လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချခံရမှု အယူခံဝင်မည်ဟု ဦးရွှေမောင်ဆို

ရန်ကုန်၊ သြဂုတ် ၂၄

မွေးဖွားချိန်တွင် မိဘနှစ်ပါး နိုင်ငံသား မဟုတ်သောကြောင့် ကိုယ်စားလှယ်လောင်း လျှောက်ထားလွှာ ပယ်ချမှုကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင် ဖြေရှင်းမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း ဦးရွှေမောင်က The Voice သို့ ပြောကြားသည်။

ဦးရွှေမောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ်မှ နုတ်ထွက်ပြီးနောက် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သွင်းရာတွင် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“ကျွန်တော် ဒီကိစ္စကို အယူခံဝင်ဖို့ လုပ်နေပါတယ်၊ အခုလည်း အယူခံဝင်ဖို့အတွက် ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေပါတယ်၊ ဒီရက်ပိုင်းအတွင်း အယူခံဝင်မှာပါ” ဟု ၎င်းက ဆိုသည်။

ဦးရွှေမောင်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံခဲ့ပြီး လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

သို့သော်လည်း ဦးရွှေမောင်သည် သြဂုတ်လ ပထမပတ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အဖြစ်မှ တရားဝင်နုတ်ထွက်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဦးရွှေမောင်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိမရှိ စိစစ်ရာတွင် ၎င်းမွေးဖွားချိန်တွင် မိဘနှစ်ပါးသည် နိုင်ငံသားမဟုတ်ကြောင်း စိစစ်တွေ့ရှိရသောကြောင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချကြောင်း မောင်တော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၅) ပုဒ်မ ၁၀ ပုဒ်မခွဲ (င) တွင် ကိုယ်စားလှယ်လောင်းသည် ၎င်းမွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသားဖြစ်ပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

အလားတူ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၇) ပုဒ်မ ၂၆ တွင် ခရိုင်ကော်မရှင် အဖွဲ့ခွဲက ချမှတ်သော အမိန့်ကို မကျေနပ်သူသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲထံသို့ သတ်မှတ်ထားသည့်အတိုင်း အယူခံခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

http://www.thevoicemyanmar.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။