မဲပေးကြမည့် သူများ



ဝေဟင်အောင်

နိဒါန်း

နိုင်ငံသားတစ်ဦး၏ အမြင့်ဆုံးရပိုင်ခွင့်သည် မဲပေးခြင်းသာဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ခုနှစ် ဘုမသိ ဘုမသိဘဲ တစ်ခေါက် မဲပေးခဲ့ကြပြီးပြီ။ ယခု ဒုတိယတဖန်အတွက် ၂၀၁၀ ခုနှစ်က ၅ နှစ်အကြာ ၂၀၁၅ ခုနှစ် အချိုးအကွေ့သို့ မဲပေးကြရတော့မည်။ ယခုဆောင်းပါး ဂျာနယ်တွင် ဖော်ပြချိန်၌ ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့ထိ မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ပါဝင်ချိန်ပြိုင်မည့် ပါတီများ၊ ပါတီဝင်များကို သဲသဲကွဲကွဲသိရတော့မည်။ စက်တင်ဘာ ၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့ထိ ရက်ပေါင်း ၆၀ပါတီစည်းရုံးကာလအဖြစ်သတ်မှတ်ပေးထားပြီး နိုဝင်ဘာ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံး မဲပေးကြရတော့မည်။ သို့ရာတွင် ယခုကတည်းက ပြည်သူများက ရွေးကောက်ပွဲနှင့် ပတ်သတ်၍ စိတ်ဝင်စားမှု အားနည်းနေသေးပြီး အမတ်များမှာသာ သူ့နေရာ ကိုယ်နေရာ နေရာများ အပြိုင်အဆိုင် လုပ်နေကြပြီ။ ရခိုင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ ဦးနှင့် ပြည်နယ်လွှတ်တော်အတွက် ၃၄ ဦး ၊ ချင်းတိုင်းရင်းသားရေးရာ ၁ ဦးတို့ကို ပြည်သူက ရွေးကောက်တောင်မြောက်ရမည်။ ၂၀၁၀ ခုနှစ် စစ်တပ်အစိမ်းရောင် ယူနီဖောင်ပြောင်ပြီး ဒီမိုကရေစီဟု အသွင်းကူးပြောင်းစ ဒီမိုကရေစီ၏ ပထမအကြိမ် အသဲကြားက မဲတပြားဟု ကြွေးကြော်ခဲ့လျှင် ဒုတိယအကြိမ် ဦးနှောက်ထဲက မဲတပြားအတွက် ကြွေးကြော်ဖို့ အချိန်တန်ပြီဖြစ်သည်။ စာရေးသူ မဲပေးကြရမည့် ရခိုင်ပြည်သူလူထုကြား မဲပေးရမည် ရွေးကောက်ပွဲအတွက် လူထုစိတ်ဝင်စားမှုကို ဆန္ဒသဘောထား ရယူကြည့်မိသည်။ အလွှာစုံမှ လူဦးရေ ၅၀ ခန့်လောက်ကို စစ်တမ်းကောက် မေးကြည့်ဖြစ်သည်။ ထိုစစ်တမ်းအရ အောက်ပါအချက်အလက်များကို တွေ့ရသည်။

