ငြိမ်းဝေ (ကဗျာ့အိုးဝေ)| August 24, 2015

တကယ်တော့ ရန်ကုန်မှာ ဆယ်ရက်ကျော်လောက် မိုးအဆက်မပြတ်ရွာနေတဲ့အချိန်တုန်းကတည်းက ဒါမှ မဟုတ် ဟိုနေရာတစ ဒီနေရာတစ အနယ်နယ်အရပ်ရပ်မှာ ရေကြီးစပြုနေပြီဆိုတဲ့ သတင်းတွေ ကြားစပြုကတည်းက စေတုတ္တရာမြို့ကလေးကို ကျနော်သတိပြုနေသင့်တာပါ။
စေတုတ္တရာမြို့ရဲ့အထက်မှာ “မုန်းရေလှောင်တမံကြီး” ရှိပါတယ်။ စေတုတ္တရာမြို့ရဲ့အောက်မှာ“ကြီးအုံကြီးဝ” ရေ လှောင်တမံကြီးရှိပါတယ်။ မုန်းရေလှောင်တမံကြီးက “နွားမတောင်” နဲ့ “ကောင်းမြတ်တောင်”နှစ်ခုကြား ကျဉ်းမြောင်း တဲ့တောင်ကြားကိုပိတ်ပြီး ရေလှောင်တမံကြီးတည်ဆောက်ထားတာပါ။
အထူးသဖြင့် မုန်းရေလှောင်တမံကြီးက စေတုတ္တရာနဲ့ တမိုင်ပတ်ဝန်းကျင်အကွာ မြို့ထက်မြင့်တဲ့နေရာမှာ ရှိနေတာပါ။ ဒီတော့ကာ အခုလိုမိုးအဆက်မပြတ်ရွာသွန်းတယ်ဆိုရင်ပဲ ရေအားကိုမနိုင်လို့ ရေလွှဲပေါက်က ဖောက်ချတဲ့ရေ၊ ပြီး တော့ မြို့ကလေးရဲ့ဘေးက ပတ်ပတ်လည်ဝိုင်းနေတဲ့တောင်တန်းတွေပေါ်က ကျလာတဲ့ရေ၊အောက်က ကြီးအုံကြီးဝ ရေလှောင်တမံက တောင့်ထားတဲ့ရေနဲ့ပေါင်းမိပြီး စေတုတ္တရာမြို့ကလေး ရေကြီးနိုင်တယ်ဆိုတာ ကျနော်မတွေးမိခဲ့ပါ ဘူး။
လွန်ခဲ့တဲ့ ဇွန်လပိုင်းက အဲဒီစေတုတ္တရာမြို့ကို အလည်တစ်ခေါက်ရောက်ပါတယ်။ ခရီးသွားဆောင်းပါး ရေးချင်လို့က တကြောင်း၊ ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့မိတဲ့ မြို့တည်သက်တမ်း နှစ်ပေါင်း ၉၀၀ ကျော်ရှိနေတဲ့ ရှေးဟောင်း မြို့ကလေးဖြစ်တာကတကြောင်းကြောင့် အလည်သွားခဲ့တာပါ။ ဒီတုန်းက မြို့ရဲ့အထက်မှာ ဆည်ကြီးတခုရှိတယ်၊ မြို့က တောင်တွေပတ်လည်ဝိုင်းနေတယ်ဆိုတာရယ် ပတ်ဝန်းကျင်ရှုခင်းတွေ အင်မတန်လှတယ်ဆိုတာလောက်ပဲ သိ ခဲ့တဲ့ သာမာန်ဧည့်သည်တယောက်အဖို့ စေတုတ္တရာမြို့ကလေး ဒီရက်ပိုင်းအတွင်းမှာပဲ တမြို့လုံးနီးပါး ရေဘေးကြီး ကျရောက်လာတော့မယ်ဆိုတဲ့ ကြမ္မာဆိုးကြီးကို ဘယ်ကြိုတင်ပြီး သိနိုင်ပါ့မလဲ။ ဘယ်လိုလုပ်ပြီး ကြိုတင်ပြီး ခန့်မှန်း ထားနိုင်ပါ့မလဲ။
