Miss Gand International 2013 ထားထက်ထက်နှင့် အင်တာဗျူး

ဧရာဝတီ| August 24, 2015
ပရဟိတ, ထားထက်ထက်,
မြန်မာနိုင်ငံ အနှံ့အပြား ရေဘေးအန္တရာယ် ကြုံတွေ့နေရသူ အများအပြား ရှိနေပါတယ်။ ရေကြီးမှုကြောင့် လိုအပ်နေတဲ့ အစားအသောက်၊ ကျန်းမာရေး ဆေးဝါး လိုအပ်တဲ့ အသုံးအဆောင်များ လိုအပ်နေပါတယ်။ အဲဒီလို လိုအပ်နေတဲ့ နေရာများ အတွက် လိုက်လံအလှူခံပြီး သွားရောက်လှူဒါန်းကြတဲ့ ပရဟိတ အဖွဲ့များစွာလည်း ပေါ်ထွက်လာပါတယ်။ ဒါဟာ တကယ်တမ်း ဘေးအအန္တရာယ်ဖြစ်တဲ့ အခါ ကိုယ့်နိုင်ငံသား အချင်းချင်း ကြည့်မနေနိုင်တဲ့ ပရဟိတ စိတ်ဓာတ် တွေကြောင့်ပါပဲ။ အဲဒီလိုအလှူခံပြီး လိုအပ်တဲ့ နေရာတွေမှာ သွားရောက်လှူဒါန်းနိုင်ဖို့ အတွက်  အနုပညာရှင်များစွာ ကလည်း ကိုယ်တတ်နိုင်တဲ့ ဘက်၊ တထောင့် တနေရာကနေ ပါဝင်လာကြပါတယ်။

ဒီလို ပါဝင်ကူညီကြသူများထဲမှာMiss Gand International 2013 လည်းဖြစ်၊ ပရဟိတ လုပ်ငန်းများမှာ စိတ်အားထက်သန်သူ တယောက်ဖြစ်တဲ့ ထားထက်ထက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အခုလက်ရှိ ရေဘေးသင့် ပြည်သူတွေကို ဘယ်လိုနေရာက ပါဝင်ပြီး ကူညီမှုမျိုး ပေးနေ လဲ၊ ပရဟိတ စိတ်ဓာတ်ဆိုတာ ဘယ်လိုနေရာမှာ ဘယ်လို စိတ်ဓာတ်မျိုးလဲ ဆိုတာနဲ့ ပတ်သက်လို့ ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ထားထက်ထက်ကို တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။    ။ ရေဘေးသင့် ပြည်သူတွေ အတွက် ထားထက်ထက် အနေနဲ့ ဘယ်လိုပါဝင် ကူညီမှုမျိုး ပေးနေတယ် ဆိုတာ ပြောပြပေးပါ။
ဖြေ။    ။ အခု ထက်ထက်တို့ ရေဘေးနဲ့ ပတ်သက်လို့ Online Donations Group  ဆိုတဲ့ အဖွဲ့ ရှိတယ်။ အဲဒီမှာက အနုပညာရှင်တွေလည်း ပါတယ်။ တခြားက အဖွဲ့အစည်းတွေလည်း ပါတယ်။ အဲဒီအဖွဲ့နဲ့ ထက်ထက်တို့ မြို့ထဲတွေမှာ အလှူငွေတွေ လိုက်ပြီးကောက်ခံနေတာ ရှိတယ်။ ပြည်သူတွေကလည်း အများကြီး လှူကြတယ်။ အလှူငွေ အဲဒီလောက် အများကြီးရမယ် လို့တောင် မထင်ဘူး ပေါ့။ ကိုယ်တိုင် လမ်းလျှောက်ပြီး အလှူငွေ ကောက်ခံရတာ ပင်ပန်းပေမယ့် ပင်ပန်းတယ် လို့တောင် မထင်ရဘူး ပေါ့။ အရမ်းလည်း ဝမ်းသာရပါတယ်။ ထက်ထက်တို့ ၂ ရက်တည်း ရှိသေးတယ် အလှူငွေ ကောက်ခံတာ သိန်း ၂၆၀ လောက်ရတယ်။ အဲဒီလိုဆိုတော့ အရမ်းဝမ်းသာတယ်။
မေး။    ။ ဒီလိုမျိုးနေရာမှာ အနုပညာရှင်တွေ ပါဝင်ပြီး ကူညီပေးမှုက ဘယ်လိုမျိုး ပိုပြီး ထိရောက်မှု ရှိတယ်လို့ ထားထက်ထက်က ပြောပြချင်လဲ။
