မြောက်ဦးမြို့နယ်မှ ရေဘေးပျက်စီးလယ်မြေ လျော်ကြေးများ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြတ်စားဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၃၀



ရခိုင်ပြည်နယ် မြောက်မြို့နယ် နတ်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် မှ ရေဘေး အတွက် ပေးအပ်သော လျော်ကြေးငွေများ ကို ဖြတ်စား ထားသည်ဟု လယ်သမား တစ်ဦးဖြစ်သူ ဦးဝင်းဝင်းက စွပ်စွဲ ပြောကြားသည်။

“ ကျွန်တော်မှာ စစ်တွေမြို့ ဦးရွှေသိန်းဆီက ငှားပြီး လုပ်ကိုင်နေတဲ့ လယ် ၁၅ ဧက ရှိပါတယ်။ အဲဒီအထဲက ၁၁ ဧကကို ရေဘေး ပျက်စီးစာရင်း တင်ထား ပါတယ်။ အဲဒီ လယ်တွေ အတွက် ကျွန်တော်လက်မှတ်ကို အတု ထိုးပြီး ငွေထုတ် ယူထားတာကို စက်တင်ဘာဘ ၂၉ ရက်နေ့ က မြောက်ဦးမြို့နယ် ဦးစီးမှူးရုံးကို သွားတဲ့ အခါ တွေ့ခဲ့ ရပါတယ်။ မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက ဒါခင်ဗျား လက်မှတ် မဟုတ်ဘူးလား လို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူးဆိုပြီး ပြောတော့ မဟုတ်ရင် တရားစွဲဆိုပြီး ပြောပါတယ်” ဟု လယ်သမား ဦးဝင်းဝင်းက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ လက်မှတ်အတုဖြင့် ငွေထုတ်ပေးထားကြောင်း ပြေစာ စာရွက် မြို့နယ် မြေစာရင်း ဦးစီးဌာနမှလည်း ငွေထုတ် ပေးရန် မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည်ဟု သူက ပြောသည်။

“ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ထုတ်ပြတဲ့ ပြေစာထဲမှာ လယ်မြေပျက်စီးတာ မှန်ကန်ကြောင်း ထောက်ခံပေးရတဲ့ မြို့နယ် မြေစာရင်းဌာနက လက်မှတ်ကိုလည်း တွေ့ရပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ မြေစာရင်းဌာနဲ့ ဘယ်လို ဆက်နွယ် ပတ်သက်သလဲဆိုတာတော့ မသိပါဘူး” ဟု သူက ပြောဆိုသည်။

ရခိုင်ပြည်နယ် အတွင်းရေဘေးကြောင့် ပျက်စီးသွားသော လယ်မြေများကို နိုင်ငံတော် အစိုးရမှ တစ်ဧက ၇၀၀၀ နှုန်းဖြင့် မျိုးစပါးဖိုးခ ထောက်ပံ့နေကြောင်း သိရသည်။ ကျေးရွာ အတော်များများတွင် ယင်းထောက်ပံ့ငွေများကို ဖြတ်စား ထားကြသဖြင့် ပြသနာ များ ပေါ်ပေါက်နေသည်ဟုလည်း သိရသည်။

ဦးဝင်းဝင်း၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး နတ်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အား စက်တင်ဘာလ ၃၀ ရက် နေ့လယ် တစ်နာရီ အချိန်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာသူက ယခုလို ပြောကြားသည်။

“ ကျွန်တော်တို့ အုပ်စုမှာ ပျက်စီးသွားတဲ့ လယ်ဧက ၉၀၀ ကျော်အတွက် လယ်သမား ၁၄၄ ဦးကို ငွေထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုတိုင်တာက မဟုတ်မမှန် သတင်းပို့ တိုင်ကြားတာ ဖြစ်ပါတယ်။ မမှန်ကန်ပါဘူး။ နတ်ချောင်းကျေးရွာ အုပ်စု၊ ရွာသစ်ရွာက ဦးဝင်းဝင်းမှာ လုပ်နေတဲ့ လယ်က သူ့လယ် မဟုတ်ပါဘူး။ ငှားလုပ်နေတဲ့ လယ်ဖြစ်တဲ့ အတွက် သူ့ရဲ့ ၁၁ ဧက အတွက် သူ မရပါဘူး” ဟု ဦးကျော်ကျော်က ပြောဆိုသည်။

ယခုအခါ နတ်ချောင်းကျေးရွာ အုပ်စု လယ်သမား ၁၀၀ ကျော်က သူတို့အနေဖြင့် ပျက်စီးသွားသော လယ်များအတွက် လျော်ကြေးငွေ အပြည့်မရသဖြင့် ပျိုးစပါး စိုက်ရန် အခက်အခဲ ဖြစ်နေကြရာမှ စုပေါင်း လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားမည်ဟု သိရသည်။

၎င်းပြင် ပြေစာထုတ်ရန်ဟု ဆိုကာ လယ်သမား တစ်ဦးဆီက ကျပ် ငွေ သုံးထောင်ကျပ် စီကိုလည်း အုပ်ချုပ်ရေးမှူးက ကောက်ယူထားသည်ဟု ဦးဝင်းဝင်းက ပြောဆိုသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။