ်သည်။
ယင်းအချိန်၌ လသည် Apogee ဟုခေါ်သော ကမ္ဘာနှင့် အဝေးဆုံးအမှတ်သို့ ရောက်ရှိနေချိန်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာမြေမှ မြင်ရပုံမှာ ၁၄ ရာခိုင်နှုန်း ပို၍ကြီးမည်ဖြစ်ပြီး ရာခိုင်နှုန်း ၃၀ ပို၍ တောက်ပမည်ဖြစ်သည်။ Apogee နှင့် Perigee အမှတ်နှစ်ခုကြား အကွာအဝေးသည် ၄၉,၈၀၀ ကီလိုမီတာ (၃၁,၀၀၀ မိုင်) ရှိသည်။
ယင်းအချိန်၌ ကမ္ဘာသည် လနှင့်နေတို့၏အကြား မျဉ်းတစ်ပြေးတည်း ကျရောက်မည်ဖြစ်ရာ ကမ္ဘာကို ဖြူဝါ၀ါ အဆင်းရှိ အလင်းတန်းများ ပေးနေကျဖြစ်သော နေ၏ တိုက်ရိုက် အလင်းများ ပိတ်ဆို့ခံရမည် ဖြစ်သည်။
သို့သော် အချို့သော အလင်းများသည် ကမ္ဘာအစွန်းနေရာများသို့ ကျဆင်းမည်ဖြစ်ပြီး ကမ္ဘာလေထုကို ဖြတ်သန်းကျရောက်မည့် ထူးခြားသော အနီရောင် အလင်းများက သွေးနီရောင်လွှမ်းနေသော လကြီးအဖြစ် ဖန်တီးပေးမည်ဖြစ်သည်။
လသည် လစဉ် တူညီသော အနေအထားအတိုင်း လှည့်ပတ်လျက် ရှိသော်လည်း သူ၏ ကမ္ဘာပတ်လမ်း တိမ်းစောင်းနေမှုသည် ပုံမှန်အတိုင်း ကမ္ဘာ့အရိပ်၏ အထက် သို့မဟုတ် အောက်သို့ ကျရောက်စေသည်။ ထို့ကြောင့် လအများစုတွင် လအပြည့်ဆုံး တစ်ခုရှိပြီး လအနည်းစု၌ လကြတ်ခြင်းရှိသည်။
အသက် ၃၃ နှစ်ထက် ငယ်ရွယ်သူများ သည် ယခုကဲ့သို့ သွေးရောင်လွှမ်းနေသော အကြီးဆုံးလကို ပထမဆုံး အကြိမ်အဖြစ် တွေ့မြင်ရခြင်း ဖြစ်လိမ့်မည် ဖြစ်သည်။
၁၉၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပဉ္စမမြောက်အဖြစ် နောက်ဆုံးတွေ့ခဲ့ရသည့် သွေးရောင်လွှမ်းနေသော အကြီးဆုံးလသည် ၁၉၈၂ ခုနှစ်က ဖြစ်ပေါ်ခဲ့ကြောင်း နာဆာ၏ မှတ်တမ်းအရ သိရသည်။ နောက်တစ်ကြိမ် ယင်းအနေအထား ထပ်မံဖြစ်ပေါ်မည့် အချိန်မှာ ၂၀၃၃ ခုနှစ်ဖြစ်သည်။
ယခုကဲ့သို့ ဆန်းကြယ်သည့် အာကာသ မြင်ကွင်းသည် မိုးလေ၀သ အခြေအနေပေါ်၌လည်း မူတည်နေသည်။ မိုးတိမ်ထူထပ်နေပါက ယင်းမြင်ကွင်းများကို တွေ့မြင်ရလိမ့်မည် မဟုတ်ပါ။
ယင်းအဖြစ်အပျက်သည် အထူးအဆန်း ကြည့်စရာ တစ်ခုအပြင် သုတေသနပြုသူများအတွက် အကြီးအကျယ် စိတ်ဝင်စားဖွယ်ရာလည်း ဖြစ်သည်ဟု ဆိုသည်။ ၂၄ ရက် စက်ဝန်းအတွင်း ကမ္ဘာ့မျက်နှာပြင်၏ ပုံမှန်အပူချိန်သည် တိုက်ရိုက်နေရောင်ကျပါက ၁၂၁ ဒီဂရီစင်တီဂရိတ်နှင့် လရိပ်ခံနေပါက အနုတ် ၁၁၅ ဒီဂရီစင်တီဂရိတ် အကြား၌ ရှိနေသည်။ ယင်းအပြောင်းအလဲများက ကျောက်တုံးများသည် သဲကဲ့သို့သော အမှုန်များထက် ပူရန်နှင့်အေးရန် ပို၍နှေးကွေးခြင်း ကဲ့သို့သော မြေမျက်နှာပြင် ဖွဲ့စည်းပုံနှင့် ပတ်သက်သည့် သုတေသနကို အထောက်အကူ ပြုသည်ဟု ဆိုသည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။