(၁) ပါတီဥက္ကဋ္ဌအမည် - ဦးခင်မောင်ဆွေ
(၂) ပါတီဝင်အရေအတွက် - လေးသောင်းခန့် (မှတ်ပုံတင်ပြီးအရေအတွက်)
(၃) ပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ၁၀၇ မြို့နယ်
(၄) ဆောင်ပုဒ် - ဒီခေတ်ကြီးကို ပြောင်းပစ်ဖို့ ခမောက်မဲကိုထည့်ကြစို့။ ကျွန်ုပ်တို့ NDF ပြည်သူအတွက် စွမ်းမယ်။
(၅) ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - မြို့နယ်/တိုင်း အဆင့်တွေက ရွေးချယ်တင်ပြလာတဲ့ စာရင်းကို ဗဟိုဌာနချုပ်မှာ တင် စိစစ်ဆုံးဖြတ်။ အသက် (၆၀)အောက်ရှိတဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်။ ခြွင်းချက်အနေဖြင့် ရပ်ဖိရပ်ဖလေးစားကြည်ညိုရသူ။ ပညာရပ်တစ်ခုခုတွင် တတ်သိကျွမ်းကျင်သူဖြစ်ပါက စဉ်းစားလက်ခံ။ အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန် သတ်မှတ်။
(၆) ပါတီရန်ပုံငွေ − ပါတီရန်ပုံငွေဖြင့်သာ လည်ပတ်
(၇) ပါတီနောက်ခံသမိုင်းကြောင်း - NLD ပါတီဝင်ဟောင်းအချို့က ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မှုမရှိသောကြောင့် ရွေးကောက်ပွဲ ၀င်ရောက်လိုသူအချို့ နုတ်ထွက်ပြီး ပါတီသစ်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ဇူလိုင် ၉ ရက်တွင်ပါတီမှတ်ပုံတင်ရရှိပြီး ရွေးကောက်ပွဲ မဲဆန္ဒနယ် ၁၆၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ နေရာအနိုင်ရရှိပြီး လွှတ်တော်ထဲဝင်ရောက်နိုင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ၌ ၁၃ နေရာဝင်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိခဲ့။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဖို့ ဘယ်လိုစွမ်းဆောင်နိုင် ပါမလဲ။
လွှတ်တော်ထဲမှာ ပါတီက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သဘောထားပေးထား တာရှိတယ်။ ပါတီအနေနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ ဆန္ဒရှိပါတယ်။ အခုလည်း ပြင်ဆင်မှုတွေ လုပ်နေတယ်။ လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေ၊ ပြည်သူတွေရဲ့ အနေအထား၊တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု၊ ငြိမ်းချမ်းရေးအစရှိတဲ့ အပေါ်မူတည်ပြီး အခြေခံဥပဒေရဲ့ ပြင်သင့်ပြင်ထိုက်တာကြည့်ရမယ်။ တိုင်းပြည်အချုပ်အခြာအာဏာ၊ ပြည်သူ့စီးပွားအကျိုးမပြု နိုင်သေးတဲ့အချက်တွေရှိရင် ဒီအတိုင်းဆက်ထားပြီး ချက်ချင်းမပြင်သေးဘဲ ဖြည်းဖြည်းချင်းပြင်သွားရမယ့် အနေအထားဖြစ်တယ်။ အခြေခံဥပဒေပြင်တယ်ဆိုတာ အချုပ်အခြာအာဏာစောင့်သိရိုသေတဲ့အဖြစ်ရောက်အောင် ၊ ထူထောင်နိုင်အောင် တိုင်း ရင်းသားအားလုံးညီညီညွတ်ညွတ်နဲ့ မိမိတို့ အချုပ်အခြာအာဏာကို မိမိတို့ သုံးစွဲနိုင်ခွင့် ထိန်းသိမ်းဖို့အတွက်သာ ပြင်ဆင်ဖို့လိုတယ်။ အကျိုးစီးပွား၊ လူတစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့အနေအထားတစ်ခုအတွက် ပြင်ပေးစရာမလိုဘူး။ နိုင်ငံအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာသာလျှင် အခြေခံဥပဒေနဲ့ တိုက်ရိုက်ပတ်သက်တယ်။ လွှတ်တော်ထဲရောက်ရှိခဲ့ရင် ဖြည်းဖြည်းမှန်မှန်နဲ့ လူထုအကျိုးစီးပွားကို နိုင်ငံရေးအကျိုးပြုပုံစံနဲ့ ဆက်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ် ယုံကြည်ပါလဲ။
