ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်ပါ မိဘများနိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်အား စစ်ဆေးရန် တိုင်းဒေသကြီးကော်မရှင်က လ၀ကသို့ ညွှန်ကြားထားဟု ဆို

မအူပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် သမ္မတရုံးဝန်ကြီး၊ နေပြည်တောင်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်အား ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်ပါ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၅) အပိုဒ်ခွဲ (င) သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းရှိမရှိ ပြန်လည်စိစစ်ပေးရန် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြန်လည်ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။

ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားပြု၍ မအူပင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရှိသမ္မတရုံးဝန်ကြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်မှာ တရုတ်လူမျိုးမိဘများမှ ဆင်းသက်လာပြီး ဦးသိန်းညွန့်မွေးဖွားချိန်တွင် မိဘနှစ်ပါးစလုံးမှာ နိုင်ငံသားများအဖြစ်သို့ မရရှိကြသေးကြောင်း၊ ဦးသိန်းညွန့်၏ မိဘနှစ်ပါးမှာ ဦးအုံဝှက်နှင့် ဒေါ်ဂျင်းယင်တို့ဖြစ် ပြီး ဖခင်ဖြစ်သူ ဦးအုံဝှက်မှာ သေဆုံးခဲ့သည့် အချိန်အထိ မြန်မာနိုင်ငံသားအဖြစ် မရရှိသေးကြောင်း မအူပင်ဒေသခံ ပြည်သူတစ်ဦး နှင့် ပြိုင်ဘက်ပါတီတစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်ကြားမှုအပေါ် ရွေးကောက်ပွဲကော်မရှင်မှ အချက်အလက်ခိုင်လုံစွာဖြင့် စစ်ဆေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြန်လည်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမဦးဆုံး မအူပင်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်ကို အခြားပြိုင်ဘက် အမတ်လောင်းတစ်ယောက် က မွေးဖွားချိန်မှာ မိဘတွေဟာ နိုင်ငံသားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူးလို့ စာတင်လာတယ်။ ဒီလိုစာတင်တာဟာ ကိုယ်စားလှယ်လောင်းတွေကို စစ်ဆေးပြီးလို့ ပြည်ထောင်စုကို တင်လိုက်ပြီးမှ လာတာဆိုတော့ သတ်မှတ်ရက်ထက် ကျော်လွန်နေပြီ။ ပြည်ထောင်စုကလည်း စစ်ဆေးပြီးလို့ ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ပြီးတော့ စာပြန်ပို့တယ်။ ကျွန်တော်တို့ ကော်မရှင်ပိုင်းက လုပ်ရမယ့်ဟာတွေက ကုန်သွားပြီ။ ဥပဒေအရ လုပ်ပြီးပြီဆိုတော့ သူ့မှာလည်း သက်သေက မရှိဆိုတော့ လုပ်ပေးလို့မရဘူး။ ဒါ မအူပင်ခရိုင်က တင်ပြတာ။ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက မအူပင်ခရိုင်က တာဝန်ကျေအောင် မဆောင်ရွက်ပါဘူးဆိုပြီး တိုင်းကော်မရှင်ကို လာတိုင်တော့ ကျွန်တော်တို့  အစည်းအဝေးထိုင်ကြတယ်။ အစည်းအဝေးထိုင်ပြီးတော့ ဒီကိစ္စကတော့ လ၀ကနဲ့ ဆိုင်တယ်။ နိုင်ငံသားဖြစ်မှု မဖြစ်မှုက လ၀ကနဲ့ပဲ ဆိုင်တာမို့ လ၀ကညွှန်ကြားရေးမှူးကို စစ်ဆေးပေးပါဆိုပြီးတော့ စာပို့တယ်။ တိုင်ထားတဲ့ စာအားလုံးကိုလည်း လ၀ကကို ပေးထားတယ်။ လ၀က စိစစ်ရမယ်ပေါ့။ စိစစ်ပြီးလို့ နိုင်ငံသားမဟုတ်ဘူးဆိုရင်တော့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းချက်တွေအရ ဆက်လုပ်နိုင်အောင် ပြည်ထောင်စုကော်မရှင်ကို ပြန်တင်ပြမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း သမ္မတရုံးဝန်ကြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်မှာ ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်ပါ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်ပြီး တိုင်ကြားထားသော ပြိုင်ဘက်ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက “လ၀က ကို ပြန်မေးထားပါတယ်ဆိုတဲ့ ကိစ္စက လ၀ကဟာ နိုင်ငံသားဖြစ်ကြောင်း ခိုင်မာစွာ သက်သေမပြရသေးဘဲနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းကိုက်ညီကြောင်း ဘာကြောင့် အပေါ်ကိုတင်သလဲ။ နိုင်ငံသားဖြစ်မှုမှာ လ၀က က တာဝန်အရှိဆုံး၊ လုပ်ပိုင်ခွင့်အရှိဆုံး ဖြစ်နေတာပဲ။ သူတို့မှာ စည်းကမ်းနဲ့ လုပ်ပိုင်ခွင့်ရှိနေတာပဲ။ အစောကတည်းက ဒါကို မဖော်ဘူး။ ဘာလို့မဖော်လဲဆိုတော့ သူတို့ မဖော်ချင်တဲ့သူကျတော့ မဖော်ဘူးဆိုတဲ့ သဘောပေါ့။ ဖော်ချင်တဲ့သူကျ ဖော်တယ်ပေါ့။ လိုအပ်တဲ့ သက်သေတွေအတွက် သူတို့ဘက်က သက်သေပြချက်တွေရောပါ အန်ကယ့်ကိုပြပါဆိုပြီး လ၀ကကို အန်ကယ်တောင်းထားတာမှာလည်း အခုချိန်အထိ သူတို့သက်သေမပြနိုင်သေးသလို ပေးလည်းမပေးဘူး”ဟု ဦးစိန်ဝင်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအခန်း (၅) ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသူများ ပုဒ်မ ၁၀/အပိုဒ်ခွဲ (င) တွင် မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါး ပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသားတစ်ဦးသည် ရွေးကောက်ပွဲတွင် တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၂ တွင် ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးသည် ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တိုင်ကြားချက်ကိုရရှိလျှင် ကော်မရှင်သည် ယင်းတိုင်ကြားချက်ကို ရွေးကောက်ပွဲ ခုံအဖွဲ့ဖွဲ့၍ စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် ရှိ မရှိ ဆုံးဖြတ်စေနိုင်သည်ဟု ပြဋ္ဌာန်းဖော်ပြထားသည်။          

Writer:
မင်းသူဝင်းထွဋ်

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။