ပထမအမျိုးအစား

`ကျွန်တော်တို့က မဲမပေးရရင်ဘာမှ မဖြစ်ပါဘူး။ မဲပေးလိုက်ရလို့လည်း ဘာမှ မထူးပါဘူး။ ဘယ်သူတက်လာတက်လာ ကိုယ့်ထမင်းကို ကိုယ်ရှာစားရမှာပဲ´ဆိုသည့် အုပ်စုဖြစ်သည်။ အထူးသဖြင့် ဆင်းရဲသား လက်လုပ်လက်စားများ၊ ဆိုက္ကားနင်းသူများ၊ ကူလီထမ်းသမား၊ ကုန်စိမ်းရောင်းသူများအများစုက ပြောကြားသည့် စကားလုံးဖြစ်သည်။ အများဆုံးပြောကြားသည့် စကားဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စနစ်ဆိုး ၊ မူဝါဒဆိုးတစ်ခုအောက်တွင် အဓိက ခံစားရသူများမှာ ဆင်းရဲသားဖြစ်ကြသည်။ စစ်အာဏာရှင်များအောက်တွင်လည်း ပေါ်တာဆွဲခြင်း၊ နိုင်ထက်စီးခြင်းများကို အဓိက ခံစားရသူများမှာ လက်လုပ်လက်စားဖြစ်ကြသည်။ ဆင်းရဲသားများ၏ ဘ၀တွင် ကောင်းမွန်သော ပညာရေးစနစ်၊ ကောင်းမွန်သော ကျန်းမာရေးစနစ်၊ သင်တင့်မျှတသော စီးပွါးရေးစနစ်ကို အဓိက မခံရသူများမှ ဤလူတန်းစားဖြစ်ကြသည်။ အဆိုးရွားဆုံး ပြဿနာတစ်ခုဖြစ်လာလျှင် တရားတပေါင်းအရ ဖြေရှင်းရလျှင် ဥပဒေ၏ မျက်ကွယ်ပြုမှုကို အဓိက ခံစားရသူများလည်းဖြစ်သည်။

ရွေးကောက်ပွဲတစ်ခုမှ နိုင်ငံတစ်ခု၏ ကောင်းသော စနစ်တစ်ခု မူဝါဒတစ်ခုကို ရွေးကောက်ပွဲအရ တင်မြောက်လိုက်သည် ဥပဒေပြုအမတ်များက တိုင်းပြည်ကို ပြောင်းလဲနိုင်သည်ဆိုသည့် အကြောင်းအရာများကို ဗဟုသုတအရ မသိရှိကြဘဲ ၀မ်းရေးဖြင့် လုံးပမ်းနေရသူများဖြစ်ကြသည်။ တကယ်လို့သာ ခေတ်ပြောင်းအရွေ့မှာ ကောင်းသော အခမဲ့ ပညာရေး၊ သင့်တင့်လျှောက်ပတ်သော ကျန်းမာရေး၊ သင့်တင့်လျှောက်ပတ်သော စီးပွါးရေး နှင့် အဆင့်မြင့်ဘွဲ့ဒီကရီအတွက် ချေးငွေများကို အစိုးရထောက်ပံ့နိုင်လောက်အောင်ထိ စနစ်တခုကို ထိတွေ့ခွင့်ရခဲ့သင့်သည့် လူတန်းစားဖြစ်သည်။ နိုင်ငံရေးကို ငြီးငွေ့ပြီး စိတ်ပျက်အားငယ်နေသော လူတန်းစားအုပ်စုဖြစ်သည်။ ထိုသူတို့အတွက် ထွက်ပေါက်ပါသော နိုင်ငံရေးအရ တွန်းလှန်နိုင်သော ပြည်သူပါတီများကို မျှော်လင့်မိသည်။