ငြိမ်းချမ်းရေးက တကယ်ကိုအရေးကြီးတယ်။ ငြိမ်းချမ်းရေးမရှိဘဲ လူထုအကျိုးစီးပွားဖွံ့ဖြိုးဖို့ဆိုတာ နွားနှစ်ကောင်တစ်ကောင်မရှိဘဲ ရုန်းနေရသလို ဖြစ်သွားမယ်။ လွှတ်တော်ထဲမှာ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာရောက်အောင်၊ ရောက်ပြီးသားအဆင့်ကိုလည်း လွှတ်တော်ထဲမှာ ကတိက၀တ်တွေ ဥပဒေပြုမှုတွေ အတည်ပြုချက်တွေနဲ့ ဆောင်ရွက်သွားနိုင် အောင်ပါတီက ကြိုးပမ်းသွားမှာပါ။
ပြည်သူတွေရဲ့ ၀င်ငွေထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
လက်ရှိမြန်မာ့စီးပွားရေးက လက်ဝါးကြီးအုပ်စီးပွားရေးပုံစံ ဖြစ်နေ တယ်။ တကယ့်ဈေးကွက် စီးပွားရေးမရောက်သေးတဲ့အတွက် အခုလိုဖြစ်နေတယ်။ တစ်ဖက်က ကြည့်ပြန်ရင်လည်း မြေသိမ်းယာသိမ်းခံထားရသူ တွေ တစ်ပုံကြီး၊ သိမ်းပြီးသားမြေတွေကိုလည်း ပြန်အသုံးမချဘဲထားတော့ အချိန်ကုန်ပြီး မြေနေရာအသိမ်းခံထားရတော့ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။ ဒါကြောင့် တကယ့်ဈေးကွက်စီးပွားရေးဖြစ်အောင်လုပ်ရမယ်။လက်ဝါးကြီးအုပ်မှုတွေကို တိုက်ဖျက်ရမယ်။ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အသေးစား၊ အလတ်စားကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို တိုးတက်အောင် ကြိုးပမ်းပေးရမယ်။ ဗဟိုဘဏ်ကနေ မြန်မာနိုင်ငံအတွင်းမှာ ငွေလုံးငွေရင်းပမာဏ၊ ပြည်သူတွေရဲ့ ၀င်ငွေထွက်ငွေမျှတရဲ့လား၊ ပြည်သူတွေ စုဆောင်းငွေရနိုင်ရဲ့လားဆိုပြီး နုတ်ပြီးသား ၀င်ငွေရနိုင်တဲ့အထိ အစိုးရကသော်လည်းကောင်း၊ ဗဟိုဘဏ်ကသော်လည်းကောင်း၊ ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်း၊ အရင်းနှီးအခွင့်လမ်းတွေ ရှာဖွေပေးရမယ်။ လယ်သမားတွေ ကိုယ့်လယ်ကိုယ်ဆောင်ရွက်နိုင် အောင် လုပ်ရမယ်။ စက်မှုလုပ်ငန်းတွေ အချိန်ယူမြှင့်တင်ပေးရမယ်။ ဒါဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာပြီး ပြည်သူတွေ ၀င်ငွေလည်ပတ်မှုကောင်းလာမယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကိုလည်း လွတ်လပ်စွာ လုပ်ကိုင်နိုင်အောင် အာမခံချက်ပေးမယ်။ ပြည်နယ်နဲ့ တိုင်းအစိုးရတွေကို လုပ်ပိုင်ခွင့်ချပေးမယ်ဆိုရင် စီးပွားရေးအခွင့်အလမ်းပိုပွင့်လင်းလာပြီး ပြည်သူတွေရဲ့ ၀င်ငွေထွက်ငွေမျှတမှုရှိအောင် ဆောင် ရွက်နိုင်ပါမယ်။
ပြည်သူတွေက ဒီပါတီကို ဘာကြောင့် မဲပေးသင့်တာလဲ။