ဒါပေမယ့် မိုးတွေအဆက်မပြတ်ရွာ၊ အထက်မြန်မာပြည်မှာ ရေတွေကြီးစပြု၊ ဆည်တွေရေဖေါက်ချ နေရတဲ့ သတင်း တွေ ထွက်လာတော့မှ ရုတ်တရက်ဆိုသလို စေတုတ္တရာမြို့ကလေးကို ကျနော်စိတ်ပူလာခဲ့တာပါ။ တွေးမိလာခဲ့တာပါ။ ဒီလိုနဲ့ စေတုတ္တရာဘက်ကိုကျွမ်းကျင်တဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်တဲ့ ကိုနေမျိုး ကျော်ဆီကို ဖုန်းအကြိမ်ကြိမ်ဆက်ရတော့တာပေါ့။ စေတုတ္တရာက အသိမိတ်ဆွေဖြစ်သူ ကိုကျော်အောင်လွင်ဆီ ကို ဖုန်းအကြိမ်ကြိမ်ဆက်ရတော့တာပေါ့။ အဲသလို ဖုန်းဆက်ပြီးအခြေအနေတွေ စတင်မေးမြန်းမိတဲ့နေ့က ၂၇၊ ၇၊ ၂၀၁၅ ရက်နေ့။
ကိုကျော်အောင်လွင်ဆီကိုဖုန်းဆက်တယ်ဆိုပေမယ့် သူ့ခဗျာ မကြာမီရေကြီးလာနိုင်တယ်ဆိုတာ သေချာသလောက် ဖြစ်နေလေတော့ အချိန်မီ ရေဘေးလွတ်ရာ ပစ္စည်းတွေ လူတွေပြောင်းသင့်မပြောင်းသင့် စဉ်းစားချင့်ချိန်ရ၊ သတင်းမေး ရ၊ ဆည်ကြီးရဲ့အခြေအနေကို စောင့်ကြည့်ရ၊ ပတ်ဝန်းကျင်ကျေးရွာတွေဆီက သတင်းတွေနားထောင်ရနဲ့ မအားလပ် နိုင်အောင်အလုပ်ရှုပ်နေတော့ ဆယ်ခါလောက်ဖုန်းဆက်မှ တခါလောက်ပဲ ကျနော်နဲ့စကားပြောနိုင်တာပါ။ ပြောပြန် တော့လည်း ကသုတ်ကရက်ပြောကြရတာပါ။
ကျနော်ကလည်း ပြောမယ့်သာပြော မေးမယ့်သာမေးနေရတာ စိတ်ပူလို့သာမေးနေရတာ သေရေးရှင်ရေးတမျှ အလုပ် ရှုပ်နေတဲ့သူ့ကိုလည်း အားနာဆိုတော့ ခဏခဏမေးလို့ကလည်း မကောင်းဘူးပေါ့။ သူကလည်း အနယ်နယ် အရပ်ရပ် က လှမ်းမေးကြတဲ့ ရေသတင်းကို အချိန်ပြည့်လိုလို ပြန်ဖြေနေရဟန်တူပါတယ်။ အဲဒီ ၂၈၊ ၇၊၂၀၁၅ နေ့အထိ သူက ဒီလောက်ကြီးမစိုးရိမ်ရလောက်သေးပါဘူးလို့ သူထင်တဲ့အကြောင်းကိုပဲ တိုတိုတုတ်တုတ်ပြောပါတယ်။ ဘယ်နေရာမှာ ဘာတွေဖြစ်နေပြီ ရေကဘယ်လောက်အထိရောက်နေပြီဆိုတာမျိုးကိုလည်းမပြောတော့ ကျနော့် စိတ်ထဲ နည်းနည်း တော့ အေးရတာပေါ့။
ဒါပေမယ့် အဲဒီနေ့တနေ့လုံး အိပ်ရာထဲဝင်တဲ့အထိ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်က ရေကြီးခြင်းသတင်း တွေကို အချိန်ပြည့်စောင့်ကြည့်နေခဲ့မိတယ်။ ၂၈၊ ၇၊ ၂၀၁၅ နေ့ နေ့လယ်ပိုင်းမှာ ကိုကျော်အောင်လွင်နဲ့ ဖုန်းတခါရ တယ်။ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေ အမျိုးသမီးတွေကိုတော့ ရေဘးလွတ်မယ်ထင်တဲ့နေရာတွေဆီ ပို့ထား ကြရပြီ၊ ရပ်ကွက်တွေထဲ ရေ၀င်နေပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။