ဒုတိယအမျိုးစား

`ကျွန်တော်တို့ ဒေသကို လမ်းဖောက်ပေး၊ ကျောင်းဆောက်မယ့်၊ ဒေသဖွံ့ဖြိုးရေးလုပ်သူများကို မဲပေးမှာပဲ´ဆိုသည့် အုပ်စုအမျိုးအစားကို တွေ့ရသည်။ ဒေသဖွံ့ဖြိုးရေးကို မျှော်လင့်တောင်းတသော အုပ်စုဖြစ်သည်။ အလွန်ကောင်းသည့် အုပ်စုဟု သတ်မှတ်နိုင်သည်။ လက်ရှိ စာရေးသူတို့ ပတ်ဝန်ကျင်းတွင် ကျေးလက်ဒေသဘက်မှ လူများအပြားဖြေဆိုသည့် အဖြေများဖြစ်ကြသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုသည် ထိုနိုင်ငံ၏ ဖွဲ့အစည်းပုံအခြေခံဥပဒေနှင့် သတ်မှတ်ပြဌာန်းထားသည့် ဒေသဆိုင်ရာ သံဃံဇာတခွဲဝေခွင့် မူဝါဒများနှင့် သက်ဆိုသည်။ ဤအုပ်စုသည် နိုင်ငံရေးကို နားလည်သယောယောင်ရှိသော်လည်း တကယ့်အခြေခံကျကျနှင့် သွေးဖီနေသည်။ ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံရေးနှင့် တိုက်ရိုက်ဆက်စပ်သည်။ ကောင်းမွန်သော မူဝါဒမရှိ၊ ကောင်းမွန်သော ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် သံဃံဇာတခွဲဝေမှုကို အချိုးကျမရှိလျှင် ဒေသဖွံ့ဖြိုးရေးသည့်လည်း အလကားဖြစ်သည်။ ပေးတိုင်း မရသည်မှာ ဥပဒေမမိုးမှု၊ လာတ်ပေးလာတ်ယူမှု၊ ခြစားမှုအပြင် အုပ်ချုပ်သူတို့သည့် အာဏာကို အသုံးစားလုပ်သောကြောင့် ဖွံ့ဖြိုးမှုသည် ထင်သလောက် ခရီးမပေါက်ချေ။ လက်သင့်ရာ စားတော်ခေါ်သည့် စနစ် အရိုးစွဲနေသည့် စာရေးသူတို့ ဒေသမှာ ကောင်းမွန်သည့် နိုင်ငံရေးအရ မူဝါဒတစ်ရပ် မရှိမဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအရ အပြောင်းအလဲနောက်တွင်မှ ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နိုင်ငံရေးအရွေ့အတွက် ၀င်ရောက်ြ့ပိုင်ဆိုင်ကြမည့် ပါတီမူဝါဒများကို အဓိက ကြည့်ရှုရမည်။ လမ်းလုပ်ပေးမည်။ ကျောင်းဆောက်ပေးမည်ဆိုသည်ထက် နိုင်ငံရေးသည် ဘက်ပေါင်းစုံနှင့်သက်ဆိုသည့် လုပ်ဆောင်ချက်ဖြစ်သည်။ စီးပွါးရေး မူဝါဒ၊ ကျန်းမာရေးမူဝါဒ၊ ပညာရေးမူဝါဒ၊ သံဃံဇာတမူဝါနှင့် အုပ်ချုပ်ရေးမူဝါဒများကို အသေအချပြင်ဆင်ပြီး ခိုင်မာအောင် ချမှတ် ပြဌာန်းထားသည့် ပါတီကို ရွေးချယ် မဲပေးခွင့်သည့် အကောင်းဆုံး ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

တတိယအမျိုးစား

`ပါတီကို မကြည့်တော့ဘူး။ လူကိုပဲ ကြည့်တော့မယ်။ လူကောင်းဖို့ပဲလိုတယ်။ အယင်းရွေးကောက်ပွဲတုန်းက ဘာတွေ ညာတွေ မသိဘူး။ ကိုယ်လူမျိုးဆိုပြီး မဲပေးလိုက်တာပဲ။ ငါးနှစ်သက်တမ်းသာပြီးသွားတယ်။ ကိုယ်ဒေသက အမတ်တွေကို မမြင်ဖူးလိုက်ဘူး။ ဒါကြောင့် လူကို ရွေးချယ်ပြီးတော့ မဲပေးမှာပဲ´ဟု ဆိုသည့် အုပ်စုမျိုးကို တွေ့ရသည်။ လူလတ်တန်းစားအလွှာတွင် အဓိကတွေ့ရတတ်သည့် အဖြေဖြစ်သည်။

