ပေါက်တောမြို့နယ်မှ တစ်သီးပုဂ္ဂ လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူများ၏ မေးခွန်းထုတ်မှုကို ခံနေရ

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၆


ပေါက်တောမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးလုပ်နေသော တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် ပြည်သူများ၏ မေးခွန်းထုတ်မှုများကို ခံနေရသည်ဟု တစ်သီးပုဂ္ဂလ အမတ်များထံမှ သိရသည်။

ထိုသို့ မေးမြန်းခံရမှုများ အပေါ် ရှင်းလင်း မှုများ ပြုလုပ်ခဲ့ကြောင်းကို လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောထွန်းစိန်က ယခုလို ပြောသည်။

“တစ်သီးပုဂ္ဂလ အနေအားဖြင့် ဆိုရင် ပြည်သူတွေ က မေးတာ ကတော့ နောက်ခံ ပါတီ မရှိရင် ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုမှာလဲ လို့ မေးခွန်းထုတ်ခံရပါတယ်။ ကျွန်တော် ပြန်လည်ဖြေရှင်းတာကတော့ အယင်တုန်းကဆိုရင် အဖွဲ့အစည်းအနေနဲ့ဆိုရင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ပါ တယ်။ နှစ်ပါတီ ပေါင်းစည်းလိုက်တဲ့ အခါမှာလည်း ရခိုင် အမျိုးသားပါတီ ကပဲဖြစ်ပါတယ်။ ပါတီတွင်း အမတ်ရွေးချယ်တဲ့အခါမှာ အရွေးမခံရတဲ့အတွက် တစ်သီးပုဂ္ဂလအဖြစ် ၀င်ပြိုင်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ရခိုင်အမျိုးသားပါတီက အနိုင်ရတဲ့ အမတ်တွေနဲ့ ပူးပေါင်းပြီးတော့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒအတိုင်း လုပ်ဆောင်မယ်လို့ ဖြေကြားခဲ့ပါတယ်” ဟု ဆိုသည်။

ဦးစောထွန်းစိန်သည် ၁၉၉၀ ခုရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့အချုပ်ကို ကိုယ်စားပြုပြီး ပေါက်တောမြို့နယ်မှ အရွေးချယ်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သို့သော် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံကို သဘောမကျ၍ ရွေးကောက်ပွဲမ၀င်ခဲ့ပေ။ သူသည် ယခု ၂၀၁၅ ရွေးကောက်ပွဲကျမှ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်နေရာတွင် ၀င်ရောက် အရွေးခံမည်ဟု သိရသည်။

“၁၉၉၀ ခု ရွေးကောက်မတိုင်မီ မဲဆွယ်စည်းရုံးရေးကာမှာ အခက်အခဲ အမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ပါတီစနစ်ကနေ ပါတီစုံစနစ်ကို ကျင့်သုံးမယ့် အပြောင်းအလဲ ကာလမို့လို့ဖြစ်ပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အခါမှာတော့ အဲ့ဒီလောက်ထိ အခက်အခဲ မတွေ့ရပါဘူး” ဟု ဦးစောထွန်းစိန်က ပြောသည်။

ဦးစောထွန်းစိန်သည် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်ခဲ့ပြီး ကျေးရွာပေါင်း ၂၀ ကျော်တွင် ဟောပြောခဲ့ပြီဟု သိရသည်။

ပေါက်တောမြို့နယ်တွင် အမျိုးသားလွှတ်တော်၌ ၀င်ရောက်အရွေးခံမည့် ဦးမောင်ထွန်းသိန်းသည်လည်း ရွာသားများ၏ မေးခွန်းထုတ်ခြင်းကို ခံနေရသည်ဟု ပြောဆိုသည်။

“တစ်သီးပုဂ္ဂလအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ပြည်သူတွေက တစ်သီး ပုဂ္ဂလတွေပါလာရင် မဲကွဲသွားမယ်ဆိုပြီးတော့ မေးခွန်းထုတ်ကြပါတယ်။ ကျွန်တော်ပြန်ပြောတာကတော့ တကယ့်အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးချယ်နိုင်တယ်ဆိုရင် မဲကွဲမှုဆိုတာ ရှိမှာ မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ရပါတယ်”ဟု ဦးမောင်ထွန်းသိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မဲဆွယ်ဟောပြောပွဲမလုပ်မီ ရွာသားများက သံသယ မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသော်လည်း ဟောပြောပြီး နောက်ပိုင်းတွင် ရွာသားများ သဘောပေါက်သွားကြသည်ဟု သူကပြောသည်။

“ရွာသားတွေကတော့ ပြည်နယ်၊ ပြည်သူ့၊ အမျိုးသားဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုတောင် ခွဲခွဲခြားခြား မသိကြပါဘူး။ ဘယ်သူ ဘယ်နေရာမှာ အလုပ်လုပ်ရတယ်ဆိုတာကိုတောင် မသိကြသေးဘူး။ ပြည်နယ် အမတ်က ဘယ်မှာ လုပ်မယ်ဆိုတာကို မသိကြဘူး၊ အမတ်ဆိုရင် အမတ်ပဲလို့ ရွာသားတွေက သိနေကြပါတယ်။ ကျွန်တော် ရှင်းပြတာက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဟာဆိုရင် နေပြည်တော်ကို တက်ရမယ်။ အဲ့ဒီလူတွေကို ပြည်ထောင်စု လွှတ်တော်အမတ်လို့ ခေါ်တယ် ဆိုပြီးတော့ ရှင်းပြပြီး၊ ပြည်နယ်လွှတ်တော်ဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်မှာ တက်ရမယ် ဆိုတာတွေကို ရှင်းပြခဲ့ပါတယ်” ဟု ဦးမောင်ထွန်းသိန်းက ပြောသည်။

ဦးမောင်ထွန်းသိန်းသည် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ကျေးရွာပေါင်း ၁၀ ကျော်တွင် မဲဆွယ် စည်းရုံးရေးပြုလုပ်ခဲ့ပြီဟု သိရသည်။

ပေါက်တောမြို့နယ်တွင် လွှတ်တော်သုံးရပ်၌ တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးခံမည့် လွတ်တော်ကိုယ်စားလှယ် ၆ ဦးရှိကြောင်း သိရသည်။

(ဦးမောင်ထွန်းသိန်း ပေါက်တောမြို့နယ် မြင့်ဂါကျေးရွာတွင် မဲဆွယ်ဟောပြောနေစဉ်)

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။