အဲသလိုနဲ့ ၂၉၊ ၇၊ ၂၀၁၅ နေ့ကြတော့ ကိုကျော်အောင်လွင်ကို ဖုန်းဆက်သွယ်လို့မရ ဖြစ်တော့တာပါပဲ။ ဘယ်သူ့ ဖေ့ ဘုတ်စာမျက်နှာရယ်လို့လည်း မမှတ်မိတော့ပါဘူး။ စိတ်တွေ ရုတ်တရက် လှုပ်ရှားပူပန်လာရလို့ အဲဒီ ဓာတ်ပုံလေးကို ကြည့်ပြီး နေလို့ထိုင်လို့မရလောက်အောင်ကိုဘဲ ဖြစ်လာရတယ်။ စကုမြို့က ကိုနေမျိုးကျော်ဆီဖုံးဆက်တော့လည်း ဘာမှဒီထက်သတင်းမထူးသေးဘူးဆိုတာလောက်ပဲသိရတယ်ဆိုပေမယ့် အဲဒီ ကျနော်တွေ့လိုက်ရတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး စေတုတ္တရာမြို့ကလေးဟာဖြင့် မလွဲမုချ ရေဘေးကြီးကျရောက်နေလောက်ပြီဆိုတာ ကောင်းကောင်းကြီး သိ လိုက်ရပါတယ်။
အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်က စေတုတ္တရာသတင်းမေးသူတွေ၊ နောက်ဆုံးသတင်းတင်သူတွေကို နေရာအနှံ့ လိုက်ဖတ်ပြန်တော့လည်း ကိုယ်သိထားသလောက်ပဲသိကြတာ များနေပါတယ်။ အတည်ပြုလို့ရတဲ့အချက် ကတော့ စေတုတ္တရာမြို့ကလေးနဲ့ပြင်ပကမ္ဘာကြီး အဆက်အသွယ်စတင်ပြတ်တောက်သွားပြီဆိုတဲ့ အချက်ပါပဲ။
ဖေ့ဘုတ်က မိန်းကလေးတယောက်က ကျနော့်ဆီကို ချက်ဘောက်ကတဆင့် စေတုတ္တရာနဲ့ ဆက်သွယ်လို့ရနိုင်သေး တဲ့ တယ်လီဖုန်းနံပါတ် နှစ်ခုပေးပါတယ်။ ဒီဖုန်းနံပါတ်တွေဟာ စေတုတ္တရာမြို့ ဆက်သွယ်ရေးရုံးက နံပါတ်တွေပဲဖြစ် တယ်။ သူလည်း ဆက်လို့မရဘူး ဖုန်းဝင်ပေမယ့် မကိုင်ဘူးလို့လည်းပြောပါတယ်။ သူပေးတဲ့ဖုန်းနံပါတ်တွေကို ကျနော် လည်း အကြိမ်ကြိမ်ဆက်ပါတယ်။ ဖုန်းက အချိန်ပြည့် မအားဘူးဖြစ်နေတယ်။
