စစ်တွေ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်အတွင်း ရခိုင်ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်လာတွင် လွပ်လပ်ခွင့်မရှိသည်များ ကိုရင်ဆိုင်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့ထံမှသိရှိရသည်။
ကျေးရွာများအရောက်မဲဆွယ်စည်းရုံးရေးဆင်းရန်အတွက် အချိန်စာရင်းများ၊ ရွာအမည်များကို ရွေးကောက်ပွဲကော် မရှင်သို့တင်ပြရခြင်းသည် လွတ်လပ်ခြင်းမရှိဟုခံစားရကြောင်းနှင့်ကျေးရွာများသို့ သွားရောက်မဲဆွယ်ရာတွင် အချိန် ကိုသတ်မှတ်၍ မရနိုင်ကြောင်း၊ နေ့စဉ်လျှောက်ထားတင်ရန်မှာလည်းမဖြစ်နိုင်သောကိစ္စတစ်ရပ်သာဖြစ်ကြောင်း ANP ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖိုးစံက ပြောသည်။
“မနက်ဖြန်ဆို ကျွန်တော်တို့နယ်ဆင်းမယ်၊ ဒါပေမယ့် ဟိုရွာကိုသွားမယ်ဆိုရင်လည်း စာရင်းတင်ပြရတယ်၊ ဟိုရွာသွားမယ်ဆိုရင်လည်း တင်ပြရတယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်တယ်။ ကျောက်ဖြူမှာက စက်လှေတွေနဲ့သွားရတဲ့ခရီးတွေက များတယ်၊ တစ်ပတ် နှစ်ပတ်ကြာချင်လည်းကြာမယ်၊ ဘယ်လောက်ကြာ မယ်ဆိုတာ ပြောလို့မရဘူး။ ဒါကြောင့် ကြိုတင်ပြီး သတင်းပို့ရတာဟာ တင်းကြပ်လွန်းတယ်လို့ ခံစားရပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ မြင်ပါတယ်။ တကယ်တော့ သူသတ်မှတ်ထားတဲ့မှုကိုမချိုးဖောက်ရင်တော် ပြီလို့ထင်ပါတယ်”ဟုလည်း ကျောက်ဖြူမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ဦးဖိုးစံကပြောပါသည်။
ပါတီများအနေဖြင့် စတင်ပြီးမဲဆွယ်စည်းရုံးရေးလုပ်ရပ်များကို လုပ်ဆောင်နေကြပြီဖြစ်သကဲ့သို့ တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်းများအနေဖြင့်လည်း မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေကြပြီဖြစ်ရာ ထိုသို့သောအခက်အခဲကိုရင် ဆိုင်နေကြရကြောင်းနှင့် မဲဆွယ်စည်းရုံးမည့်အချိန်နှင့် နေရာများကို နေ့စဉ် ကြိုတင်စာရင်းပေးသွင်းရန်မဖြစ်နိုင် ကြောင်းလည်း ကိုယ်စားလှယ်လောင်းများကပြောဆိုကြသည်။
ယင်းသို့ လွတ်လပ်ခွင့်မရှိသည်များနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မှတစ်သီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးထွန်းက “ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လောက်ကြာအောင်ဟော ပြောမယ်ဆိုတာကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရပါတယ်။ အဲဒီလိုတင်ပြတယ်ဆိုပေမယ့် ကျွန်တော် တို့သွားလာရေးနဲ့ လှုပ်ရှားမှုအချိန်ကို ကြိုတင်ပြောရပေမယ့် အချိန်တွေလွဲသွားတတ်တယ်။ အဲဒါကိုသူတို့အတိကျ တောင်းဆိုတော့ တစ်ချို့ရွာသုံးရွာကို ပေါင်းပြီးဟောပြောလိုက်ရတဲ့အနေအထားကိုလည်းတွေ့နေရတယ်။ အဲဒါဟာ လွတ်လပ်မှုမရှိဘူးလို့ ပြောချင်ပါတယ်။ နောက်နေ့အတွက်ကျတော့ ကျွန်တော်မတင်ပြတော့ဘူးလို့ စဉ်းစားထားတယ်။ စည်းရုံးရေးလုပ်တာကိုစောင့်ကြည့်တာတွေအတွက်တော့ အပြစ်မပြောလိုပေမယ့် အချိန်ကိုတော့ ကန့်သတ်လို့ မဖြစ်နိုင်ပါဘူး ”ဟုလည်း ပြောကြားခဲ့ပါသည်။
ကျောက်ဖြူမြို့နယ်တွင် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးနှင့်ပါတီတွင်းမှ ၀င်ရောက်ယှဉ်ပြိုင်သူဦးရေမှ ပါတီလေးခုမှ ၁၆ ဦးရှိကြောင်းလည်းသိရှိရသည်။ယင်းပါတီများမှာ NLD၊ ANP ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ဖြစ်ကြောင်းလည်းသိရှိရသည်။
သန်းလှိုင်(စစ်တွေ)
___EMG

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။