နိုင်ငံရေးကို စိတ်ပါဝင်စားသော်လည်း စိတ်ပျက်နေသည့် အုပ်စုဖြစ်သည်။ ယခင် ရွေးကောက်ပွဲကာလက စစ်အာဏာရှင်ကို မုန်းတီးစိတ်ကြောင့်သာ မိမိအနီးအနားက ရခိုင်လို့ တံဆိပ်ကပ်လိုက်လျှင် မဲပေးခဲ့ကြသည်။ မည်သူဖြစ်ဖြင်း မဖြစ်ခြင်း၊ ရခိုင်ပါတီဆိုလျှင် မဲပေးလိုက်ကြသူအများစုဖြစ်သည်။ ဤအုပ်စုသည် တတ်နိုင်သလောက် အမျိုးသားရေးဓာတ်ခံရှိပြီး မိမိတို့ပေးလိုက်သည့် မဲတပြားကြောင့် တက်ရောက်လာသည့် အမတ်များအပေါ်တွင် တစ်စုံတရာကို မျှော်လင့်ကြသည်။ လူချင်းတွေ့ဆုံပြီး စကားပြောကြည့်ခြင်း၊ တင်ပြခြင်း၊ ရှေ့အလားအလာများကို နားထောင်၊ ဆွေးနွေးချင်ကြသည့် နိုင်ငံရေးပိုးရှိသည့် အုပ်စုဖြစ်သည်။ သို့ရာတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲသည် နိုင်ငံက စနစ်တခုက စနစ်တခုကို အတင်းပြောင်းလဲမှုနှင့်အတူ ကြိုတင်ပြင်ဆင်ချက်မရှိဘဲ အမျိုးသားပါတီတခုခုအလံအောက်တွင် ခိုလုံလိုက်ရုံဖြင့် လွှတ်တော်အမတ်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲကာလအလွန်သို့ ရောက်ရှိလာသောအခါ မလုပ်တတ် မကိုင်တတ်ဘဲ ခေတ်ပြောင်းမှာ စနစ်ဟောင်းက အမူအကျင့်အတိုင်း အမတ်အများစုသည် သူတို့မိသားစုအကျိုးစီးပွါးကို လုံပန်ထုတ်ရင်းဖြင့်သာ ပြည်သူနှင့် ကင်းကွာမှန်းမသိ ကင်းကွာသွားကြသည်။ ထိုအခါ ဤမဲဆန္ဒရှင်အုပ်စုသည် စိတ်ဆိုးလာကြသည်။ သူတို့လိုချင်သည့် ၊ သူတို့နှင့် အပြန်အလှန်ဆွေးနွေးနိုင်မည်အုပ်စုကို မျှော်လင့်လာကြသည်။ သို့ရာတွင် သူတို့မှာ လူကိုသာကြည့်တတ်သည့်အတွက် အားနည်းချက်အချို့ရှိသေးသည်။ လူသည် လူသာဖြစ်သည်။ မူမဟုတ်။ ပါတီပင်ဖြစ်ဖြစ်၊ တစ်သီးပုဂ္ဂလပင်ဖြစ်ဖြစ် ကျန်းမာရေးဏ္ဍ၊ စီးပွါးရေးဏ္ဍ၊ ပညာရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ချပြပြီး မူဝါဒများကို အဆင့်ဆင် ဗျူဟာများ၊ နည်းဗျူဟာများဖြင့် လလိုက်၊ နှစ်လိုက်၊ ရည်ရှည်မူဝါဒများကိုလည်း စီစစ်နိုင်မှ လူနှင့်မူကို တွဲရွေးချယ်မှ အဆင်ပြေနိုင်မည်။