ဖြေ။    ။ အနုပညာရှင်တွေတောင် ပါဝင်ကြတယ် ဆိုတော့ သူတို့လည်း ပါဝင်ကြမယ် ဆိုပြီး တတပ်တအား ပိုပြီး ပါဝင် လှူဒါန်းကြတယ် လေ။ အနုပညာရှင်တွေ လည်း မအားတဲ့ ကြားက လုပ်ပေးတယ် ဆိုတော့ သူတို့လည်း လိုက်လုပ်ချင်တယ် ဆိုပြီး လုပ်အားပေး လာကြတယ်။ အလှူငွေဆိုရင်လည်း များများထည့် ပေးကြတယ်။
မေး။    ။ အခုလို ပြည်သူတွေ ရေဘေးသင့်နေတဲ့ အပေါ်မှာရော ဘယ်လိုမျိုး ကရုဏာသက်မိတာ ဖြစ်မိလဲ။ ခံစားချက်က ဘယ်လိုရှိလဲ။
ဖြေ။    ။ ဓာတ်ပုံတွေကို ကြည့်လိုက်ရတဲ့ အချိန်မှာပဲ တော်တော်ကို စိတ်မကောင်း ဖြစ်ရတယ်။ လူရော၊ အိမ်ခြေ ရောက နည်းနည်းနောနောမှ မဟုတ်တာလေ။ တိုင်းဒေသကြီး တော်တော်မှာ ဖြစ်နေတာလေ။ တကယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်နေတာလေ။ မနေ့ကဆိုရင် ရန်ကုန်က ဗိုလ်တထောင် ကမ်းနားဘက်မှာ ရေတွေ အများကြီး ဝင်လာတယ် ဆိုတော့ ဒါက မြန်မာနိုင်ငံ အထက်ပိုင်း ဖြစ်နေပေမယ့် အောက်ပိုင်းဘက်ကိုလည်း ရောက်လာ နိုင်တာပဲ လေ။ ဒါမျိုးလည်း တခါမှ မကြုံဖူးဘူးလေ။ ဓာတ်ပုံတွေ ကြည့်ရတာနဲ့တင် ထက်ထက်တို့က တကယ် စိတ် မကောင်းဖြစ်ရတယ်လေ။ မိသားစုတွေ ဝေးတဲ့သူ တွေရှိသလို၊ လူအသေအပျောက်တွေလည်း ရှိမှာပဲ လေ။ လူတင်မကဘဲ တိရစ္ဆာန်တွေပါ ဒီဘေးကနေ မနည်းလွတ်အောင် ပြေးကြရတယ်။ မလွတ်တဲ့သူတွေ လည်း ရှိမှာပဲ ဆိုပြီး ကိုယ်တိုင် ခံစားရသလို ခံစားရတယ်။ ရေဘေးဒုက္ခက တော်တော်လည်း ဆိုးတဲ့ အတွက် ကိုယ်ချင်းလည်း စာတယ်။ နောက်ပြီး အခုက ရေတင်မကဘဲ တခြား အအန္တရာယ်တွေကြောင့် ဒုက္ခရောက် ရတာတွေလည်း ရှိတယ် လေ။ တခြား အကောင်တွေလည်း ဂရုစိုက်ရတယ်။ မြင်နေရတော့ အရမ်း စိတ်မကောင်း ဖြစ်ရတယ်။
မေး။    ။ သွားလှူရင်ရော ကိုယ်တိုင် လိုက်သွားဖြစ်မှာ လား။ ဘယ်လို အစီအစဉ်နဲ့ သွားလှူကြမှာလဲ။
ဖြေ။    ။ ထက်ထက် နာရေးကူညီမှုအသင်းနဲ့ လိုက်ဖို့ ပြောထားတာတော့ ရှိတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ မိန်းကလေးအနေနဲ့ လိုက်သွားဖို့ အဆင် မပြေတဲ့ နေရာလေးတွေလည်း ရှိတယ်။ ဒါပေမယ့် လိုက်သွားချင်တဲ့ အတွက် ထက်ထက်လိုက်ဖို့ အဆင်ပြေတဲ့ နေရာတွေအထိ လိုက်သွားမှာ ပါ။ အခုဆို အလှူငွေ ကောက်ခံပေးမယ်။ ပြီးရင် ပဲခူးတိုင်း ဒေသကြီးအတွင်းမှာပဲ တခြားဒေသက ရေဘေးသင့် ဒုက္ခသည်တွေ အတွက် ဒုက္ခသည် စခန်းတွေ အများကြီး ဖွင့်ထား တာတွေ ရှိတယ်။ ပဲခူးမှာကလည်း ရေတော်တော် တက်နေပြီ ဆိုတော့ အဲဒီကိုလည်း သွားဖြစ် မလား မသိဘူး။ အဲဒီကို မသွားဖြစ်ရင်လည်း တခြားနေရာကိုတော့ ထက်ထက် ကိုယ်တိုင်သွားဖို့ ရှိပါတယ်။