ဒီလိုနဲ့ပဲ အင်တာနက်ကွန်ရက်စာမျက်နှာပေါ်မှာတွေ့လိုက်ရတဲ့ အဲဒီစေတုတ္တရာမြို့အ၀င်လမ်းကလေးပေါ် လေတွေ မိုးတွေ ကျနေတာ ရေတွေကြီးနေတဲ့ ဓာတ်ပုံလေးကို ငုံ့ကြည့်လိုက် ဆက်သွယ်မေးမြန်းလို့ရမယ်ထင်တဲ့ မိတ်ဆွေတွေ ဆီ ဖုန်းဆက်လိုက်နဲ့ပဲ ကျနော့်မှာ ယောက်ယက်ခတ်ဖြစ်နေပါတော့တယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း စေတုတ္တရာမြို့ကလေးကိုအလည်ရောက်စဉ်တုန်းက ကိုယ်တည်းခိုခဲ့ဖူးပြီး သိကျွမ်းခဲ့ရတဲ့ ကို ကျော်အောင်လွင်နဲ့ ကိုအောင်လွင်တို့မိသားစုတွေ ဘယ်လိုကြမ္မာမျိုးနဲ့များ ရင်ဆိုင်နေကြရပြီလဲ။ မြို့သူမြို့သားတွေ ရေဘေးက အချိန်မီလွတ်အောင် ရှောင်နိုင်ကြပါရဲ့လား။ ဒီကြားထဲ ကြီးအုံကြီးဝနဲ့ မုန်းရေလှောင်တမံတွေရဲ့သတင်း တွေကိုလည်း မရမက နေရာအနှံ့ လိုက်ရှာလိုက်ဖတ်။ စိုရိမ်ရေအမှတ်နား ရေတွေတရိပ်ရိပ်တက်လာနေတဲ့သတင်းနဲ့ ဒီအတိုင်းဆိုရင် မကြာခင် ဆည်တာတမံကြီးတွေပေါ် ရေကျော်ဖွယ်ရာရှိတဲ့ကြောင်း၊ သို့မဟုတ် ဆည်ကြီးများ ကျိုးကျ သွားနိုင်ဖွယ်ရှိကြောင်း ထင်ကြေးအမျိုးမျိုးပေးတဲ့သတင်းတွေကိုလည်း ဖတ်လာရပါတယ်။
ဖေ့ဘုတ်စာမျက်နှာတွေပေါ် ရေဘေးသတင်းတွေ တောနင်းပြီးလိုက်ရှာဖတ်ရင်းက သတင်းတပုဒ်ကို ကျနော်တွေ့ပါ တယ်။၂၈၊ ၇၊ ၂၀၁၅ နေ့စွဲနဲ့တင်လိုက်တဲ့သတင်းပါ။ စေတုတ္တရာအထက်က မုန်းရေလှောင်တမံကြီး အရေးပေါ် အခြေ အနေ ကြေညာဆိုပြီးတင်တာပါ။ ဒီကနေ့ည ၁၂ နာရီမတိုင်ခင်အတောအတွင်း စေတုတ္တရာမြို့က လူတွေဘေးလွတ် ရာ အမြန်ရှောင်တိမ်းကြဖို့ ကြေညာလိုက်ပြီဆိုတဲ့သတင်းပါ။
တမြို့လုံးမှောင်မည်းနေပြီး မိုးများလည်း သည်းထန်စွာ ရွာသွန်းနေတဲ့အကြောင်းနဲ့ မြို့ရဲ့ ငါးပုံလေးပုံဟာလည်း ရေတွေနစ်မြုပ်နေပြီဖြစ်ကြောင်း ဖတ်ရပါတော့တယ်။ မုန်းချောင်းဘေးတလျှောက် ကျေးရွာများနဲ့ ပွင့်ဖြူမြို့တွေ ရေဘေးကျရောက်တော့မှာဖြစ်ကြောင်း သတိပေးတဲ့စာတွေကိုလည်း ဖတ်လိုက်ရပါတယ်။
စေတုတ္တရာမြို့ကလေး တယ်လီဖုန်းလိုင်းများပြတ်တောက်သွားပြီးတဲ့နောက် ကျနော်စဉ်းစားတာက ကုန်းလမ်း ဆက်သွယ်ရေးအခြေအနေပါ။ ဒီလောက်ဆိုရင် စလင်းမြို့ကနေပဲဖြစ်ဖြစ် ပုသိမ်မုံရွာဘက်ကပဲဖြစ်ဖြစ်လာလို့ရတဲ့ ကားလမ်းတွေလည်း လမ်းရေကျော်တဲ့နေရာတွေမှာ ဖြတ်ကူးလို့ရနိုင်ပါဦးမလားလို့ စိတ်ပူလာမိပါတယ်။
