ရွှေတန်ချိန် ၃၀၀ ခန့် တင်ထားသည့် နာဇီရထား ပိုလန်တွင် ရှာတွေ



ဓာတ်ပုံ - ရိုက်တာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ လောက်က ရွှေတန်ချိန် ၃၀၀ လောက် အပြည့်အသိပ် တင်ဆောင်ထားတဲ့ နာဇီတွေရဲ့ ရထားတစင်းကို ရှေးဟောင်းရတနာသိုက်ရှာဖွေသူ ၂ ဦးက ပိုလန်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
သူတို့အနေနဲ့ ရတနာတွေ့ရှိရတဲ့ ရထားစက်ခေါင်းနေရာကို မပြောပြခင်မှာ အဲဒီထဲက ၁၀ ရာခိုင်နှုန်းကို ပေးစေချင်တာဖြစ်တယ်လို့ သူတို့ ၂ ယောက်ရဲ့ ကိုယ်စားလှယ် ရှေ့နေက ပိုလန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဝေါလ်ဘရစ်ဇက်ခ်ျမြို့မှာ ဒေသတွင်းအာဏာပိုင်တွေကို ပြောလိုက်တာပါ။
ဝေါလ်ဘရစ်ဇက်ခ်ျခရိုင်မှ ပြောရေးဆိုခွင့်ရှိသူ မရစ်ကာတိုကားစကာက သူတို့ပြောတာ အစစ်အမှန်ဖြစ်နိုင်ပြီး သူတို့အနေနဲ့ ဒီသတင်းအချက်အလက်တွေကို လျှို့ဝှက်ထားကြတာဖြစ်တယ်လို့ အေပီသတင်းဌာနကို ပြောပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေ အနေနဲ့ အဲဒီရထား တွေ့ရတဲ့နေရာကို ပြောနိုင်ပြီး  အမှန်တကယ်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်မယ်ဆိုရင် သူတို့ကို ဆုငွေချီးမြှင့်မယ်လို့ သဘောတူညီထားကြတာပါ။
ဒေသခံတွေရဲ့အဆိုအရ ဂျာမန်ရထားတစီးဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်မှာ သူ့ရဲ့ မိုင် ၄၀ ခရီးအဖြစ် ဆိုဗီယက်ပြည်ထောင်စု-ဂျာမန်-ဝေါလ်ဘရစ်ဇက်ခ်ျဆီ သွားခဲ့ချိန်မှာ ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တွေဟာ အဲဒီဒေသမှာ မြေအောက်တူးမြောင်းတွေ၊ ဗုံးခိုကျင်းတွေ၊ မြေအောက်သိုလှောင်ရုံတွေကို ဆက်သွယ်ရေးကွန်ရက်အတွက် တည်ဆောက်ခဲ့ကြတာပါ။
တကယ်လို့ ရွှေတွေပါဝင်တဲ့ ရထားကို တွေ့ရှိတယ်ဆိုရင် နာဇီတွေက ခိုးယူထားခဲ့တဲ့ အခြား တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေ၊ လျှို့ဝှက်စာရွက်စာတမ်းတွေပါ ပါနေနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ခရိုင်မြို့တော်ဝန်ကတော့ မီးသတ်သမားတွေ၊ ရဲတွေ၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အခြားတာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီး နောက်ဆုံး အဲဒီရထားကို တွေ့ရှိမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုဘေးကင်းကင်းနဲ့ တူးဖော်နိုင်မလဲဆိုတာကို အစည်းအဝေးတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ဒေသဆိုင်ရာသမိုင်းနဲ့ ရထားအကြောင်းရေးခဲ့တဲ့ စာရေးဆရာမ ဂျိုဟန်နာ လန်ပါစကာကတော့ ဒါဟာ ပရိယာယ်တခုသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ကျမတို့ဆီမှာ လွန်ခဲ့တဲ့နှစ်တွေတည်းက ဒီရထားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဘယ်မှာရှိတယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တာတွေဟာ ပုံပြင်ဇာတ်လမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ရှာတွေ့တာမရှိခဲ့ဖူးပါဘူး” လို့ အေပီသတင်းဌာနကို ပြောပါတယ်။
___DVB
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။