စတုတ္ထအမျိုးအစား

`ကျွန်တော်တို့က ရခိုင်မို့ ရခိုင်ပါတီကိုပဲ မဲပေးမယ်။ ဘယ်ပါတီဘယ်လောက်ကောင်းကောင်း ရခိုင်ပါတီကိုတော့ လုံးဝမဲပေးရမှာပဲ´ဟု ဖြေဆိုသည့် အုပ်စုမျိုးကိုလည်း တွေ့ရသည်။ ဤအုပ်စုတွင် အများစုဝင်ရောက်ဖြေဆိုကြသည်။ ရခိုင်မို့ ရခိုင်ပါတီကို မဲပေးခြင်းလောက် ကောင်းသည်မှာ ရှိပါတော့မည်လား။

သို့ရာတွင် နိုင်ငံရေးအရ ပြည်သူတို့ တာဝန်ကျေးပွန်မှုလည်းဖြစ်သည်။ နိုင်ငံရေးအရ အလိမ့်ခံလွယ်သည့် အုပ်စုလည်းဖြစ်သည်။ သူတို့ ပြောစကားအတိုင်းပင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တကြိမ် သက်သေပြခဲ့ကြသည်။ သို့ရာတွင် ၁၉၉၀ ခုနှစ်က အာဏာဆက်လက် မသိခဲ့ဘဲ နောက်တကြိမ်သာကျင်းပခဲ့လျှင် ယခုအတိုင်းထက် သိပ်ထူးခြားလိမ့်မည်မဟုတ်ပေ။ ထိုနည်းအတိုင်းပင် ၂၀၁၀ ခုနှစ်မှာ တကြိမ် သက်သေပြခဲ့ကြသည်။

ဤအုပ်စုမှာ မူဝါဒနှင့် လူကို စိတ်မ၀င်စားချေ။ မူဝါဒကို ကောက်ကိုင်ပြီး မဖတ်ဖြစ်သလို သူတို့ရပိုင်ခွင့်၊ တန်းတူရေးစသည့် တို့လည်း စိတ်မ၀င်စားတတ်ပေ။ လူကိုလည်း သူခိုးသား၊ ဓားပြသား စိတ်မ၀င်စား။ ရခိုင်အလံတော်တစ်ခုအောက်တွင် ၀င်ရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။ သူတို့ မဲပေုးလိက်သည့် ပါတီ၏ ပါတီတွင် စည်းလုံးမှုပြိုကွဲမှု၊ အသံဗလံများထွက်လာသောအခါ အချို့မှာ စိတ်ပျက်သွားတတ်သည်။ တချို့မှာ ဘက်ပြောင်းသွားကြသည်။ တချို့မှ နိုင်ငံရေးဆိုသည့် စကားကိုပင် စိတ်မ၀င်စားကြတော့ပေ။ ရွေးကောက်ပွဲလာလျှင် မဲပေးလိုက်မည် ကျန်သည့် အကြောင်းအရာတို့ကို စိတ်မ၀င်စားဖြစ်သွားတတ်သည်။ သူတို့အုပ်စုအတွက် စနစ်တကျ နိုင်ငံရေး လှုပ်ရှားမှုမှ တဆင့်ဆွဲခေါ်လျှင် လူထုတိုက်ပွဲတွင် အကောင်းဆုံး ပါဝင်သူများဖြစ်တတ်ပေသည်။

ပဉ္စမအမျိုးအစား

`မဲပေးလည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ကိုယ်ဟာကိုယ် အေးဆေးပဲ နေချင်တယ်´ဆိုသည့် အုပ်စုလည်း တွေ့ရသည်။ မည်သူပင် ရွေးကောက်ပွဲတွင် အနိုင်ရရ သူတို့နှင့် မသက်ဆိုင်ဟု ခံယူထားသည့် အုပ်စုဖြစ်သည်။ အေးအေးလူလူဖြင့် ဘ၀ကို ဖြတ်ကျော်ချင်သည့် အုပ်စုပင်။ အေးဆေးနေချင်ခြင်းပင် နိုင်ငံရေးအရ အရေးကြီးကြောင်းကို သူတို့ မသိကြပေ။