အဆိုးဝါးဆုံးက စလင်းနဲ့ကံပြားရွာကြားက လက်ပံကျင်းချောင်း ကားလမ်းရေကျော်တဲ့နေရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လထဲ အဲဒီနေရာကို ကျနော်စီးလာတဲ့ကား ဖြတ်မောင်းတော့ ချောင်းရေက ဒူးဆစ်လောက်အထိ ရှိနေသေးတာပဲ။ ပြီးတော့ ကံပြားရွာနဲ့ စေတုတ္တရာကြား သုံးထပ်ကွေ့လို့ခေါ်တဲ့ အကွေ့အကောက် အတက်အဆင်းများတဲ့နေရာတွေ မှာ မလွဲမသွေ တောင်တွေပြိုပြီး လမ်းပိတ်ဆို့နေလောက်ပြီလို့လည်း တွေးမိလာပါတယ်။ ဒီကားလမ်း တခုတည်းသာ လျှင် စေတုတ္တရာကိုသွားလို့ရတဲ့လမ်းလည်းဖြစ်တော့ အကယ်၍သာ အဲဒီလမ်းပြတ် တောက်သွားပြီဆိုရင်ဆိုတဲ့ အတွေးက ကျနော့်ရင်ကို ပူလောင်သထက် ပူလောင်လာစေပါတော့တယ်။
၃၀၊ ၇၊ ၂၀၁၅ နေ့မှာကြတော့ မမျှော်လင့်ဘဲ မြတ်သူစိုးဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ စေတုတ္တရာမြို့အ၀င် စေတုတ္တရာနဲ့ပြင်ပကမ္ဘာ ကုန်းလမ်းဆက်သွယ်ရေးအသုံးပြုတဲ့ မုန်းချောင်းကူးတံတားကြီး ရေနစ်မြုပ်သွားပြီဆိုတဲ့ သတင်းကို ကျနော်ဖတ်ရပါတော့တယ်။ တံတားလက်ရမ်းမျှသာ ရေးရေးလေးမြင်ရတော့တဲ့ တံတားကြီးရဲ့ဓာတ်ပုံကို ကြည့်ပြီး အသက်ရှူမှားမတတ် စိတ်လှုပ်ရှားနေခဲ့မိပါတယ်။
အခုတော့ စေတုတ္တရာမြို့ကလေးဟာ တကယ့်ကို ပြင်ပကမ္ဘာကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါပြီ။ စေတုတ္တရာမြို့ကလူတွေ ဘယ်လိုအဖြစ်မျိုးတွေနဲ့များ ရင်ဆိုင်ကြုံတွေ့နေကြရပြီလဲ။ တယ်လီဖုန်းလိုင်းတွေ ပြတ် တောက်သွားခဲ့ပြီ။ တခုတည်းသော ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းလည်း ပျက်စီးသွားခဲ့ပြီ။ မြို့ရဲ့ငါးပုံ လေး ပုံက ရေမြုပ်သွားပြီ။ လျှပ်စစ်မီးတွေပြတ်တောက်သွားခဲ့ပြီ။ မိုးတွေသဲသဲမဲမဲရွာချနေတဲ့အောက် တမြို့လုံး မိုးမှောင်ကြီး ကျနေပြီ။
(၂)