 မေး။    ။ အဲဒီလို သွားရောက်ကူညီမှုတွေ ပေးတဲ့အခါ တကယ်ထိထိရောက်ရောက် ရှိဖို့ ဘယ်လိုကူညီမှုမျိုးတွေ ပေးဖို့ ပိုပြီး လုပ်ဆောင်သင့်တယ်လို့ မြင်မိလဲ။ ပြည်တွင်းကပဲ ထောက်ပံ့မှု ပေးတာက လုံလောက်မှု ရှိတယ် လို့ မြင်မိလား။ တခြားက ကူညီမှုတွေလာဖို့ရော ဘယ်လိုမျှော်လင့်မိလဲ။
ဖြေ။    ။ တခြားက အကူအညီ လာလား၊ မလာလား ဆိုတာကတော့ သူတို့ဘက်က Information  အတိအကျ မရသေးတာလည်း ဖြစ်နိုင်တယ်။ ရလို့ ရှိရင် တော့ နိုင်ငံတကာရဲ့ အကူအညီကိုတော့ လိုအပ်ရင်တော့ ယူရမှာပေါ့။ သူတို့ လာတော့ တကယ် ဒုက္ခ ရောက်နေတဲ့သူတွေ အတွက် ပိုပြီးတော့ အထောက်အပံ့ ဖြစ်စေတယ်လေ။ ကိုယ့် မြန်မာနိုင်ငံအတွင်းက နိုင်ငံသား အချင်းချင်းလည်း ကူညီနေကြတာပဲ လေ။ ဒါပေမယ့် ဒီလိုကူညီနေတဲ့ သူတွေဆီကို ရော ဒီလို ဒုက္ခတွေက မရောက်လာဘူးလို့ ပြောလို့တော့ မရဘူး ပေါ့။ နိုင်ငံတကာ အကူအညီကို ယူသင့်ရင်လည်း ယူရမှာပေါ့။ အခု ထက်ထက် မြင်နေရတာ ထိုင်းဘက်ကလည်း မြန်မာနိုင်ငံကို အကူအညီ ပေးနေတာတွေ ရှိတယ် လေ။ ဒီလိုအကူအညီ ရတယ် ဆိုရင်ပဲ ဒါက ဝမ်းသာစရာပဲလေ။
မေး။    ။ ပရဟိတစိတ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာကြောင့် ရှိသင့်တယ် ဆိုတာ ထားထက်ထက် အမြင်ကိုလည်း သိချင်ပါ တယ်။
ဖြေ။    ။ ပရဟိတစိတ်ဆိုတာ လူတိုင်းမှာ ရှိရင်တော့ အကောင်းဆုံးပဲ ပေါ့။ နောက်ပြီး စောစောက ထက်ထက် ပြောသလိုပေါ့..၊ ပိုက်ဆံလှူလိုက်မှ ပရဟိတ မဟုတ်ဘူး။ အဓိက ပရဟိတစိတ်ဆိုတာ ဘာကို အရင်းခံလဲဆိုတော့ ကိုယ်ချင်းစာစိတ် ပေါ့။ သူ့နေရာ မှာ ကိုယ်သာဆိုတဲ့ စိတ်လေးပေါ့။ မိဘမဲ့ကလေးတွေ ရှိတယ်၊ တကယ် ဒုက္ခရောက် နေတဲ့ ကလေးတွေ ရှိတယ်။ အဘိုးအဘွားတွေ ရှိတယ်။ အဘိုးအဘွား နေရာဆိုရင်လည်း ကိုယ့်မိဘ အဘိုးအဘွား သာဆိုရင် ကလေးနေရာမှာလည်း အဲဒီကလေးသာ ကိုယ်သာ ဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးက အရေးကြီးတာ ပေါ့။ ကိုယ်ချင်းစာစိတ်ရှိရင် လူတဦးကို တဦးက ကူညီချင်စိတ် ရှိမှာပဲလေ။ အတ္တဟိတ၊ ပရဟိတ ဆိုတာ ရှိပါတယ်။ အတ္တဟိတ ရှိမှ ပရဟိတကို လုပ်နိုင်မှာ၊ ဒါမှန်တယ်။ ဒါပေမယ့် အတ္တဟိတကို အများကြီး လုပ်ပြီးမှ ပရဟိတကို လုပ်မယ်လို့ စိတ်ကူးလို့တော့ မရဘူးပေါ့။ ကိုယ့်မှာ အများကြီး မရှိရင်တောင် ရှိသလောက်လေးကိုပဲ လှူလို့ရတယ် လေ။ အဓိက ကိုယ်ချင်းစာစိတ်လေး ရှိဖို့ လိုပါတယ်။