ဒီပါတီကို ဘာကြောင့်မဲပေး သင့်တယ်ဆိုတာ တစ်ချက်တည်း ပြောရရင်ကျွန်တော်တို့ပါတီက ၂၀၁၀ ရွေးကောက်ပွဲကနေ နိုင်ပြီးလွှတ်တော်ထဲရောက်သူဦးရေနည်းပါတယ်။ ဒါပေမဲ့ နိုင်ငံအကျိုးဆောင်တဲ့ ထိပ်တန်း ဆောင်ရွက်နိုင်ခဲ့တဲ့ပါတီဆိုတာ လွှတ်တော် မှတ်တမ်းတွေကြည့်ရင် သိနိုင်ပါတယ်။ လယ်သမားတွေအတွက် အမတော်ကြေး ကျပ်ရှစ်ထောင်ကနေတစ်သိန်းရအောင်၊ ၀န်ထမ်းတွေမီးဖွားခွင့် သုံးလကနေ ခြောက်လရအောင်လုပ်ပေးနိုင်ခဲ့တယ်။ အသေးစား၊ အလတ်စားလုပ်ငန်း တွေချေးငွေရအောင် တောင်းဆိုပေးခဲ့တာရှိတယ်။ ကျူးကျော်တွေကို တန်ဖိုးနည်းအိမ်ရာဆောက်ပေးဖို့စတဲ့ ကိစ္စအဆိုတွေ တင်ပြနိုင်ခဲ့တယ်။ ပြည်သူတွေအတွက် အကျိုးပြုတဲ့ ဒီလိုပါတီကို အသည်းကြားက မဲတစ်ပြားမဟုတ် ဘဲ ဦးနှောက်ထဲက မဲတစ်ပြားထည့်ရင် ပြည်သူတွေရဲ့ ရှေ့ရေး နောက်ရေးစိတ်အေးရမယ် ပြောချင်တယ်။
သမ္မတရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူမျိုးကို ရွေးချယ်မလဲ။
တကယ်ပဲ နိုင်ငံနဲ့ ပြည်သူ အကျိုးဆောင်ရွက်ချင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုလည်း ရှိမယ်။ ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ စိတ်ဆန္ဒရှိတဲ့သူ၊ ဒီမိုကရေစီစနစ် ဖက်ဒရယ်ပြည် ထောင်စုဖြစ်အောင် ဆောင်ရွက် နိုင်မယ့်သူ၊ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့ပြည်တွင်းမှာရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို တိုးတက်အောင်၊ ဈေးကွက်စီးပွားရေး တကယ်ဖြစ်အောင်လုပ်မယ့်ပုဂ္ဂိုလ်မျိုး၊ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို တကယ်ထမ်းဆောင်နိုင် တယ်ဆိုတဲ့ အာမခံချက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို ရွေးချယ်မယ်လို့ ရည်ရွယ်ထား တယ်။
ပါတီဥက္ကဋ္ဌ၏ အသက် - ၇၄ နှစ်
ပညာအရည်အချင်း - B.Sc (ရေနံရှာဖွေရေးအထူးပြုဘာသာရပ်)
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ - ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ရေနံမြေလုပ်သားသမဂ္ဂအတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သည်။ ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ခေါ်ခဲ့သည့်အ တွက် လုပ်သက် ၂၄နှစ်ရှိသည့် ဌာနလုပ်ငန်းကိုပစ်ပြီး ပါတီဝင်အဖြစ် ၀င်ရောက်လှုပ်ရှားခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ စမ်းချောင်းမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲအပြီး ဖမ်းဆီးခြင်းခံရကာ ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံရသည်။
လက်ရှိအလုပ်အကိုင် - မရှိ
စံပြပုဂ္ဂိုလ် - ဦးကြည်မောင် (ဗိုလ်မှူးကြီးဟောင်း)
ဆက်သွယ်ရန်လိပ်စာ - အမှတ် (၄၇)၊ ပထမထပ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအ၀ိုင်း အနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၉-၅၀၅၉၆၄၀
__http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။