စေတုတ္တရာမြို့ကို ပုဂံခေတ် ကျန်စစ်မင်းကြီးရဲ့သားတော် “မင်းသီရိခေတ္တရာ” က မြန်မာသက္ကရာဇ် ၄၆၀ပြည့် နှစ်တွင် တည်ခဲ့ပါတယ်။။ ထို့ကြောင့် မြို့တည်သက်တမ်းမှာ နှစ်ပေါင်း ၉၁၇ နှစ်ရှိပြီဖြစ်ပါတယ်။ မကွေးတိုင်းအတွင်း တွင်ရှိပြီး အနီးဆုံး စလင်းမြို့နှင့် ၃၆ မိုင်ကျော်ဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၂၀ ကျော် အမြင့်တွင် သာ ရှိသော်လည်း တောင်စဉ်အထပ်ထပ်ကိုကျော်လွှားပြီးမှသာ မြို့ကိုရောက်နိုင်ပါတယ်။။ ဘေးပတ်လည်မှာ တောင်များ ၀န်းရံထားလျက် စိမ်းလန်းသောသစ်တောကြီးများ ရံလျက်ရှိပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က မြို့ကလေးရဲ့အမည်နာမဖြစ်ပါတယ်။ ယခင်က “ဇေတုတ္တရာ”လို့အမည်တွင်ခဲ့ရာက နောင်မှာတော့ “စေတုတ္တရာ”ဆိုပြီး ပြောင်းလဲအမည်တွင်ခဲ့ပါတယ်။ သီဟဠအဘိဓာနက္ခရကျမ်းမှာတော့ စေတ၊ စေတ က ကိုယ့်ဘက်ပါအောင် မျှားတတ်သောငှက်လို့ တွေ့ရပါတယ်။ အဓိက ပင်မရပ်ကွက်ကြီး ၈ ရပ်ကွက်ရှိပါတယ်။ ကျေးရွာပေါင်း ၁၂၀ ခြံရံလျက်ရှိပါတယ်။ ရွာပေါင်း ၃၀ က မြန်မာလူမျိုးများနေထိုင်ကြပြီး ကျန်ကျေးရွာများက ချင်း လူမျိုးနွယ်စုများနေထိုင်ကြပါတယ်။ ပရဲထိုးသည့်ဓလေ့ ရှိနေသေးပါတယ်။
ခုတော့ နှစ်ပေါင်း ၉၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ လှပပြီး ရှေးဟောင်းမြို့ကလေး စေတုတ္တရာသည်ကား ရေဘေး ကြီးနှင့် ရင်ဆိုင်တိုးနေရပါပြီ။ ကူသူကယ်သူမဲ့စွာ သဘာဝဘေးဥပါဒ်အန္တရာယ်ကြီးကို ဖြတ်ကျော်နေရပြီ။ ကမ္ဘာကြီးနှင့် အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီ။
ကျနော် ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်နည်းနှင့်ဖြစ်ပါစေ စေတုတ္တရာမြို့ကလေးဆီ ကျနော် အရောက်သွားရပါလိမ့် မယ်။ ကိုယ်ကိုယ်တိုင်က ဘာမျှမဟုတ်သည့်တိုင် မိမိတတ်နိုင်သမျှသော စွမ်းအားဖြင့် စေတုတ္တရာမြို့ကလေးကို ကူညီကယ်ဆယ်မယ့် ကူညီကယ်ဆယ်ရေးလုပ်ငန်းကြီးအတွင်း ပြေးဝင်ကူညီတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆက်ရန်
ကိုးကား။ ။ ဦးစန္ဒိမာ(စလင်း)ရဲ့ သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ် စာအုပ်
http://burma.irrawaddy.org/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။