မေး။    ။ ထားထက်ထက် ပြောသလို ငွေကြေးရှိတဲ့သူက လှူကြသလို၊ ပရဟိတစိတ် ရှိပြီး ဒါကိုပဲ စိတ်ဝင်တစား လုပ်နေကြတဲ့ လူငယ်တွေကိုရော ဘယ်လိုများ မြင်ပါလဲ။
ဖြေ။    ။ အဲဒီလိုသူတွေ တွေ့ရင်လည်း အရမ်း ဝမ်းသာပါ တယ်။ တခါတလေကျရင် ကိုယ်ကိုယ်တိုင်လည်း လေးစား အားကျရတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ အသက်အရွယ်နဲ့ မလိုက် တချို့ဆိုရင်လည်း ငယ်ငယ်လေးနဲ့ အရမ်း လုပ်နိုင်ကြတယ် လေ။ တချို့ ဆိုရင် ကျောင်းတက်နေရင်းနဲ့လည်း လုပ်ကြတယ်။ တချို့ဆိုရင် ကျန်တာ အကုန် ပစ်ထားပြီး ဒီပရဟိတကိုပဲ လုပ်နိုင်ကြတယ်။ သူတို့ကို ကြည့်ပြီးတော့ ကိုယ်တိုင်လည်း လေးစားအတုယူရ တာတွေ ရှိတယ်။ ဒါကြောင့် သူတို့ကို ကိုယ်အားကျသလို တခြား လူငယ်တွေကလည်း စံပြအနေနဲ့ လေးစားအားကျ စေချင် တယ်။ ကိုယ်ကလည်း ကိုယ်တိုင် စံပြဖြစ်ရအောင် အမြဲကြိုးစားနေပါတယ်။ ထက်ထက် ကိုယ်တိုင်လည်း တလတခါ ပုံမှန် ဦးကျော်သူတို့ဆီ လုပ်အားသွားပေးတယ် လေ။
မေး။    ။ ပြည်တွင်းပြည်ပမှာ ဘယ်သူတွေကို လေးစား အားကျလဲ။
ဖြေ။    ။ ပြည်ပမှာဆိုရင် အကုန်လုံးလည်း သိနေကြတဲ့ အင်ဂျလီနာဂျိုလီ ပေါ့။ သူဆိုရင် သူ့ရဲ့ အက်ရှင်ကားတွေကို လည်း ထက်ထက် အရမ်းကြိုက်တယ်။ သူ့ရဲ့ Activity တွေလည်း ကြည့်ဖြစ်တယ်။ သူဆိုရင် သူ့မိသားစုကိုပါ ပစ်ထား ပြီးတော့ တကယ် လုပ်နိုင်တယ်လေ။ ပြည်တွင်းမှာ ဆိုရင်တော့ ဦးကျော်သူတို့ ပေါ့။ အစစအရာရာကို စွန့်လွှတ်ပြီး တော့ သူတို့ လုပ်နိုင်တယ် လေ။ ကိုယ့်အချိန်တွေ ဒီလိုမျိုးပေးပြီး လုပ်နိုင်ဖို့ ဆိုတာ မလွယ်ဘူးလေ။ ပရဟိတကို လုပ်ကြတဲ့ သူတွေ အကုန်လုံးကတော့ ထက်ထက် လေးစားရ တဲ့လူတွေပဲ ပေါ့။
မေး။    ။ ထားထက်ထက်ကို ဘယ်လို အနုပညာ လှုပ် ရှားမှုတွေမှာရော တွေ့မြင်ရဦးမလဲ၊ ပရဟိတတွေပဲ လုပ်ဖြစ် တော့မှာလား။
ဖြေ။    ။ ထက်ထက်ကတော့ နှစ်ဖက်စလုံးကို မျှပြီး လုပ်သွားမှာ ပါ။ ထက်ထက်က အနုပညာကိုလည်း ဝါသနာပါတဲ့ အတွက် အနုပညာဘက်ကနေ ကိုယ့်ရဲ့ ပရိသတ်ကို ကိုယ်ပေးနိုင်တဲ့ Message ကို ပေးခွင့် ရတယ် လေ။ အနုပညာ အလုပ်ကို လုပ်တဲ့ အတွက် အဲဒီကရတဲ့ဝင်ငွေ တချို့ကို ပရဟိတဘက်ကို ပြန်လှူဖြစ်တာပေါ့။ ဒါကြောင့် အနုပညာ အလုပ်ကိုလည်း ဆက်ပြီးလုပ်သွားဦးမှာပါ။    ။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။