မိမိပေးလိုက်သော မဲကြောင်းသာ အနိုင်ရပြီး တက်လာသည့် ပါတီက အုပ်ချုပ်ရေးကို ချယ်လှယ်မည်ဖြစ်သည်။ ထိုအခါ မသာမာသူများလက်ထဲသို့ ချုပ်ခွင့်အာဏာပါသွားလျှင် မိမိအိမ်က ထမင်းအိုးထိလာဆောင့်တတ်သည်ကို နောက်မှ သိရတတ်သည်။ မဲပေးလည်း ဘာမှ ထူးမှာမဟုတ်လျှင် ထူးအောင် မည်သို့လုပ်ဆောင်ရမည်ကို နည်းလမ်းမရှာဖွေဘဲ ငုတ်တုတ်ထိုင်နေရုံနှင့် မပြီးပြတ်နိုင်ကြောင်းကို သတိမမူမိသောကြောင့် ဖြစ်သည်။ အေးဆေးနေချင်လည်း နိုင်ငံရေးအတွက် ဒီမိုကရေစီစနစ်တွင် စွမ်းဆောင်နိုင်သည့် ပါတီတစ်ရပ်ကို အုပ်ချုပ်ရေးအာဏာကို မဲဖြင့် အပ်နှင်ရသည်ကို သတိချပ်မိဖို့ တွန်းအားပေးသင့်ပေသည်။

ဆဌမအမျိုးအစား

`နိုင်ငံရေးအရ ပြောင်းလဲပစ်နိုင်မည့် ဒီမိုကရေးစီအရေးတိုက်ပွဲဝင်သူများနှင့် ဖယ်ဒရယ်အရေး တိုက်ပွဲဝင်သူများကို ရွေးချယ်ပြီး မဲပေးရမယ်´ဟု ဆိုသည့် စပါယ်ရှယ် နိုင်ငံရေးတက်ကြွသည့် အုပ်စုဖြစ်သည်။ စနစ်ခုက စနစ်တခုကို မျှော်လင့်နေသည့် အုပ်စုဖြစ်သည်။ နိုင်ငံရေးအရ တန်းတူရေး၊ ဖယ်ဒရယ်အရေးနှင့် အမျိုးသားရပိုင်ခွင့်ကို သတိရှိရှိနှင့် စောင့်ကြည့်ပြီးမှ မဲတတ်သည့် အုပ်စုဖြစ်သည်။ ဤအုပ်စုအား အထူးတလည်ထောက်ပြစရာမလိုပေ။ ပြည့်စုံပြီးသားအုပ်စုဟု ဆိုရမည်။ အိပ်မက်များကို ဆက်မက်ပြီး တောင်းပြည်ကောင်းစားရေးအတွက် စိတ်ကူးဖန်တီးသည့် အုပ်စုဖြစ်သည်။

နိဂုံးချုပ်


မြန်မာနိုင်ငံသည် ကမ္ဘာ့လာတ်ပေးလာတ်ယူမှုစာရင်းတွင် အဆင့် (၂)၊ အရှေ့တောင်အာရှတွင် ၀င်ငွေအနိမ့်ဆုံးနိုင်ငံ၊ နိုင်ငံလူဦးရေ၏ ၂၆% သည် ဆင်းရဲမှုအောက်ကို ရောက်သည့် နိုင်ငံ၊ လူ ၄ ယောက်တွင် ၁ ယောက်သာ လျှပ်စစ်မီးသုံးနိုင်သည့် နိုင်ငံဖြစ်သည်။ ထိုအထဲတွင်မှ ရခိုင်ပြည်နယ်သည် အာဏာရှင်အဆက်ဆက်၏ လယ်ယာမြေအသိမ်းခံရဆုံးပြည်နယ်၊ ပညာရေးအရ တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အဆင့် ၁၂ တွင်ရှိသည့် ပြည်နယ်၊ သဘာဝသံဃံဇာတ အထွက်ဆုံးပြည်နယ်မှ ထမင်းအငတ်ဆုံးပြည်နယ်၊ ဆင်းရဲကျပ်တည်းမှုအများဖြစ်ပြီး ပြည်ပစွန့်ခွါမှုအများဆုံးပြည်နယ်၊ လူမျိုးရေးကထိကရုန်းအဖြစ်ဆုံးပြည်နယ်ဟု ဂုဏ်ပုဒ်အမျိုးမျိုးကို ကိုင်ဆောင်ထားသည့် ပြည်နယ်တွင် နိုင်ငံရေးကို အမှောင်ချခံထားရပြီး အမျိုးသားရေးဆိုသည့် စကားလုံးကို တွင်းတွင်းကျယ်ကျယ်ပြောကာ လူမျိုးရေးမုန်းတီးမှုကို အဓိကဖန်းတီးခံထားရသည့် ပြည်နယ်ဖြစ်သည်။

ထို့ကြောင့် အမျိုးသားကောင်းစားရေးအတွက် သတိကို ချပ်ပြီး မည်သို့ မဲပေးသင့်သည်၊ မည်သူပါတီကို မဲပေးသင့်သည်ကို အသင့်တို့၏ မဲတပြားမှ အဆုံးအဖြတ်ပေးသွားမည်။ နိုင်ငံရေးအရ တောင်းဆိုသော၊ မူဝါဒအရ အားကောင်းသော၊ လူပုဂ္ဂိုလ်အရ အမျိုးသားရေးစိတ်ရှိသော တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ပြီး ကိုယ်ကျိုးအတ္တသမားများ၊ အချောင်ခိုသမားများ၊ စီးပွါးရေးနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြမည့် စီးပွါးရေးအမတ်များ၊ မိမိ၏ ဘ၀ထဲမှ အမှားများကို ကာကွယ်ချင်သောကြောင့် နိုင်ငံရေးကို ခုတုန်းလုပ်မည့်သူများကို သတိကြီးစွာဖြင့် မဲပေးမမှားဖို့ သတိပြုသင့်သည်။ မဲတပြားသည် စနစ်တခုအတွက် အထောက်အပံ့ဖြစ်ရမည်။ အချောင်သမားများအတွက် ၀ိသမလောဘသားများအတွက် မဖြစ်ရအောင် တစ်သီးပုဂ္ဂလ၀င်ရောက် အရွေးခံသည့် ပုဂ္ဂိုလ်ဖြစ်ဖြစ်၊ ပါတီမှ လူမှန် မူမှန်ပုဂ္ဂိုလ်ဖြစ်ဖြစ် ရွေးချယ်ကြဖို့ အသင့်ပြင်ဆင်ကြရတော့မည်။

နောက်ဆုံး ၂၀၁၅ ခုနှစ်သည် ဒီမိုကရေစီစနစ်၏ ဒုတိယအချိုးအပြောင်းအတွက် အားကောင်းသော လှိုင်းလုံးကြီးတစ်လုံးဖြစ်သည်။ အနီးကပ်ဆုံးအဖြစ် မိမိမဲဆန္ဒနယ်မြေတွင် မိမိမဲပေးပိုင်ခွင့်ရှိဖို့ ရွေးကောက်ပွဲစာရင်းကပ်သည့် နေရာများသို့ သွားရောက်ပြီး မိမိနာမည်၊ မိမိမိသားစုပါမပါကို စစ်ဆေးထားသင့်သည်။ မည်မျှလောက် မဲပေးမည်ဟု အားခဲထားပါသော်လည်း မဲပေးခွင့်စာရင်းတွင် နာမည်မပါခဲ့လျှင် မဲတပြားကို အလကားဖြစ်သွားမည်။ သတိထားနားစွင့်ပြီး အနာဂတ်တိုင်းပြည်ကို တည်ထောင်ကြပါစို့..။

ဝေဟင်အောင်
၂၄၊ ၇၊ ၂၀၁၅။

Credit: Develop News Journals
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။